လောလောဆယ် သူပြောဆိုနေပုံတွေကတော့ ကြိုက်လောက်တဲ့ စကားလုံးတွေဖြစ်နေပါ
တယ်။ ငွေကို အာသာငမ်းငမ်းတက် မက်မော တဲ့ အသက် ၂၀ လူငယ်တစ်ယောက်မဟုတ်
ဘူးဆိုတဲ့ စကားမျိုးပေါ့။သူ့ကိုလီဗာပူးက တစ်ပတ်လုပ်ခပေါင်တစ်သိန်းနဲ့ စာချုပ်သစ် ချုပ်ဖို့
ကမ်းလှမ်းလာစဉ်မှာ ပြောခဲ့တဲ့စကားဖြစ်ပါတယ်။
သူဆိုတာက တခြားသူမဟုတ်ပါ ဘူး။ လီဗာပူးတောင်ပံသမား စတာလင်ဖြစ်ပါ တယ်။
သူဒီလိုပြောလိုက်လို့ လတ်တလော အနေအထားမှာ ဟီးရိုးတစ်ယောက်လိုဖြစ်ကောင်းဖြစ်နိုင်ပေမယ့်
မကြာသောအချိန်မှာ တော့ သူဟာ အခု သူပြောတဲ့စကားနဲ့ ညီပါ့ မလားဆိုတာ သံသယဖြစ်စရာ၊
စောင့်ကြည့် စရာဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီပြောစကားကို သေသေချာချာကြည့်လိုက်ရင်
တခြားသောသူတွေကိုသွားပြီး ထိခိုက်သွား တယ်ဆိုတာကိုတော့ သူသတိမထားမိဘူးထင်ပါတယ်။
ဖြေသိမ့်လို့ရတာက သူဟာအခုမှ အသက် ၂၀ ပဲရှိသေးတော့ ငယ်သေးလို့ပါလို့ ဖြေသိမ့်
ရမှာဖြစ်ပါတယ်။ တချို့ကျတော့လည်း အခုသူပြောတဲ့စကားပေါ်မှာ ၀ိုင်းပြီးဩဘာ
ပေးကောင်းပေးနေကြပါလိမ့်မယ်။ သေချာ တာကတော့ သူ့ ပြောစကား ဟာ အစွန်းမလွတ်
ဘူး ဖြစ် သွားတယ်ဆိုတာပဲ ဖြစ်ပါတယ်။ စတာလင်ဟာ လီဗာပူးရဲ့ ့့Home grown player
တော့ မဟုတ် ပါဘူး။ သူနဲ့ လီဗာပူးတို့ရဲ့ လက်ရှိစာချုပ် က ၂၀၁၇ အထိရှိထားပြီး အခု
တစ်ပတ်ကို ပေါင် ၃၅,၀၀၀ ရနေတဲ့သူဖြစ်ပါတယ်။ အခုသူ့ကို အာဆင်နယ်၊ ချယ်လ်ဆီး၊
မန်စီးတီး တို့က စိတ်ဝင်စားနေတဲ့အတွက် လီဗာပူးက ငါးနှစ် စာချုပ်သစ်ကို တစ်ပတ်လုပ်ခ
ပေါင် တစ်သိန်းနဲ့ ကမ်းလှမ်းတာဖြစ်ပါတယ်။
မနှစ်က စတာလင်ဘက်က စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းတာကို လီဗာပူးက ဆိုင်းငံ့ခဲ့လို့
အခု လီဗာပူးကမ်းလှမ်းချိန်မှာ သူကပြန်ပြီး ပယ်ချတာလားဆိုတာ စဉ်းစားစရာ ဖြစ်ပါ
တယ်။
သူက ရာသီကုန်အထိ အာရုံစိုက်ထား ချင်တယ်လို့ အကြောင်းပြထားပါတယ်။ "ငွေအကြောင်းထက် အောင်မြင်မှုအကြောင်းပဲအများကြီးပြောဖြစ်ပါတယ်တဲ့၊ ဒီလောက်
အထိ ဘာမှပြောစရာမရှိပါဘူး။ အိမ်တွေတစ်လုံးကနေ နှစ်လုံး၊ ကားတွေတစ်စီးပြီး
တစ်စီးပြောင်းဆိုတဲ့ စိတ်ကူးထက် ငါဘယ်လောက်အထိ အကောင်းဆုံးကစားနိုင်မလဲ
ဘဲ အာရုံစိုက်ထားပါတယ်"လို့ စတာလင်က ဆိုပါတယ်။ ဒီအပြောတွေကလည်း တခြား
သူတွေကို သွားပြီးထိခိုက်တဲ့စကားမျိုးဖြစ် တာကိုတော့ အခုအချိန်မှာ သတိထားမိလာ
နိုင်ပါတယ်။ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ရပ်တည်မှုကိုပြောတာမှန်ပေမယ့် ကိုယ်ရောက်
နေတဲ့နယ်ပယ်ပတ် ၀န်းကျင်အနေအထား ကို သက်ရောက်မှု ရှိမရှိကိုတော့ သတိထားရ
မှာပဲဖြစ်ပါတယ်။
သူ့အနေနဲ့ ဘရန်ဒန်ရော်ဂျာက လိုလိုချင်ချင်ဖြစ်လာမယ့်အပေါ်ကို စောင့်ဆိုင်း နေပုံရပါတယ်။
လီဗာပူးနဲ့ ကျူပီအာရ် ကစား တဲ့ပွဲမှာ သူဟာ ဦးစားပေးကစားခွင့်မရ တဲ့အတွက်တော့
ရော်ဂျာအပေါ်သံသယဖြစ်နေပုံ ရပါတယ်။ "ကျွန်တော်နဲ့ ဘရန်ဒန်တို့ ဆွေးနွေးဖို့ လိုပါတယ်။
ကျွန်တော့် ဆန္ဒတွေကို ပြောပြချင်ပါတယ်။ ဒီအတွက် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။
ကျွန်တော်လီဗာပူးရောက်ကတည်းက သူနဲ့ကျွန်တော့် ကြားမှာ ဘာပြဿနာမှမရှိပါဘူး။
ကျွန်တော်တိုးတက်ဖို့အတွက် အမြဲပဲကူညီပေးနေသူပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့
ဂျရတ်၊ ဆွာရက်ဇ်တို့လို ထိပ်တန်းကစားသမားတွေနဲ့တွဲပြီး အလုပ်လုပ်ချင်ပါတယ်။
ထိပ်တန်းသမားနှစ်ဦး လီဗာပူးက ကျောခိုင်းသွားတဲ့အတွက်တော့ စိတ်မကောင်းဖြစ်ရ
ပါတယ်။ ကျွန်တော်ထင်တယ်၊ လီဗာပူးကို နောက်ထပ် ထိပ်တန်းကစားသမားတွေ
ရောက်လာနိုင်ပါတယ်"ဆိုတဲ့အပြောတွေကတော့ သူဟာ သူ့ခြေစွမ်းပေါ်မှာအာရုံစိုက်
ထားတယ်ဆိုတာကတော့ ထင်ရှားပါတယ်။ စတာလင်ရဲ့ ခြေစွမ်းနဲ့ပတ်သက် လို့ကတော့
သူဟာ လက်ရှိ အသက်အနေအထားနဲ့ ယှဉ် ရင် အကောင်းဆုံးကစားနေသူဆိုတာကတော့
သံသယ ဖြစ်စရာမလိုပါဘူး။ အသက် ၂၀ အနေအထားခြေစွမ်းက နောက်နှစ်နှစ်လောက်ဆိုရင်
သူဟာ အခုထက်ကို ပိုကောင်းလာမယ့်အနေအထားမှာရှိနေ ပါတယ်။
ဒါကြောင့် သူ့ကိုစောင့်ကြည့်တဲ့ ထိပ်တန်းကလပ်တွေ ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ မြန်တယ်၊
အလိမ်အခေါက်က ထူးထူး ကဲကဲ ကောင်းတယ်။ ပံ့ပိုးမှု ကောင်းတယ်ဆိုတာ တွေက၊
သူ့အရည်အသွေးတွေပဲ ဖြစ်ပါတယ်။ အဆုံးသတ်ပိုင်းတွေမှာ အားနည်းနေတာတွေရှိပေမယ့်
အတွေ့အကြံု ပိုရှိလာတာနဲ့အမျှ ပိုပြီးတည်ငြိမ်လာမှာသေချာနေသူဖြစ်ပါတယ်။
ယမန်နှစ်က ဆွာရက်ဇ်၊ စတားရစ်ချ်၊ ဂျရတ်တို့နဲ့ ပွဲ အများအပြား ကစားလိုက်ရတဲ့ အတွေ့ အကြံုက
သူ့အတွက်တန်းဖိုးရှိတဲ့ နှစ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်လာနိုင်တဲ့
ဥရောပလူငယ် တွေထဲမှာ စတာလင်ဟာတစ်ဦးအပါ အဝင်ဖြစ်ပါတယ်။ ဒီအနေအထားတွေ
က ပေါင် ၃၅,၀၀၀ ရနေရာကနေ ပေါင်တစ်သိန်းအထိရောက်လာသူ ဖြစ်လာစေ
ခဲ့တာပဲဖြစ်ပါတယ်။ အခု သူဟာငွေအကြောင်းကို ပြောလိုက်တဲ့ အတွက်သူ့အနေနဲ့
တကယ် တမ်း စာချုပ်ချုပ်မယ်ဆိုရင်တော့ နောက်ထပ် လုပ်ခငွေ တိုးတောင်းဖို့က မလွယ် တော့ပါဘူး။ သူဟာစကား ကို အဆုံးထိ ပြောပစ်လိုက်တာ ကြောင့်ပါ။ လီဗာပူးက စာချုပ်သစ်ချုပ်ရင် ပေါင်တစ်သိန်းပဲ
ဖြစ်လာတော့မှာပါ။ တကယ် လို့ လီဗာပူးထက် ပိုပေးတဲ့ကလပ်ရှိလာရင် ရော သူဟာ
ဘယ်လိုဆုံးဖြတ်မှာလဲဆိုတာမေးစရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူး က ရောင်း
ထုတ်လိုက်ရင်တော့ သူဟာ ရွေ့ကို ရွေ့ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ သူပြောသလို အောင်မြင်မှုဆုဖလားတွေ ရယူချင်တယ်ဆိုရင်တော့ သူဟာ
လီဗာပူးကလပ်လောက်နဲ့တော့ ဖြစ် လာဖို့မလွယ်ပါဘူး။ ဒီထက်ကောင်းတဲ့ကလပ်ဆီကို
စွန့်စားထွက်ခွာသွားရမှာပဲ ဖြစ်ပါတယ်။ မန်စီးတီးဟာ လာမယ့်နွေရာသီ ရောက်ရင်
အသင်းကို အသစ်တည်ဆောက်ဖို့ရှိနေပြီး စတာလင်ဟာ သူတို့ရေဒါထဲမှာ ရှိနေသူ
တစ်ယောက်ပဲဖြစ်ပါတယ်။ ဘရန်ဒန်ရော်ဂျာဟာ ဒီနှစ်မှာ စတာလင် ကို အဓိကအားကိုးပြု
ကစားနေခဲ့တာပါ။ သူကိုယ်တိုင်ကဒီနှစ်မှာ ကြံ့ခိုင်မှု ပြည့်ဝနေခဲ့လို့ ပရီမီယာလိဂ် ၂၈ ပွဲမှာ
၂၇ ပွဲတောင် ကစားထားသူဖြစ်ပါတယ်။ သူကစားရတဲ့ပွဲတွေမှာ လီဗာပူးရဲ့ အနိုင်ရမှု
ရာခိုင်နှုန်းက ၅၀ ရှိထားခဲ့ပါတယ်။ ခြောက်ဂိုးသွင်းထားပြီး ဘောလုံးအပို့မှာ ၈၀
ရာခိုင်နှုန်း အောင်မြင်မှုရှိထားသူဖြစ်နေပါတယ်။ လီဗာပူးကစားသမားဟောင်း
မာ့ခ်လော်ရန်ဆင်ကတော့ စတာလင်ကိုအခုလို သတိပေးပြောဆိုလိုက် ပါတယ်။
"အသက်က ၂၀ ပဲရှိသေးတဲ့ အတွက် ရီးယဲလ်မက်ဒရစ်လို၊ ဘာစီလိုနာလို အသင်းတွေကို
ပြောင်းရွှေ့ဖို့ စိတ်မကူးပါနဲ့။ လီဗာပူးမှာ အခုထက်ပိုကောင်းတဲ့ ကြိုးစားမှု တွေ လုပ်နေ
သင့်တယ်"လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မာခ့်ရဲ့ သတိပေးစကားက သဘာဝကျပါတယ်။
ဒီလိုအရွယ်မျိုးနဲ့ အသင်းကြီး တွေကို ပြောင်းပြီး ဟိုရောက်တဲ့အခါ နေရာ မရဘဲ
တစ်ဖြည်းဖြည်းနဲ့ စိတ်ဓာတ်ပျက်ပြား သွားပြီး ဟိုရောက် ဒီရောက်ဖြစ်သွားတဲ့
ကစားသမားတွေက အများအပြားပဲဖြစ်ပါတယ်။ ဒီလိုပဲ မန်ယူကစားသမားဟောင်း
ပေါလ်စခိုးလ်ကလည်း စတာလင်အနေနဲ့ လီဗာပူးမှာပဲ ဆက်နေသင့်တယ်လို့ ပြောဆို
လိုက်ပြန်ပါတယ်။
"ဘရန်ဒန်က လီဗာပူးကို တည်ဆောက် ထားရာမှာ စတာလင်ဟာ အဓိကကစား
သမားနေရာနဲ့ တည်ဆောက်ထားတာပါ။ သီတင်းတစ်ပတ်ပြီးတစ်ပတ် လီဗာပူးမှာ
သူဟာ ကစားခွင့်ရနေတာက လက်ရှိ ဒီအသက် အရွယ်အရဆိုရင် များတောင်များနေတဲ့
အခွင့်အရေးဖြစ်ပါတယ်။ တကယ်လို့ တခြား ကလပ်ကို ပြောင်းသွားရင်တော့ ဒီအခွင့်
အရေးမျိုးက ရချင်မှ ရလာပါလိမ့်မယ်။ စတာလင်က ကစားသမားကောင်းပါ။
တစ်ယောက်ချင်းကို ကျော်ဖြတ်နိုင်ပေမယ့် ဂိုးသွင်းတဲ့အပိုင်း လိုနေသေးလို့ တခြား
ကလပ်ပြောင်းချင်ရင်တော့ သတိတော်တော် ထားရပါမယ်။ လီဗာပူးက အခွင့်အရေးမျိုး
ဆိုတာ မသေချာပါဘူး"လို့ သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
သူဟာ ငွေကို ငမ်းငမ်း တက်မက်မောသူမဟုတ်ဘူးလို့ ဆိုထားပေမယ့် သူဟာ
ပေါင်တစ်သိန်းထက်ပိုတဲ့ လုပ်ခလစာ ကို လိုချင်နေသူဖြစ်လာပါလိမ့်မယ်။ ဘရန်ဒန်
ရော်ဂျာရဲ့ ဖီလော်ဆိုဖီက လီဗာပူးကို လူငယ် တွေနဲ့ အသစ်တည်ဆောက်ပြောင်းလဲနေတဲ့
အတွက် သူဟာ လီဗာပူးရဲ့ မရှိမဖြစ်ကစားသမားဖြစ်နေတာကိုတော့ သတိပြုရမှာ
ဖြစ်ပါတယ်။ တကယ်လို့ လူငယ်ဆိုတာထက် အကောင်း ဆုံး ကစားနိုင်တဲ့ရှိသူ
ဦးစားပေးတဲ့ ကလပ်နဲ့တွေ့ရင်တော့ လီဗာပူးက အခွင့် အရေးမျိုးတော့ ရချင်ရလာမှာဖြစ်ပါတယ်။
သူ့ရဲ့ လက်ရှိခြေစွမ်းအောက်မှာ ထိပ်သီး ကလပ်တွေရဲ့ စောင့်ကြည့်တာခံရတဲ့အတွက် တော့
လီဗာပူးဟာ သူ့ကိုစာချုပ်သစ်ချုပ်လာနိုင်ဖွယ်ရှိပါတယ်။ လီဗာပူးမှာ မွေးထားရင် သုံးလေးနှစ်လောက်
ကြာတဲ့အခါမှာတော့ လီဗာပူးဟာ သူ့ကိုရောင်းထုတ်ကောင်းရောင်းသွားနိုင်ဖွယ်ရှိပါတယ်။
တစ်ခုရှိတာက ကစားသမားမွေးရတာကလည်း စွန့်စားရတဲ့ အနေအထားဖြစ်ပါတယ်။
လီဗာပူးဟာ ဆွာရက်ဇ်ကို အာဆင်နယ်က ကမ်းလှမ်းတုန်း က သူတို့ကဈေးပိုတောင်းတာကို
အာဆင်နယ် က သရော်သလိုလိုလုပ်ခဲ့လို့ ဆွာရက်ဇ်ကို မရောင်းဘဲ တစ်နှစ်ထားလိုက်တာ
ဈေးက အဆမတန်တက်သွားပြီး အမြတ်ထွက်သွား တဲ့ သာဓကတွေလည်းရှိထားတော့
စတာလင်ကိုလည်း ဆွာရက်ဇ်လို တစ်နှစ်လောက်တော့ အနည်းဆုံးထားသွားဖွယ်ရှိပါတယ်။
အဓိကကတော့ ကာယကံရှင် စတာလင်ပဲ ဖြစ်ပါတယ်။ အဲဗာတန်က ရော့ဒ်ဝဲလ် တစ်ယောက်
မန်စီးတီးကို ပြောင်းသွားပြီး နေရာပျောက်သွားတာ၊ ဆွမ်ဆီးက ဆင် ကလဲယား
တားနေတဲ့ကြားက မန်စီးတီးကို ပြောင်းသွားလို့ နေရာပျောက်သွားတာ တွေဖြစ်ခဲ့သလိုမျိုး
မဖြစ်ဖို့အတွက် စဉ်းစားချင့်ချိန်ရမယ့် အချိန်ကို ရောက်နေတယ်ဆိုတာ မေ့ထားလို့မရတဲ့
အခြေအနေလို့ ယူဆနေမိပါရဲ့...။















