ခြေစမ်းပွဲတွင် မြန်မာ ယူ-၂၃ အသင်းက ယူ-၂၀ အသင်းကို အနိုင်ယူ

ခြေစမ်းပွဲတွင် မြန်မာ ယူ-၂၃ အသင်းက ယူ-၂၀ အသင်းကို အနိုင်ယူ

(၂၈)ကြိမ်မြောက် ဆီးဂိမ်းအတွက် ပြင်ဆင်လေ့ကျင့်နေသော မြန်မာ့လက်ရွေးစင် ယူ -၂၃
အသင်းနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မည့် မြန်မာ့လက်ရွေးစင် ယူ -၂၀ အသင်း တို့ ပြီးခဲ့သည့်
မေလ ၁၁ ရက်နေ့က သုဝဏ္ဏ ဘောလုံးကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ရာ ယူ-၂၃ အသင်းက
၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

လာမည့် မေလနှင့် ဇွန်လအတွင်း နိုင်ငံတကာပြိုင်ပွဲများဖြစ်သော ဆီးဂိမ်းနှင့်
ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သော အဆိုပါ လက်ရွေးစင်အသင်း
နှစ်သင်းသည် ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်သည်။
"ဒီပွဲလေးက နှစ်သင်းစလုံးအတွက် အလွန်အကျိုးရှိပါတယ်။ ကျွန်တော်တို့ ယူ-၂၃ အသင်းက
ပွဲငတ်နေတာလေ။ ဒီလိုပွဲလေး ကစားလိုက်ရတော့ ကစားသမားတွေအတွက် အကျိုးရှိပါတယ်"
ဟု မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းနည်းပြချုပ် ဦးကြည်လွင်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

အဆိုပါခြေစမ်းပွဲတွင် နှစ်သင်း စလုံး အရန်ကစားသမားအများစုကိုသာ ထည့်သွင်း
အသုံးပြုခဲ့ကြသည်။ မြန်မာ ယူ-၂၀ အသင်း၏ နည်းပြချုပ် မစ္စတာဂတ်ဆီဇီက "ဒီနေ့ပွဲမှာ
အရန်ကစား သမားတွေကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ အရန်ကစားသမားတွေကျွန်တော်
ဘယ်လောက်အထိ ကစားနိုင်လဲဆိုတာ ကြည့်ချင်တယ်။ အရန်ကစားသမားတွေရဲ့ ခြေစွမ်းကိုလည်း
သုံးသပ်ချင်လို့ပါ။ ကမ္ဘာ့ ဖလားမှာက အရန်အင်အားတောင့်တင်းဖို့ လိုတယ်လေ"ဟု
ပြောသည်။ "ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းရဲ့ အခြေအနေကို ကောင်းကောင်းမြင်ခဲ့ တယ်။
အသင်းရဲ့ ပုံစံက အရမ်း အကောင်း ကြီး မဟုတ်သေးတာ တွေ့ရတယ်။ ကမ္ဘာ့ ဖလားကို
ဒီပုံစံနဲ့သွားလို့မရသေးဘူး။ အဓိက ကစားသမားတွေနဲ့ သေချာပြင်ဆင်ပြီး ၀င်ရောက်ယှဉ်ပြိုင်ရမှာပါ။
ဟိုမှာတွေ့ရ မယ့် ပြိုင်ဘက်တွေရဲ့ ခြေစွမ်းက အရမ်း ကောင်းပါတယ်။ ပွဲက သုံးပတ်လောက်ပဲ
လိုတော့တယ် ဆိုပေမယ့် အသင်းကို အကောင်းဆုံးဖြစ်အောင် ဆက်လက် ပြင်ဆင်ရဦးမှာပါ"ဟု
ဂတ်ဆီဇီက ဆက်လက်ပြောသည်။

မြန်မာ ယူ-၂၀ အသင်းသည် မေလ ၃၀ ရက်နေ့မှ စတင်၍ နယူးဇီလန်နိုင်ငံ တွင် ကျင်းပပြုလုပ်
မည့် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားကို ၀င်ရောက်ယှဉ်ပြိုင် မည့် အသင်းဖြစ်သည်။ မြန်မာ
ယူ-၂၀ သည် ပြိုင်ပွဲ၏ အုပ်စု (က) တွင် အိမ်ရှင် နယူး ဇီလန်၊ အမေရိကန်၊
ယူကရိန်းအသင်းတို့နှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။ မြန်မာ ယူ-၂၃ အသင်းသည်
စင်ကာပူ နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်မြောက် ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်
မည်ဖြစ်သည်။ မြန်မာအသင်းသည် ဆီးဂိမ်း ပြိုင်ပွဲတွင် အုပ်စု(က)၌ အိမ်ရှင်စင်ကာပူ၊
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်
လျက်ရှိသည်။

ဆီးဂိမ်းပြိုင်ပွဲနှင့်ပတ်သက် ၍ ယူ-၂၃ အသင်း၏ နည်းပြချုပ်ဦးကြည်လွင်က
"ကျွန်တော်တို့အသင်း ပြင်ဆင် စရာတွေ အများကြီးလိုပါသေးတယ်။ နည်းပြအဖွဲ့နဲ့
ကစားသမားတွေ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းတယ်ဆိုရင် ကျွန်တော်တို့ ဆီးဂိမ်းမှာ
ဆုတံဆိပ်ရဖို့ မျှော်မှန်းပါတယ်။ ဘောလုံးဆိုတာ ဘာမဆို ဖြစ်နိုင်တယ်လေ"ဟု ပြောသည်။



ဖတ်ရှုမှုအများဆုံး