လာမည့် ဇွန်လတွင် စင်ကာပူနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် (၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်
မြန်မာစကွက်ချ် ှဆကေျ့ အသင်းသည်ပထမဦးဆုံးအကြိမ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သော်
လည်း ကြေးတံဆိပ် ရယူနိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာ နိုင်ငံစကွက်ချ်အဖွဲ့ချုပ်၏
အထွေထွေအတွင်းရေးမှူးဒေါ်အေးအေးမော်က မြန်မာတိုင်း(မ်) ကိုပြောသည်။
"လာမယ့် စင်ကာပူဆီးဂိမ်းမှာ ကြေး တံဆိပ်ရယူနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါက
လွယ်တော့မလွယ်ပါဘူး။ ကျွန်မတို့ မြန်မာစကွက်ချ်အသင်းက ဖွဲ့စည်းထားတာလည်း
တစ်နှစ်လောက်ပဲရှိသေးတယ်လေ။ ပြီးတော့ ဆီးဂိမ်းမှာပြိုင်ရမယ့် ပြိုင်ဘက်တွေက
အာရှ အဆင့် အသင်းတွေပါ၀င်တယ်"ဟု ဒေါ်အေး အေးမော်ကပြောသည်။ အိမ်ရှင်စင်ကာပူနှင့်
မလေးရှားနိုင်ငံတို့ သည် အရှေ့တောင်အာရှတွင် စကွက်ချ်အားကစားနည်း အင်အားကြီးနိုင်ငံ
များဖြစ်ကြောင်း ဒေါ်အေးအေးမော်က ပြောသည်။ "အိမ်ရှင်စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေက
စကွက်ချ်ကစားသမားတွေက အာရှအဆင့်ပြိုင်ပွဲတွေမှာတောင် ချန်ပီယံတွေပါ။လွယ်ကူမှာ
မဟုတ်ပေမယ့် ကြေးတံဆိပ်ရရှိအောင် အကောင်းဆုံးကြိုးစားသွားပါမယ်"ဟု ပြောသည်။
ဆီးဂိမ်းအကြို ပြင်ဆင်မှုအနေဖြင့် ပြီးခဲ့ သည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၅ မတ်လတို့က
စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ် ခဲ့သော ဆီးဂိမ်းအကြို စကွက်ချ်ပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်
ခဲ့သည်။ "နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြံုရ အောင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကျွန်မတို့
ကစားသမားတွေလည်း အတွေ့အကြံုတော် တော်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲတွေမှာ အောင်မြင်မှု
ကြီးကြီးမားမားမရခဲ့ပေမယ့် တစ်ပွဲထက်တစ်ပွဲ အတွေ့အကြံုတွေ ပိုများလာတာကို တွေ့ရတယ်"
ဟု ပြောသည်။ မြန်မာနိုင်ငံသည် စကွက်ချ်အားကစား နည်းကို ယခုနှစ်ဆီးဂိမ်းပြိုင်ပွဲတွင်
ပထမ ဦးဆုံးအကြိမ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံစကွက်ချ်အဖွဲ့ချုပ်ကို
လည်း ဆီးဂိမ်းအတွက် ရည်ရွယ်၍ ၂၀၁၄ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ မြန်မာစကွက်ချ်အသင်းကို
မျိုးဆက်သစ် တင်းနစ်ကစားသမားများနှင့် ဖွဲ့စည်းထားပြီး ပြည်တွင်းနည်းပြနှစ်ဦးက
လေ့ကျင့်ပေးလျက်ရှိသည်။
အဆိုပါနည်းပြနှစ်ဦးသည် စင်ကာပူ နိုင်ငံတွင် စကွက်ချ်နည်းပြသင်တန်းကို တက်ရောက်ခဲ့
ကြသည်။ အသင်းကို အမျိုးသား အားကစားသမားလေးဦး၊ အမျိုး သမီးအားကစားသမား
လေးဦး စုစုပေါင်း ရှစ်ဦးဖြင့် လေ့ကျင့်ပေးလျက်ရှိပြီး ဆီးဂိမ်း တွင် အမျိုးသား သုံးဦး၊
အမျိုးသမီး သုံးဦး ဖြင့် ပြိုင်ပွဲအမျိုးအစား ငါးမျိုးကို ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
"ကျွန်မတို့အသင်းကို မျိုးဆက်သစ် တင်းနစ်အားကစားသမားလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။
စကွက်ချ်အားကစားနည်းက တင်းနစ်ကစားနည်းနဲ့ တော်တော်လေး နီးစပ် တယ်လေ။
ဒါကြောင့် လူငယ်တင်းနစ် အားကစားသမားတွေနဲ့ အသင်းကို ဖွဲ့စည်း ခဲ့တာပါ။ အခုတော့
စကွက်ချ်အားကစားကို လက်ရွေးစင်အဖြစ်ကစားရတယ်။
သူတို့ဟာ စကွက်ချ်အားကစားသမားတွေ အဖြစ်ပဲ ဆက်လက်ရပ်တည်သွားမှာပါ။ ဒီအသင်း
ကို ဆီးဂိမ်းပြီးသွားရင်လည်း ဆက်လက်လေ့ကျင့် ပေးထားပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ
၀င်ရောက် ယှဉ်ပြိုင်သွားမှာပါ။ လာမယ့် ၂၀၁၆ ခုနှစ် အတွင်းမှာ အာရှဖိတ်ခေါ် စကွက်ချ်ပြိုင်ပွဲ
ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားဖို့ စီစဉ်နေပါ တယ်"ဟု ဒေါ်အေးအေးမော်က ပြောသည်။
(၂၈)ကြိမ်မြောက် ဆီးဂိမ်း၏ စကွက်ချ် ပြိုင်ပွဲကို အိမ်ရှင်စင်ကာပူ၊ မလေးရှား၊ အင်ဒို နီးရှား၊
ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့က ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ထိုင်းနှင့်မြန်မာနိုင်ငံ
တို့သည် စကွက်ချ်အားကစားနည်းကို ပထမဦးဆုံးအကြိမ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။














