အမျိုးသား အသက်-၂၃ နှစ်အောက် အာရှဘော်လီဘော ချန်ပီယံရှစ်ပြိုင်ပွဲကို မေလ ၁၂ ရက်နေ့မှ
၂၀ ရက်အထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပပြုလုပ်လျက် ရှိရာ
အိမ်ရှင် မြန်မာ ယူ-၂၃ ဘော်လီဘော အသင်းသည် ကွာတားဖိုင်နယ်တွင် တရုတ်
အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့သော်လည်း အဆင့်(၅)နေရာတွင်
ရပ်တည်နိုင်ရန် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် လက်ခံကျင်းပသော အာရှ ယူ-၂၃ ဘော်လီဘော
ချန်ပီယံရှစ်ပြိုင်ပွဲတွင် အာရှ နိုင်ငံပေါင်း ၁၆ နိုင်ငံက အသင်းများက အုပ်စု လေးခုခွဲ၍
ယှဉ်ပြိုင်ကစားလျက်ရှိသည်။ အိမ်ရှင် မြန်မာအသင်းသည် အုပ်စု (က) တွင် ထိုင်း၊
မော်လ်ဒိုက်၊ ဆော်ဒီအာရေဗျ အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက် ခဲ့ပြီး
အုပ်စုပွဲစဉ် သုံးပွဲစလုံးကို အနိုင်ရရှိ ခဲ့သည်။
ကွာတားဖိုင်နယ်တွင် တရုတ်အသင်းကို ၃-၁ (၂၅-၂၁၊ ၂၅-၁၄၊ ၂၁-၂၅၊ ၂၅-၂၂)ဖြင့်
ရှုံးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ရ သော်လည်း အဆင့်ရပ်တည်မှုအတွက်
ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ တရုတ်၊ တောင်ကိုရီးယား၊ အီရန်နှင့် တရုတ်(တိုင်ပေ)
အသင်းတို့ တက်ရောက်သွားခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်တွင် ရှုံးနိမ့်ခဲ့သော အိမ်ရှင်မြန်မာ၊
ထိုင်း၊ ဂျပန်နှင့် အိန္ဒိယ အသင်းတို့သည် အဆင့်(၅)မှ အဆင့်(၈) နေရာအတွက်
ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာအသင်းသည် ထိုင်းအသင်းကို (၂၅-၂၃၊ ၂၅-၂၀၊ ၂၅-၂၂) သုံးပွဲပြတ်ဖြင့်
ထပ်မံအနိုင်ရရှိခဲ့သော်ကြောင့် ဂျပန်ဪ အိန္ဒိယပွဲစဉ်မှ အနိုင်ရသောအသင်းနှင့်
အဆင့် (၅)နေရာအတွက် မေလ ၂၀ ရက်နေ့ တွင် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ချန်ပီယံ အသင်းနှင့် ဒုတိယရအသင်းနှစ်သင်းတို့သည် လာမည့်
ဩဂုတ်လတွင် ယူအေအီးနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ယူ-၂၃ ကမ္ဘာ့ဖလား
ဘော်လီဘောပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရ မည်ဖြစ်သည်။
"ဒီပြိုင်ပွဲကြီးကို စတင်ကျင်းပကတည်း က ကျွန်တော်တို့ရဲ့ ပထမရည်ရွယ်ချက်က
အဆင့်(၈)အတွင်း ၀င်နိုင်ဖို့ပါ။ အခုပထမ ရည်ရွယ်ချက်တော့ အောင်မြင်သွားပြီ
ဆိုတော့ နောက်ထပ်လာမယ့် တစ်ပွဲချင်းကို သေချာအာရုံစိုက်ပြီး ပြင်ဆင်ယှဉ်ပြိုင်သွား
မှာပါ"ဟု မြန်မာ ယူ-၂၃ ဘော်လီဘော အသင်း နည်းပြချုပ်ဦးညီညီလွင်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
ဦးညီညီလွင်က အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်အတွက် ဆီးဂိမ်းအကြိုပြင်ဆင်မှုတစ်ရပ်လည်း ဖြစ် ကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။
"ဒီပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပထမ ဦးဆုံးအကြိမ် လက်ခံကျင်းပတာပါ။ ကျွန်တော်တို့
ဘော်လီဘောအသင်းက ဆီးဂိမ်းအတွက် ပြင်ဆင်လေ့ကျင့်နေတာ လေ။
ဒီလိုအချိန်မှာ အာရှအဆင့်ပြိုင်ပွဲကြီး ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရတာ
အခွင့်အရေးကောင်းတစ်ခုပါပဲ။ ကျွန်တော် တို့ကစားသမားတွေ အတွေ့အကြံုတွေ
အများကြီးရတာပေါ့"ဟု ပြောသည်။ မြန်မာ ယူ-၂၃ ဘော်လီဘောအသင်းကို
ကစားသမား ၁၂ ဦးဖြင့် ဖွဲ့စည်းထားပြီး လာမည့် (၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွင်
အဆိုပါကစားသမားများကို အခြေခံ၍ နောက်ထပ်ကစားသမားများ ဖြည့်တင်းကာ
ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်သည်။














