မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်၊ မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးအဖွဲ့ချုပ်နှင့်
မြဝတီဘဏ်တို့မှ ပူးပေါင်းကျင်းပသော ၂၀၁၅ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ
၏ ဒုတိယပွဲစဉ်ကို ပြီးခဲ့သည့် မေလ ရ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ပဲခူးမြို့၊ ဟံသာဝတီဂေါက်ကွင်း၌
ကျင်းပပြုလုပ်ခဲ့ရာ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွင် ဇော်ဇော်လတ်က ဗိုလ်စွဲခဲ့သည်။
ဇော်ဇော်လတ်သည် စုစုပေါင်းရိုက်ချက် ၂၇၉ ချက် (ကိုးချက်လျော့) ဖြင့် အနိုင်ရ
ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး အပျော်တမ်းအဆင့် ပြိုင်ပွဲတွင် ဇင်မင်းသူက ၂၈၄ ချက် (လေးချက် လျော့)ဖြင့်
လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ယဉ်မေမျိုးက စုစုပေါင်း ၂၂၅ ချက်ဖြင့်လည်းကောင်း
အသီးသီးဗိုလ်စွဲခဲ့ကြသည်။ ပြိုင်ပွဲတွင် ပရော်ဖက်ရှင်နယ်အဆင့်၊ အပျော်တမ်းအဆင့်၊
အမျိုးသမီးပြိုင်ပွဲ အမျိုးအစားများပါ၀င်ပြီး ဂေါက်သီးရိုက် အားကစားသမား စုစုပေါင်း ၁၂၀ ကျော်
ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
ပရော်ဖက်ရှင်နယ်အဆင့် ပြိုင်ပွဲတွင် ပထမရရှိခဲ့သော ဇော်ဇော်လတ်ကို ဆုကြေးငွေ
ကျပ်သိန်း ၃၀ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီးပြိုင်ပွဲနှင့် အပျော်တမ်းအဆင့် ပြိုင်ပွဲများတွင် ဂုဏ်ပြုဆုဖလားများ ပေးအပ်ခဲ့သည်။ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီး ရိုက်ပြိုင်ပွဲကို
ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီးမြို့တို့ တွင် ပွဲစဉ်ကိုးပွဲ
ကျင်းပသွားမည်ဖြစ်သည်။ တတိယပွဲစဉ်ကို ဇွန်လ ၂ ရက်နေ့မှ ၅ ရက် နေ့အထိ
ရန်ကုန်မြို့ တပ်မတော် ဂေါက်ကွင်း ၌ ကျင်းပသွားမည်ဖြစ်သည်။














