လက်တင်အမေရိကအသင်းတွေ ယှဉ်ပြိုင်ကစားမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲ ၂၀၁၅ ကို
ဇွန် ၁၂ ရက်ကစပြီး ချီလီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကိုပါအမေရိကပြိုင်ပွဲက ဘောလုံးပြိုင်ပွဲတွေ ထဲမှာ သက်တမ်းရင့်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး အခု
အကြိမ်က (၄၄) ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပါတယ်။ လက်တင်အမေရိကမှာ နိုင်ငံ့လက်ရွေးစင်
အသင်း ၁၀ သင်းသာရှိလို့ ပြင်ပကအသင်းနှစ်သင်းကို အထူးဖိတ်ကြားပြီး ၁၂ သင်း
ယှဉ်ပြိုင်တဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။
ဒီနှစ်မှာ ဖိတ်ကြားခံရတဲ့အသင်းတွေက မက္ကဆီကိုနဲ့ ဂျမေကာတို့ပဲဖြစ်ပါတယ်။ အစောပိုင်းက
မက္ကဆီကိုနဲ့ ဂျပန်ကိုဖိတ်ခဲ့တာဖြစ်ပြီး ဂျပန် က နုတ်ထွက်သွားလို့ တရုတ်ကို ထပ်ဖိတ်ပေမယ့်
တရုတ်ကလည်း လက်မခံလို့ နောက်ဆုံးမှာ ဂျမေကာကို ဖိတ်ကြားလိုက် ရတာဖြစ်ပါတယ်။
ဂျပန်နဲ့ တရုတ်တို့ကို ဖိတ်တယ်ဆိုတာ ကမ္ဘာ့အရှေ့ဖျားဈေးကွက် ကို ထိုးဖောက်ချင်တာကြောင့်ဖြစ်ပေမယ့်
နောက်ဆုံးမှာ ဂျမေကာနဲ့ပဲ နှစ်သိမ့်သွားခဲ့ကြရပါတယ်။
လက်တင်အမေရိကရဲ့ အဓိကပြိုင်ပွဲဖြစ် တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ နှစ်စဉ်နှစ်တိုင်း ဘရာဇီးလ်နဲ့
အာဂျင်တီးနားတို့ပဲ ဗိုလ်စွဲမယ်ဆိုပြီး ရေပန်းစားခဲ့တာပါ။ ဒါပေမဲ့ လက်ရှိ ချန်ပီယံက
ဥရုဂွေးဖြစ်နေတာက ဘရာဇီးလ်၊ အာဂျင်တီးနားတို့မှာ ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ထား
တိုင်း ကိုပါအမေရိကမှာတော့ ချန်ပီယံမဖြစ်နိုင်ဘူးဆိုတာကို ပြသနေခဲ့ပါတယ်။ အုပ်စုသုံးခုပြိုင်
ဆိုင်ရတဲ့ပြိုင်ပွဲ ဖြစ်လို့ အုပ်စုသုံးခုက အုပ်စုပထမနဲ့ ဒုတိယ ရတဲ့ အသင်းခြောက်သင်းနဲ့
အကောင်းဆုံး အုပ်စုတတိယရတဲ့ အသင်းနှစ်သင်းတို့ နောက် တစ်ဆင့်ကို တက်တာကြောင့်
အသင်းလတ်တွေဟာ အုပ်စုတတိယနေရာရနိုင်ဖို့ ကြိုးစား ကြတဲ့ ပြိုင်ပွဲဆိုတာကို
မေ့ထားလို့လည်း မရ ပါဘူး။ ကိုပါအမေရိက ၂၀၁၅ ပြိုင်ပွဲရဲ့ အုပ်စု (က)မှာ ချီလီ၊ အီကွေဒေါ၊
ဘိုလစ်ဗီးယားနဲ့ မက္ကဆီတို့ အတူကျနေခဲ့ပါတယ်။
ဒီအုပ်စုမှာ ချီလီက အိမ်ရှင်ဖြစ်နေသလို တောင့်တင်းတဲ့ အသင်းလည်းဖြစ်နေလို့
ကွာတားဖိုင်နယ်ကို တက်မှာ သေချာနေပါတယ်။ ဒီအုပ်စုမှာအားအနည်းဆုံးအသင်းက
ဘိုလစ်ဗီးယားဖြစ်လို့ အီကွေဒေါနဲ့ မက္ကဆီကိုတို့ဟာအုပ်စုဒုတိယနဲ့ အကောင်းဆုံးအုပ်စု
တတိယအသင်းဖြစ်ဖို့ ကြိုးစားကြမယ်လို့ ထင်စရာဖြစ်လာပါတယ်။ အီကွေဒေါဟာ
အုပ်စုဒုတိယနေရာအတွက် မျှော် လင့်နိုင်စရာရှိပေမယ့် မက္ကဆီကိုက တော့ လွယ်မယ်
မထင်ပါဘူး။
မက္ကဆီကိုနည်းပြ ဟာရဲရားဟာ ဒီပြိုင်ပွဲအတွက် မက္ကဆီကို(ဘီ)သင်းကို ကစားခိုင်းဖို့ ပြင်ဆင်
နေတာတွေ့ရပါတယ်။ ဟာနန်ဒက်ဇ်၊ ဒေါ့ဆန်းတို့စ်၊ ကာလို့စ်ဗီလာ၊ ဟက်တာဟာရဲရား၊
အိုချူအာ၊ ဂွာဒါဒိုတို့လို စီနီယာကစားသမား တွေကိုခေါ်လာခြင်းမရှိလို့ မက္ကဆီကိုဟာ
ထင်ထားတာထက် နိမ့်တဲ့အနေအထားမှာရှိလာနိုင်ပါတယ်။
ဒါကြောင့် အုပ်စု(က)မှာ ချီလီနဲ့ အီကွေဒေါတို့ နောက်တစ်ဆင့်ကို တက်လာနိုင်မှာ သေချာနေပြီး
ဘိုလစ်ဗီးယား နဲ့ မက္ကဆီကိုတို့ဟာ အကောင်းဆုံးအုပ်စု တတိယရအသင်းထဲဝင်ဖို့ ကြိုးစားကြရဖွယ်
ရှိနေပါတယ်။ ချီလီအသင်းဟာ အိမ်ရှင်ဖြစ်နေသလို အသင်းမှာ ဥရောပအခြေစိုက်ကစားသမားကောင်းတွေ
ပိုင်ဆိုင်ထားတာကြောင့် ဒီပြိုင်ပွဲ မှာ ဘရာဇီးလ်၊ အာဂျင်တီးနားတို့ နောက်က နေ ဗိုလ်စွဲဖို့
ရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ချီလီဟာ အကောင်းဆုံး
ကစားနိုင်ခဲ့ပြီး အိမ်ရှင် ဘရာဇီးလ်ကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ကျမှ ရှုံးနိမ့်သွားခဲ့တဲ့အသင်း
ဖြစ်ပါတယ်။
ဘာစီလိုနာဂိုးသမား ကလော်ဒီယိုဘရာဗို၊ ဖီအိုရင်တီးနားကွင်းလယ်သမား မာတီးယပ်စ် ဟာနန်ဒက်ဇ်၊
ဂျူဗင်တပ်တောင်ပံသမား ဗီဒယ်၊ အင်တာမီလန် ခံစစ်အကူကွင်းလယ် သမား မီဒယ်၊
အာဆင်နယ်တောင်ပံသမား ဆန်းချက်ဇ်၊ အတ္တလန္တာတိုက်စစ်မှူး ပင်နီလာ တို့ဟာ ချီလီအသင်းရဲ့
အမာခံကစားသမားတွေပဲ ဖြစ်ပါတယ်။ အုပ်စုတွင်းက ချီလီရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အီကွေဒေါ၊
မက္ကဆီကို၊ ဘိုလစ်ဗီးယားတို့ဟာ ချီလီလောက် တောင့်တင်းခြင်းမရှိလို့ ချီလီဟာ နောက်တစ်ဆင့်
တက်မှာ သေချာသလို ဗိုလ်စွဲဖို့ တတိယနေရာ က ရေပန်းစားနေခဲ့တာပဲဖြစ်ပါတယ်။ အုပ်စု
ပထမရရင် ကွာတားဖိုင်နယ်မှာ အကောင်းဆုံး အုပ်စု တတိယနှစ်သင်းထဲက အကောင်းဆုံး
အုပ်စုတတိယ ရတဲ့အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
အုပ်စု(ခ)မှာ အာဂျင် တီးနား၊ ဥရုဂွေး၊ ပါရာဂွေးနဲ့ ဧည့်သည် ဂျမေကာတို့အတူကျနေခဲ့ပါတယ်။
အာဂျင်တီးနားကတော့ ဗိုလ်စွဲဖို့ ဒုတိယ ရေပန်းစားနေတဲ့အသင်းဖြစ်ပြီး အသင်း ကလည်း ထိပ်တန်းကစားသမားတွေချည်း ဖြစ်နေလို့ နောက်တစ်ဆင့်တက်မှာ သေချာ နေပါတယ်။
လက်ရှိချန်ပီယံ ဥရုဂွေးကတော့ ကစားသမားအသစ်တွေ အများအပြားပါ၀င်ထားတဲ့
အသင်းသစ်ဖြစ်နေပါတယ်။ ဖော်လန်၊ လူဂါနိုတို့နားသွားပြီးမှာ ကစား သမားအသစ်တွေ
နေရာရလာနေပါတယ်။ ဒီပြိုင်ပွဲမှာ တိုက်စစ်မှူး ဆွာရက်ဇ် ကိုးပွဲ အပယ်ခံထားရခြင်းကလည်း
ဥရုဂွေးကို အားနည်းချက်ဖြစ်ပါတယ်။ တိုက်စစ်မှာ ကာဗာနီဟာ အက်စ်ပန်ညိုတိုက်စစ်မှူး
စတူယာနီနဲ့ တွဲဖက်ကစားရနိုင်ဖွယ်ရှိနေ ပါတယ်။ ခံစစ်မှာတော့ အလက်တီကို ခံစစ်အတွဲဖြစ်တဲ့
ဂိုဒင်နဲ့ ဂျီမင်နက်ဇ်တို့အတွဲက ဦးဆောင်မှာ သေချာနေပြီး ဘင်ဖီကာ နောက်တန်း အစွန်သမား
မက်ဆီပါရဲရားတို့ နေရာရမှာသေချာပါတယ်။ ဥရု ဂွေးကွင်းလယ်ပိုင်း ကတော့ အား နည်းနေပါတယ်
။အာဂျင်တီးနားအခြေစိုက် ကစားသမားအသစ်တွေ နေရာရလာနိုင်လို့ သူတို့ကို စောင့်ကြည့်ရမှာ
ဖြစ်ပါတယ်။
ဥရုဂွေးဟာ ပါရာဂွေးနဲ့ အုပ်စုဒုတိယနေရာအတွက် ယှဉ်ရမှာသေချာပါတယ်။ ပါရာဂွေးကတော့
အခုနောက်ပိုင်းမှာ မျိုးဆက်သစ်ကစားသမားတွေ ပေါ်ထွက်လာခြင်းမရှိတဲ့အသင်းပဲ ဖြစ်ပါတယ်။
ဆန်တာခရုဇ်၊ ကာဒိုဇိုတို့ကိုပဲ အားကိုးကစား နေဆဲအသင်းဖြစ်ပါတယ်။ ဒီနှစ်ယောက်
အကောင်းဆုံးကစားနိုင်တဲ့ ၂၀၁၀ ၀န်းကျင် ကတောင် ပါရာဂွေးဟာ ခံစစ်တောင့်တင်းပြီး
တိုက်စစ်အားနည်းတဲ့အသင်း ဖြစ်ခဲ့တာ အခု အချိန်မှာတော့ ပါရာဂွေးတိုက်စစ်ဟာ
တိုက်စစ်ကောင်းမယ့်အသင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကောင်းတဲ့ခံစစ်ဟာ ဘယ်လောက် တောင့်တင်းမလဲဆိုတာပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကစားသမား
အများစုက လက်တင်အမေရိကအခြေစိုက် ကစားသမားတွေသာ ဖြစ်ကြပါတယ်။
ပါရာဂွေး က ဥရုဂွေးကိုအဓိကယှဉ်ရင်း အကောင်းဆုံး အုပ်စုတတိယရနှစ်သင်းထဲဝင်ဖို့
ကြိုးစားရမှာဖြစ်ပါတယ်။ ဧည့်သည် ဂျမေကာအသင်း နည်းပြကဂျာမန်ဖြစ်ပြီး ကစားသမား
အများစု က အင်္ဂလန်အခြေစိုက် ကစားသမားတွေဖြစ်ပါတယ်။ လက်စတာနောက်တန်း
သမား ၀က်စ်မော်ဂန် ဦးဆောင်မှာ ဖြစ်ပြီး ရက်ဒင်း၊ ခရစ္စတယ်ပဲလေ့စ်၊ လိဒ်စ်၊ ဒါဘီတို့မှာ
ကစားနေတဲ့ ကစားသမားတွေ ပါ၀င်ပါတယ်။
ကာရစ်ဘီယန်ကျွန်းထဲက ဂျမေကာဟာ ကြံ့ခိုင်မှုအားကိုးပြီး တွန်းတွန်းတိုက်တိုက်
ကစားတတ်တဲ့အသင်း ဖြစ်ပါတယ်။ သူတို့ဟာ အာဂျင်တီးနား၊ ဥရုဂွေးတို့ကိုမီဖို့ အခက်အခဲရှိလာမှာပဲ
ဖြစ်ပါတယ်။ ပါရာဂွေးကို ယှဉ်နိုင် ဖို့ပဲ အဓိက ပြင်ဆင်ရမယ့်အသင်းဖြစ်ပြီး အကောင်းဆုံး
အုပ်စုတတိယရအောင်ပဲကစားရပါလိမ့်မယ်။ အာဂျင်တီးနားက နည်းပြမာတီနို လက်ထက်မှာ
အသင်းရဲ့ တိုက်စစ်ပိုင်းတိုးတက် လာတဲ့အသင်းဖြစ်ပါတယ်။ ဘရာဇီးလ် ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ
နည်းပြဆာဘယ်လာရဲ့ အာဂျင်တီးနားဟာ ဂိုးရဖို့ ခက်ခက်ခဲခဲဖြစ်ခဲ့ ပေမယ့် မာတီနိုလက်ထက်မှာ
အာဂျင်တီးနားတိုက်စစ်ပိုကောင်းလာပါတယ်။
တိုက်စစ်မှာ တေဗက်ဇ်ပြန်ပါလာတဲ့အတွက် အာဂျင်တီးနား တိုက်စစ်အထောင်မှာ အဂွေရိုနဲ
့ တေဗက်ဇ်ကို မြင်တွေ့ရနိုင်ပြီး မက်ဆီဟာ သူတို့နောက်က လိုက်ပါကစားတဲ့သူ ဖြစ်လာနိုင်ပါတယ်။
ဘာစီလိုနာတိုက်စစ်အထောင်မှာ ဆွာရက်ဇ် နဲ့ နေမာတို့ထားပြီး မက်ဆီက နောက်ချန်
တိုက်စစ်နေရာက ကစားသလိုမျိုး ကစားလာနိုင်လို့ အာဂျင်တီးနားတိုက်စစ်ဟာ ဘာစီလိုနာတိုက်စစ်လို
ထက်မြက်မယ့်ပုံမှာ ရှိနေပါ တယ်။ ကွင်းလယ်မှာ ဆီဗီလာကွင်းလယ်မှာ ခြေစွမ်းပြကစားနေတဲ့
ဘင်နီဂါ၊ ဘင်ဖီကာ ကွင်းလယ်သမား ဂိုင်တန်နဲ့ ဘာစီလိုနာ ကွင်းလယ်သမား မာရှေရာနိုတို့နေရာ
ရလာ ဖွယ်ရှိပါတယ်။ ခံစစ်မှာ ဇင်းနစ်က ဂါရေးနဲ့ ဗလင်စီယာက အိုတာမန်ဒီတို့ သေချာပေါက်
နေရာရလာမှာဖြစ်ပြီး ဘယ်ညာနောက်တန်းအစွန်တွေမှာ ဇာဘလက်တာနဲ့ ရိုဂျိုတို့ နေရာ
ရလာနိုင်ပါတယ်။
ဆမ်ဒိုးရီးယား ဂိုးသမား ရိုမီယို နေရာရလာဦးမှာ ဖြစ်ပါ တယ်။ ဒီတစ်ကြိမ် အာဂျင်တီးနား
အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းထက် ပိုကောင်းနိုင်တဲ့ အနေအထားမှာ
ရှိနေပါ တယ်။ အထူးသဖြင့် အာဂျင်တီးနားကွင်းလယ် ဟာ လုံလောက်တောင့်တင်းတဲ့
အသင်းဖြစ်နေ သလို မက်ဆီကလည်း ဘာစီလိုနာမှာ အရင် နှစ်တွေကထက်ကို
ပိုကောင်းနေပါတယ်။ တေဗက်ဇ်၊ အဂွေရို၊ မက်ဆီတိုက်စစ်အတွဲကို ပွဲထုတ်ရင်
ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အုပ်စု(ဂ)မှာတော့ နာမည်ကြီး
ဘရာဇီးလ်နဲ့အတူ ကိုလံဘီယာ၊ ပီရူးနဲ့ ဗင်နီဇွဲလားတို့ အတူကျနေခဲ့ပါတယ်။
ဘရာဇီးလ်နဲ့အတူ ကိုလံဘီယာတို့ကတော့ နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားနေပြီး
ပီရူးနဲ့ ဗင်နီဇွဲလား တို့ အုပ်စုတတိယနေရာအတွက် ကြိုးစားရမယ်ထင်ပါတယ်။
ပီရူးမှာ ပီဇာရို၊ ဖာဖန်၊ ဂွာရာရိုတို့ပဲဆက်ပြီး ကစားနေကြပါ တယ်။ ဒီသုံးယောက်က ပီရူးအသင်းမှာ
ကစားနေတာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ပီဇာရိုက ဘိုင်ယန်မှာ ကစားနေပေမယ့်ဦးစားပေးနေရာ
မရသလို ဖာဖန်လည်းရှော်လ်ကေးမှာနေရာမရပါဘူး။ ဂွာရာရိုက ဘိုင်ယန်ကစားသမားဟောင်းဖြစ်ပေမယ့်
အခု အခါမှာတော့ ဘရာဇီးလ်မှာ ကစားနေတဲ့သူ ဖြစ်ပါတယ်။ ပီရူးဟာ အုပ်စုဒုတိယရဖို့ မလွယ်ပါဘူး။
ဗင်နီဇွဲလားလည်း ထူးခြားလာမယ် မထင်ပါဘူး။ ဒီအုပ်စုမှာ ဘရာဇီးလ်နဲ့ ကိုလံဘီယာသာ
နောက်တစ်ဆင့်တက်မှာ သေချာပါတယ်။ ကိုလံဘီယာကတော့ တိုက်စစ်မှာ ကစားသမားကောင်း
တွေစုပုံနေတဲ့ အာဂျင်တီးနားလိုအသင်းပဲဖြစ်ပါတယ်။ ဆီဗီလာ တိုက်စစ်မှူး ဘက်ကာ၊ ဘင်ဖီကာ
တိုက်စစ်မှူး ဂျေဆင်မာတီနက်ဇ်၊ ရိုးမားတိုက်စစ်မှူး အိုင်ဘာဘို၊ မန်ယူမှာ ပုံမှန်ကစားရတဲ့
ဖယ်လ်ကာအိုအပြင် ရေးဗားပလိတ်တိုက်စစ်မှူး တီအိုဖီလိုတို့ ရှိနေလို့ ကိုလံဘီယာဟာ
တိုက်စစ်မှူးသုံးဦးနဲ့ ပွဲထွက်လာနိုင်တဲ့ အသင်းဖြစ်လာနိုင်ပါတယ်။ ကွင်းလယ်မှာ ဂျိမ်းစ်ရော့
ဒရီဂွက်ဇ်ဦးဆောင်ပြီး ချယ်လ်ဆီး က ကွာဒရာဒို၊ တူးလောက်စ်က အဂွီလာတို့ ပွဲထွက်လာနိုင်တဲ့
အသင်း ဖြစ်ပါတယ်။
ခံစစ်ပိုင်းမှာတော့ အားနည်းချက် ရှိကောင်း ရှိလာနိုင်ပါတယ်။ ဘရာဇီးလ်ကလည်း အာဂျင်တီးနား
လိုပဲ နည်းပြဒွန်ဂါကိုင်တဲ့အချိန်ကစပြီး တော်တော် ပြောင်းလဲသွားတဲ့အသင်း ဖြစ်ပါတယ်။ ဒွန်ဂါရဲ့
ကစားသမားရွေးချယ်ပုံက အရင်နည်းပြ စကိုလာရီထက်ပိုပြီး ရွေးချယ်နိုင်စွမ်းရှိတဲ့ နည်းပြပဲဖြစ်ပါတယ်။
အခု ကိုပါပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းမှာ မာဆယ်လို မပါတာကတော့ ဒွန်ဂါအတွက်နစ်နာမှုပဲဖြစ်ပါတယ်။
ချယ်လ်ဆီးက အော်စကာလည်း မပါ၀င်ပါဘူး။ နှစ်ဦးစလုံး ဒဏ်ရာရနေလို့ပါ။ ဘရာဇီးလ် မှာ ပီအက်စ်ဂျီနောက်တန်းသမားတွေပဲ မြင်တွေ့ရမယ်ထင်ထားနိုင်ပေမယ့် ပေါ်တိုက ဒန်နီလို၊ မိုနာကိုက
ဖာဘင်ဟို၊ အလက်တီကို က မီရန်ဒါတို့ကိုလည်း မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ကွင်းလယ်မှာ ၀ုဖ်ဘတ်ရဲ့
ဂူစတာဗိုနဲ့ ချယ်လ်ဆီးရဲ့ ၀ီလျံတို့ဟာ အမာခံတွေဖြစ်မှာသေချာပြီး ပေါ်တိုရဲ့ ကာဆီမိယိုနဲ့ ဘိုင်ယန်ရဲ့
အယ်လ်ကန်တာရာတို့ကို တွေ့မြင်ရနိုင်ပါတယ်။
နောက်ချန်တိုက်စစ်နေရာအတွက် လီဗာပူးရဲ့ ကော်တင်ညိုကို မြင်တွေ့ရနိုင်ပြီး တိုက်စစ်မှာ နေမာနဲ့
အတူ ဟော့ဖန်ဟိန်းရဲ့ ဖာမီနိုတို့ကို တွေ့ရနိုင်ပါတယ်။ ဒွန်ဂါရဲ့ ပြင်ဆင်အားဟာ စကိုလာရီထက်
ပိုကောင်း တဲ့အတွက် ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလားက ထက် ပိုကောင်းမယ့်အသင်းဖြစ်လာမယ်လို့
ယူဆပါတယ်။ ချုပ်လိုက်ရင် ကိုပါအမေရိက ၂၀၁၅ ပြိုင်ပွဲဟာ အာဂျင်တီးနားနဲ့ ဘရာဇီးလ် တို့
ဗိုလ်လုပွဲတက်လာနိုင်တဲ့ အနေအထား ရှိတဲ့ပြိုင်ပွဲလို့ပဲ မြင်နေမိပါရဲ့...။















