ဆီးဂိမ်းရွက်လှေပြိုင်ပွဲကို လူငယ်ကစားသမားများနှင့် ၀င်ရောက်ယှဉ်ပြိုင်မည်

ဆီးဂိမ်းရွက်လှေပြိုင်ပွဲကို လူငယ်ကစားသမားများနှင့် ၀င်ရောက်ယှဉ်ပြိုင်မည်

လာမည့် ဇွန်လ ၆ ရက်နေ့တွင် စတင်ကျင်းပ မည့် (၂၈)ကြိမ်မြောက်ဆီးဂိမ်း၏ ရွက်လှေ ပြိုင်ပွဲကို
မြန်မာရွက်လှေအသင်းက လူငယ်ကစားသမားများဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ 

(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ရွက်လှေပြိုင်ပွဲကို ဇွန်လ ၆ ရက်နေ့မှ
၁၄ ရက်နေ့အထိ စင်ကာပူနိုင်ငံ National Sailing Centre ၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

"ပြီးခဲ့တဲ့ (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ပြီးတော့ ရွက်လှေအသင်းက အဓိက ကစား သမားအများစု
အနားယူသွားကြတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတွေအတွက် စီးပွားရေးလုပ်ငန်းတွေကို
ရွေးချယ်ကြရ တာပေါ့။ ဒီတော့ ကျွန်တော်တို့ရဲ့ ရွက်လှေအသင်းကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရတယ်။
အသစ်ဖွဲ့စည်းတာဆိုတော့ ရေရှည်အတွက် မျိုးဆက်မပြတ်အောင် လူငယ်ကစားသမားတွေနဲ့ပဲ
ဖွဲ့စည်းခဲ့ပါတယ်။ အသက် ၁၅ နှစ် ၀န်းကျင် လူငယ်လေးတွေနဲ့ ဖွဲ့စည်းဖြစ်ခဲ့ တယ်။ သူတို့ကို
(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြီးကတည်းကစပြီး လေ့ကျင့်ပေးခဲ့တာ။ စင်ကာပူဆီးဂိမ်းကိုလည်း
ဒီလူငယ်ကစားသမားတွေနဲ့ပဲ ၀င်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဆုတံဆိပ်ရဖို့ထက် အတွေ့အကြံုရဖို့ကို ရည်ရွယ်ပါတယ်"ဟု မြန်မာရွက်လှေအသင်း၏နည်းပြ ဦးစိုင်းပြည့်စုံဟိန်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

မြန်မာရွက်လှေအသင်းသည် ဆီးဂိမ်း ပြိုင်ပွဲဝင်ရန် စင်ကာပူနိုင်ငံကို ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က
ထွက်ခွာခဲ့ပြီး စင်ကာပူနိုင်ငံတွင် ဆက်လက်လေ့ကျင့်မည်ဖြစ်သည်။ ဆီးဂိမ်းရွက်လှေပြိုင်ပွဲတွင်
ပြိုင်ပွဲ အမျိုး အစား ၂၀ ထည့်သွင်းကျင်းပသွားမည် ဖြစ်ရာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က အမျိုးအစား
ခြောက်မျိုးတွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

"အားကစားသမား ၁၀ ယောက်နဲ့ အား ကစားနည်းခြောက်မျိုးကို ၀င်ရောက်ယှဉ်ပြိုင် သွားမှာပါ။
ကစားသမားကိုးယောက်လောက် က ၁၅ နှစ်ဝန်းကျင်ကလေးတွေပါ။ အသက် ၂၀ ကျော်
တစ်ယောက်ပဲပါတယ်။ ဂျူလိုင်မွှေး ဆိုတဲ့ ကလေးပါ။ သူကတော့ ရွက်လှေကစား တာ ကြာပြီ။
နိုင်ငံတကာပြိုင်ပွဲတွေလည်း ၀င်ရောက်ယှဉ်ပြိုင်ခိုင်းခဲ့တယ်။ မြန်မာနိုင်ငံ မှာတောင် သိပ်မရှိပါဘူး။
ဆီးဂိမ်းအတွက် ထိုင်းနိုင်ငံ ပတ္တယားမှာပဲ ထိုင်းနည်းပြနဲ့ လေ့ကျင့်နေတာပါ။ သူ့ကိုတော့ ရွှေတံဆိပ် ရမယ်လို့ မျှော်လင့်ထားတယ်။ ပြင်ဆင်မှုတွေလည်း အကောင်းဆုံးလုပ်ထားတယ်လေ။
ကျန်တဲ့ကစားသမားတွေကတော့ ဆုတံဆိပ် ရဖို့ထက် အတွေ့အကြံုရဖို့ပါ"ဟု မြန်မာနိုင်ငံ
ရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးမောင်ဝင်း က မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာ့လက်ရွေးစင် လူငယ်ရွက်လှေကစားသမားများကို ငွေဆောင်ကမ်းခြေတွင်
လေ့ကျင့်မှုများပြုလုပ်စေခဲ့ပြီး နိုင်ငံခြားသို့ သွားရောက်လေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့ကြောင်း
ဦးစိုင်းပြည့်စုံဟိန်းက ပြောသည်။

"ပြီးခဲ့တဲ့ ဆီးဂိမ်းပြီးတော့ လူငယ်ကစား သမား ၃၀ လောက်ကို လက်ရွေးစင်ရွက်လှေ အသင်းအတွက်
စခန်းသွင်းလေ့ကျင့်ပေးခဲ့ ပါတယ်။ ဒါပေမဲ့ လူငယ်တွေ သူတို့ရဲ့ ပညာရေး ရှိတယ်လေ။ စာမေးပွဲတွေနဲ
့ တိုက်နေလို့ လေ့ကျင့်ချိန်တွေ မလုံလောက်ခဲ့ဘူး။ ဒါကြောင့် လေ့ကျင့်မှုပြည့်ဝနေတဲ့ ကစားသမား
၁၀ ယောက်ကိုပဲ ရွေးချယ်ပြီး ၀င်ရောက်ယှဉ်ပြိုင် တာပါ။ ဒီကစားသမားတွေက စင်ကာပူ
ဆီးဂိမ်းတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အနာဂတ် မြန်မာ့လက်ရွေးစင် ရွက်လှေအသင်းအတွက်ပါ။
ဆီးဂိမ်းပြီးရင်လည်း ဆက်လက်လေ့ကျင့်ပေးသွားပြီး နိုင်ငံတကာပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်သွားမှာပါ။
ကစားသမားတွေ တိုးတက်မှုမြန်ဆန်စေဖို့ အတွက် ပြည်တွင်းပြိုင်ပွဲတွေကိုလည်း ကျင်းပ ပေးခဲ့ပါတယ်။ ဆီးဂိမ်းအတွက် ပြင်ဆင်မှုအနေနဲ့ပေါ့"ဟု ပြောသည်။

ရွက်လှေအားကစားနည်းသည် ရာသီဥတု အခြေအနေ၊ ရေကြောင်းပြောင်းလဲမှု၊ လေတိုက်နှုန်းများကို
တွက်ချက်၍ ယှဉ်ပြိုင်ရ သော အားကစားနည်းဖြစ်ရာ လူငယ်ကစားသမားများကို တွက်ချက်နိုင်ရန်
သင်ကြားပေး ထားကြောင်း ဦးစိုင်းပြည့်စုံဟိန်းက ပြောသည်။

"စင်ကာပူရာသီဥတုက ဒီက ရာသီဥတုနဲ့တော့ မတူဘူးပေါ့။ ရာသီဥတုဆိုတာက အပြောင်းအလဲ
ရှိနိုင်တယ်လေ။ ဒါကတော့ အခက်အခဲတစ်ခုပေါ့။ ဒါပေမဲ့ ဘယ်လို အခြေ အနေမှာ ဘယ်လိုပြင်
ဆင်ရမယ်ဆိုတာကိုကစားသမားတွေကို သင်ကြားပေးထားပါတယ်။ အိမ်ရှင်စင်ကာပူ၊ အင်ဒိုနီးရှားနဲ့
ထိုင်း နိုင်ငံက ကစားသမားတွေက မြန်မာကစား သမားတွေရဲ့ အဓိက ပြိုင်ဘက်တွေဖြစ်လာနိုင်ပါတယ်"ဟု
ပြောသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော
(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ ရွက်လှေအသင်းသည် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်
တစ်ခုနှင့် ကြေးတံဆိပ် နှစ်ခုတို့ကို ရယူနိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး