အာရှလူငယ်နပန်းပြိုင်ပွဲ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

အာရှလူငယ်နပန်းပြိုင်ပွဲ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

၂၀၁၅ အာရှလူငယ်နပန်းပြိုင်ပွဲကို လာမည့် ဇူလိုင် ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံတွင်
အိမ်ရှင်အဖြစ် လက်ခံကျင်းပသွား မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် ပထမဦးဆုံးအကြိမ်လက်ခံကျင်းပ ခြင်းဖြစ်ပြီး
နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ မိုးလုံ လေလုံအားကစားရုံကြီးတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

"ကျွန်မတို့နိုင်ငံမှာ အာရှအဆင့်ပြိုင်ပွဲကြီး ကို ပထမဦးဆုံးအကြိမ် လက်ခံကျင်းပသွား မှာပါ။
ပြိုင်ပွဲမှာ ပါ၀င်နိုင်ဖို့အတွက် အာရှ နိုင်ငံပေါင်း ၃၃ နိုင်ငံကို ဖိတ်ခေါ်ထားပါ တယ်။
အာဆီယံဒေသတွင်းနိုင်ငံတွေက လည်း ၀င်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ဘရူနိုင်း နဲ့
မလေးရှားနိုင်ငံတွေကလွဲရင် ကျန်တဲ့ နိုင်ငံတွေက ၀င်ရောက်ယှဉ်ပြိုင်ဖို့ သဘောတူ
ထားပါတယ်"ဟု မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ မမိုးစန္ဒီအောင်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

လက်ရှိအချိန်တွင် နပန်းအားကစား သမား ၂၀ ခန့်ကို တူရကီနည်းပြနှစ်ဦးနှင့်
မြန်မာနည်းပြ နှစ်ဦးတို့က စခန်းသွင်းလေ့ကျင့် ပေးလျက်ရှိပြီး ပြိုင်ပွဲတွင်
အမျိုးသားလေးဦး နှင့် အမျိုးသမီးတစ်ဦးတို့က ၀င်ရောက်ယှဉ်ပြိုင် ရန် ရည်ရွယ်ထားသည်။
"ပဏာမကစားသမား ၂၀ လောက်ကို စခန်းသွင်း လေ့ကျင့်ပေးထားပါတယ်။ ပြိုင်ပွဲ မှာ
အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးကို ၀င်ရောက်ယှဉ်ပြိုင်စေဖို့ စီစဉ်ထားတယ်။
ထပ်တိုးရင်လည်း တိုးနိုင်ပါတယ်။ လောလော ဆယ်တော့ ငါးဦးကို ရည်ရွယ်ထားတာပါ"ဟု
ပြောသည်။ ပြိုင်ပွဲတွင် အာရှနိုင်ငံပေါင်း ၃၀ ကျော်မှ နပန်းအားကစားသမား
၂၀၀ ကျော်ခန့်ဝင်ရောက် ယှဉ်ပြိုင်ရန် မျှော်မှန်းထားသည်။

အာရှအဆင့်လူငယ်ပြိုင်ပွဲကို မြန်မာနိုင်ငံ တွင် ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်သော် လည်း
မြန်မာလူငယ် နပန်းကစားသမားများ အတွက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲမဟုတ်ကြောင်း
မမိုးစန္ဒီအောင်က ပြောသည်။ "ပြီးခဲ့တဲ့ ဧပြီလက ထိုင်းနိုင်ငံမှာ ကျင်းပ ခဲ့တဲ့
2015 Asian Junior and Cadet Championships ပြိုင်ပွဲကိုလည်း မြန်မာ နိုင်ငံက
လူငယ်ကစားသမားတွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံက
ငွေတံဆိပ် တစ်ခုနဲ့ ကြေးတံဆိပ် နှစ်ခု ရခဲ့ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာ နိုင်ငံက
အားကစားသမား ခြောက်ဦးနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ခြောက်ဦးမှာ သုံးဦးက
ဆုတံဆိပ်ရတယ်ဆိုတော့ မြန်မာလူငယ်ကစားသမားတွေက အရည်အချင်း ရှိလို့ပါ။
ပြီးခဲ့တဲ့ အင်ချွန်းအာရှ အားကစားပြိုင်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့တော့ နိုင်ငံတကာ
ပြိုင်ပွဲအတွေ့အကြံုတွေက ကစားသမားတွေဆီမှာ ရှိနေပါပြီ။ လာမယ့် ပြိုင်ပွဲမှာလည်း
ရွှေတံဆိပ်ရယူနိုင်ဖို့ မျှော်မှန်း ပါတယ်။ ရရှိအောင်လည်း ကြိုးစားသွားမှာပါ"ဟု ပြောသည်။
အဆိုပါ ၂၀၁၅ အာရှလူငယ်နပန်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ရွှေ၊ ငွေ၊ ကြေး
ဆုတံဆိပ်များကို ချီးမြှင့်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်က မြန်မာကစားသမားများ
အတွက် ရွှေတံဆိပ်ရလျှင် အမေ ရိကန် ဒေါ်လာ ၁၀,၀၀၀၊ ငွေတံဆိပ်ရလျှင်
အမေရိကန် ဒေါ်လာ ၅,၀၀၀၊ ကြေးတံဆိပ် ရလျှင် အမေရိကန် ဒေါ်လာ ၃,၀၀၀ ထပ်မံ
ချီးမြှင့်သွားမည်ဖြစ်သည်။ မြန်မာနပန်းအသင်းသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က
မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သော (၂၇)ကြိမ်မြောက်
ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် ခြောက်ခုတို့ကို
ဆွတ်ခူးနိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး