ဘာစီလိုနာအတွက် ဒုတိယမြောက်ဆုဖလားတစ်လုံး

ဘာစီလိုနာအတွက် ဒုတိယမြောက်ဆုဖလားတစ်လုံး

  ဘာစီလိုနာအတွက် လာလီဂါ ချန်ပီယံဆုကို ယူပြီးတဲ့နောက် နောက်ထပ်မျှော်လင့်ချက်ဖလားတစ်လုံးအတွက်
စပိန်ကိုပါဒယ်ရေးပြိုင်ပွဲကို ဘီလ်ဘာအိုအသင်းနဲ့ ကစားရဖို့ ရှိနေတယ်။

ဘာစီလိုနာရဲ့ ဖလားသုံးလုံး မျှော်လင့်ချက်အတွက် အခုကိုပါဒယ်ရေး ဗိုလ်လုပွဲကို အနိုင်ကစားရပါဦးမယ်။
ကစား ရမှာက နူးကမ့်ကွင်းမှာဆိုတော့ ဘာစီလိုနာ ဘက်မှာ အခွင့်အရေးအပြည့်အဝရှိနေတာတော့ အမှန်ပါပဲ။
ဒီအခွင့်အရေးကို ဘာစီလိုနာအသင်း အကောင်းဆုံးအသုံးချသွား နိုင်ပါ့မလား။ လက်ရှိဘာစီလိုနာအသင်းရဲ့
ခြေစွမ်း ဟာ အကောင်းဆုံးအနေအထားမှာရှိနေ တဲ့အပြင် စိတ်ဓာတ်ပိုင်းကလည်း အား အကောင်းဆုံး
အနေအထားမှာ ရှိနေတယ်။ အထူးသဖြင့် ကွင်းလယ်လူဇာဗီရဲ့နောက်ဆုံး ရာသီမှာ ဘာစီလိုနာအသင်း
ဖလားသုံးလုံး နဲ့ ဂုဏ်ယူစွာနှုတ်ဆက်နိုင်ဖို့အတွက် ဘာစီ လိုနာရဲ့ ကြိုးစားကစားမှုကိုလည်း တွေ့နေရသေးတယ်။
ဒါ့ပြင် တစ်ဖက်မှာလည်း ဘာစီ လိုနာနဲ့အတူ ဒီရာသီဆုဖလား သုံးလုံး အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်
ရမယ့် ဂျူဗင်တပ်ကလည်း လက်ရှိအချိန်မှာ ပြည်တွင်းဖလားနှစ်လုံးစလုံးကို အရယူထား ပြီး ဘာစီလိုနာကို
စောင့်မျှော်နေလို့ ဘာစီ လိုနာအတွက်တော့ ဂျူဗီကိုရင်ဆိုင်ရတဲ့ အချိန်မှာ ဖလားနှစ်လုံးရယူထားပြီး
တန်းတူရင်ဆိုင်ရမယ့် အနေအထားမျိုးကိုပဲ ဘာစီလိုနာအသင်း ရယူထားချင်စိတ်တွေရှိနေမှာလည်း
သေချာနေတယ်။

ဒါကြောင့် ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအို ကို စိတ်ဓာတ်အပြည့်၊ လူအင်အားအပြည့်နဲ့
ရင်ဆိုင်သွားဖို့ သေချာနေတယ်။ ဒါပေမဲ့ ဘာစီလိုနာ အတွက် ဒီပွဲဟာ နောက်ထပ် ဖလားတစ်လုံး
ရယူနိုင်ဖို့အတွက် လွယ်ကူတဲ့ ပွဲတစ်ပွဲဖြစ်လာနိုင်ပါ့မလား။ ဘာစီလိုနာနဲ့ရင်ဆိုင်ရမယ့် ဘီလ်ဘာအို
အသင်းဟာလည်း လျှော့တွက်လို့ရတဲ့ အသင်းတစ်သင်းတော့ မဟုတ်ပါဘူး။ အရှိန်အဝါရှိပြီး ကိုပါ
ဒယ်ရေးပြိုင်ပွဲတွေမှာ အစဉ်အလာကြီးတဲ့ အသင်းတစ်သင်း ဖြစ်နေတယ်။ ကိုပါဒယ်ရေးဖလားပွဲမှာ
ဗိုလ်လုပွဲကို (၃၅) ကြိမ်အထိ တက်ရောက် နိုင်ခဲ့ပြီး (၂၃) ကြိမ်အထိ ဗိုလ်စွဲထားနိုင်ခဲ့လို့ ကိုပါဒယ်ရေးမှာ
ဘာစီလိုနာပြီးရင် အောင်မြင်မှုအများဆုံး အသင်းတစ်သင်းလို့ ပြောနိုင်တယ်။ ဒါကြောင့် ဘီလ်ဘာအိုရဲ့ရုန်းကန်အားကို လျှော့တွက်လို့မရပါဘူး။

နောက်ပြီး ဘီလ်ဘာအိုဟာ လာလီဂါဘက်မှာလည်းယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာ ကို သေချာပေါက်
ရယူထားနိုင်ပြီဖြစ်လို့ အခု ကိုပါဒယ်ရေးမှာသာဗိုလ်စွဲအောင်ကစား နိုင်ခဲ့ မယ်ဆိုရင် သူတို့အတွက်
ဒီရာသီဟာ အောင်မြင်မှုရတဲ့ ရာသီတစ်ခုလို့တောင်ပြောနိုင်သွားပါပြီ။ ဒါ့ပြင် ဘီလ်ဘာအိုဟာ အခု
ကိုပါ ဒယ်ရေးဗိုလ်လုပွဲအတွက် လာလီဂါဘက်မှာလည်းစိတ်ကြိုက်ပြင်ဆင်ချိန်တွေရထား တဲ့အပြင် ဒီပွဲအတွက်လာလီဂါပွဲတွေကစားရင်းသူတို့အသင်းရဲ့ခြေစွမ်းကို သေချာ ပြင်ဆင်ထားနိုင်တာလည်း
တွေ့ရတယ်။

နောက်ထပ် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုတစ်ခုက လာလီဂါပြိုင်ပွဲမပြီးဆုံး သေးမီအချိန်မှာပဲ နည်းပြဗယ်လ်ဗာဒီကို နောက်ထပ်စာချုပ်သက်တမ်းတိုးကာ အသင်း ရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးထားတာပါပဲ။
ဘာစီလိုနာက နောက်ထပ်ကစားရဦး မယ့် ချန်ပီယံလိဂ်ပွဲအတွက် ဒီပွဲကို ဘီလ်ဘာအိုလောက် အင်အားကုန်ထုတ်ပြီး
ကစားခွင့် မရှိသေးတာကလည်း ဘီလ်ဘာအိုအတွက်အခွင့်အရေးလိုဖြစ်နေပြန်တယ်။

ဒီရာသီ ဘာစီနဲ့ ဘီလ်ဘာအိုတို့ အပြန် အလှန်တွေ့ဆုံထားမှုမှာတော့ ဘာစီလိုနာ က အသာစီးရထားတာ
တွေ့ရတယ်။ နူးကမ့် မှာကစားစဉ်က နေမာရဲ့သွင်းဂိုးတွေနဲ့ ၂ဪဝ နဲ့ အနိုင်ရခဲ့ပြီး ဘီလ်ဘာအိုရဲ့ဆမ်မာမီးကွင်းမှာ
ပြန်ကစားချိန်မှာတော့ ဘာစီလိုနာ ကပဲ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ၊ ပက်ဒရိုစတဲ့တိုက်စစ်မှူးတွေရဲ့
သွင်းဂိုးတွေနဲ့အတူ ဘီလ်ဘာအိုကို ၅ဪ၂ နဲ့ ထပ်အနိုင်ရခဲ့ပေမယ့် အဲဒီပွဲကို ဘာစီလိုနာ ခက်ခက်
ခဲခဲကစားခဲ့ရတယ်။ အထူးသဖြင့် အိမ်ကွင်းမှာ လျင်မြန်မှု အားပြုပြီး တိုက်စစ်ဖွင့်ကစားခဲ့တဲ့ ဘီလ်ဘာအိုရဲ့
ကစားပုံကြောင့် ဘာစီလိုနာ အသင်း အခက်တွေ့ခဲ့ရပြီး ဒုတိယပိုင်းမှာ နှစ်ဂိုးပြန်ပေးခဲ့ရတဲ့အထိပါပဲ။

လက်ရှိအချိန်မှာလည်း ဘီလ်ဘာအိုဟာ ဘာစီလိုနာကို လူစုံတက်စုံ ပြန်ကစားနိုင်ခွင့် ရှိနေပါပြီ။ ဒါကြောင့် နည်းပြဗယ်လ်ဗာဒီလက်အောက်မှာ အသားကျနေပြီဖြစ်တဲ့ ဘီလ်ဘာအိုရဲ့ တိုက်စစ်ကစားဟန်ဟာ ဘာစီလိုနာ အသင်းကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဘီလ် ဘာအိုရဲ့ အားနည်းမှုက တိုက်စစ်ပိုင်းဂိုးသွင်းနှုန်းပုံမှန်မရှိတာပါပဲ။

တိုက်စစ်မှာ အဒူရစ်ဇ်လောက် အားကိုးရတဲ့ တိုက်စစ်မှူး မျိုးမရှိသေးဘဲ အဒူရစ်ဇ်သာဂိုးရခဲ့ရင် ဘီလ်ဘာအို ကစားပုံဟာ ပိုမြူးလာတာ တွေ့ရ တယ်။ ဒါပေမဲ့ ဘီလ်ဘာအိုရဲ့ တိုက်စစ်ပိုင်း ဟာ ဘာစီလိုနာရဲ့တိုက်စစ်နဲ့တော့ လုံးဝ ယှဉ်လို့မရပါဘူး။ လက်ရှိဘာစီလိုနာရဲ့ တိုက်စစ်ဟာ တောင်အမေရိကရဲသုံးဖော်ရဲ့ခြေစွမ်းနဲ့အတူ မြူးကြွနေပြီး ဒီသုံးယောက် စလုံးကို ထိန်းချုပ်နိုင်မယ့် ခံစစ်အနေ အထားမျိုးကိုလည်း ဘီလ်ဘာအိုအသင်းမှာ ပိုင်ဆိုင်ထားခြင်း မရှိသေးပါဘူး။

ဘာစီလိုနာကတော့ ဒီရာသီမှာဘီလ်ဘာ အိုထက်စာရင် ခက်ခဲတဲ့ပွဲတွေကို အများ အပြား ဖြတ်ကျော်လာနိုင်ဖူးတဲ့ အတွေ့ အကြံုတွေကလည်း ရှိနေပြီး ဒီအတွေ့အကြံု တွေက ဘာစီလိုနာရဲ့ကစားပုံကို ပိုပြီးမာကျော တောင့်တင်းနေစေတာလည်း တွေ့ရ တယ်။ ဘီလ်ဘာအိုဟာ ဘာစီလိုနာကို စိတ် ဓာတ်ကောင်းကောင်းနဲ့ ရင်ဆိုင်မှာဖြစ်ပေမယ့်လည်း အောင်ပွဲဆာလောင်မှုနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေမှာတော့ ဘာစီလိုနာကို ယှဉ်နိုင်ဖို့ မလွယ်သေးတဲ့အပြင် ခြေစွမ်းနဲ့ လူအင်အားမှာလည်း ဘာစီ လိုနာကိုမမီနိုင်လို့ ဘီလ်ဘာအိုအတွက် မျှော်လင့်ချက်ကတော့ ခပ်ပါးပါးပဲရှိနိုင် လိမ့်မယ်ထင်ပါတယ်။

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ ဂွာဒီယိုလာ လက်ထက်က ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ဆုံခဲ့ကြဖူးပြီး အဲဒီတုန်းက ဘာစီလိုနာကပဲ ၃ဪဝ နဲ့ အနိုင်ယူထားနိုင်တာ တွေ့ရတယ်။ ဘာစီလိုနာနဲ့ ဘီလ်ဘာအိုအသင်းတွေဟာ ကိုပါဒယ်ရေးသမိုင်းတစ်လျှောက် ဗိုလ်လုပွဲ မှာ ခုနစ်ကြိမ်အထိ ဆုံခဲ့ကြဖူးပြီး ဘာစီလိုနာ က ၁၉၂၀၊ ၁၉၄၂၊ ၁၉၅၃၊ ၂၀၀၉ နဲ့ ၂၀၁၂ တွေမှာ အနိုင်ရဗိုလ်စွဲခဲ့ပြီး ဘီလ်ဘာအို ကတော့ ၁၉၃၂ နဲ့ ၁၉၈၄ ခုနှစ်တွေမှာ နှစ်ကြိမ်သာ အနိုင်ရဗိုလ်စွဲခဲ့တာကို ကြည့်ရင်လည်း ဘာစီလိုနာကပဲ အစဉ်အလာမှာ တစ်ပန်းသာနေပြန်ပါတယ်။ နောက်ထပ် တိုက်ဆိုင်မှုတစ်ခုက ဘာစီလိုနာကို ဂွာဒီ ယိုလာ စကိုင်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ဆုဖလား သုံးလုံးရယူနိုင်ခဲ့စဉ်ကလည်း ကိုပါဒယ်ရေး မှာ ဘီလ်ဘာအိုကိုပဲ အနိုင်ရ ဗိုလ်စွဲခဲ့တာဖြစ်ပြီး အခုလူးဝစ္စအန်းနရစ်ရဲ့ ပထမဦးဆုံး ကိုင်တဲ့နှစ် ဆုဖလားသုံးလုံးမျှော်လင့်ချက် ရှိနေချိန်မှာလည်း ဘီလ်ဘာအိုနဲ့ပဲ ကိုပါ ဒယ်ရေးဗိုလ်လုပွဲမှာ တွေ့နေပြန်တာပါပဲ။

ဒါကြောင့် အစဉ်အလာတွေအရရော၊ သမိုင်း ကြောင်းအနေအထားတွေအပြင် လက်ရှိ လူအင်အားနဲ့ ကစားသမားပိုင်းမှာပါ အဘက်ဘက်ကအသာရနေတဲ့ ဘာစီလိုနာ အတွက် ဒီပွဲဟာ သူတို့လိုချင်တဲ့ ဒုတိယ မြောက် ဆုဖလားတစ်လုံးကို အရယူသွား နိုင်ဖို့အခွင့်သာနေတဲ့ပွဲပါပဲ။



ဖတ်ရှုမှုအများဆုံး