၂၀၁၄-၁၅ ရာသီ စီးရီးအေ အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးသွားသောအခါ လက်ရှိချန်ပီယံ ဂျူဗင်တပ်ပင်
ဆက်လက်ဗိုလ်စွဲသည်။ ရာသီ မစမီ ဗိုလ်စွဲနိုင်ခြေရှိသည်ဟု ထင်ကြေးပေးခံရသော ရိုးမားသည်
ဒုတိယရပြီး လာမည့် ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲသို့ တိုက်ရိုက် ၀င်ရောက်ခွင့် ရရှိသည်။
ရိုးမားနှင့် တစ်မြို့ တည်းအခြေစိုက် ထိပ်သီးပြိုင်ဘက် လာဇီယို သည် တတိယဖြင့် လာမည့်ရာသီ
ချန်ပီယံလိဂ် ပြိုင်ပွဲသို့ ခြေစစ်ပွဲတစ်ဆင့်ခံပြီး ၀င်ရောက်ခွင့် ရရှိသွားသည်။ ၂၀၁၄-၁၅ ရာသီ
စီးရီးအေတွင် ရောမမြို့ အခြေစိုက် ထိပ်သီးနှစ်သင်းဖြစ်သော ရိုးမား နှင့် လာဇီယိုတို့၏ 'ပုံရိပ်'သည်
မြင့်တက်လာသည်။ ရိုးမားသည် အစောပိုင်းက ခြေစွာ ခဲ့သော်လည်း ရာသီထက်ဝက် ကျိုးချိန်ခန့်မှ
စတင်ကာ ခြေစွမ်းကျဆင်းမှုများကို ကြံုတွေ့ ခဲ့ရသည်။ လာဇီယိုမှာမူ ရိုးမားနှင့် ပြောင်းပြန် ဖြစ်ပြီး
အစောပိုင်းက ခြေစွမ်းမတည်ငြိမ်ခဲ့ သော်လည်း ရာသီသုံးပုံနှစ်ပုံ ၀န်းကျင်မှ စတင်ကာ
ဆက်တိုက်ခြေစွာပြီး နိုင်ပွဲဆက် လာသည်ကို တွေ့ရသည်။ မေလထဲသို့ ရောက်လာချိန်တွင်
ထိပ်ဆုံး က ဂျူဗင်တပ်သည် လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နေသည်။ သူ့အောက်ဘက်က
ရိုးမား နှင့် လာဇီယိုတို့သည် ဒုတိယနေရာကို သူ တစ်ပြန်ကိုယ်တစ်ပြန် အကြိတ်အနယ်
ယှဉ်ပြိုင်နေကြသည်။
မေလ ၂၅ ရက်၊ ရောမမြို့ခံ ထိပ်သီးနှစ်သင်း ဖြစ်သော လာဇီယိုနှင့် ရိုးမားတို့ ထိပ်တိုက်တွေ့ဆုံပွဲသည်
သာမန်နှစ်တွေထက် ပို၍ ထူးခြားသည်။ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ရောမဒါဘီဆိုသော ဝေါဟာရထဲသို့
'ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်'ဟူသည့် 'မက်လုံး'က ရောစွက်လာသောကြောင့် အသည်းအသန်
ဖျစ်ညှစ်ကစားသောပွဲအဖြစ်သို့ ကူးပြောင်း သွားသည်။ ထိုပွဲတွင် ရိုးမားက ၂-၁ ဖြင့် နိုင်လိုက်သောကြောင့်
ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်နေရာ ရရှိသွားသည်။ ၂၀၁၄-၁၅ ရာသီတွင် မီလန်မြို့အခြေစိုက်
ထိပ်သီးနှစ်သင်းဖြစ်သော အေစီမီလန်နှင့် အင်တာမီလန်တို့၏ 'ပုံရိပ်'သည် ထူးထူးကဲကဲ
ကျဆင်းသွားသည်။ နှစ်သင်းစလုံးသည် ရာသီကြို ဗိုလ်စွဲရန် တစ်ကြိုပေးခံရသော အသင်းများ
စာရင်းထဲတွင်ပင် ပါ၀င်နိုင်ခြင်း မရှိပေ။ ဘောလုံးရာသီ တစ်လျှောက်လုံး မီလန်အခြေစိုက်
ထိပ်သီးနှစ်သင်းစလုံး၏ ခြေစွမ်းရော၊ ရလဒ်ပါ အားရစရာမရှိဘဲ လုံးချာ လိုက်ခဲ့သည်။
အထူးသဖြင့် အင်တာမီလန်တွင် အခြေ အနေ ဆိုးရွားလာသောကြောင့် နည်းပြဟောင်း
မန်ချီနီဖြင့် အစားထိုးလိုက်ရသည်။
အလားတူ အေစီမီလန်သည်လည်း နည်းပြ အင်ဇာဂီလက်ထက်တွင် ပုံမှန်ခြေစွမ်းအောက်ဘက်
တွင်သာ အရောက်များနေသည်။ အဆိုးရွား ဆုံးအချက်မှာ အင်တာမီလန်ရော အေစီ မီလန်ပါ
အဓိက ထိပ်သီးပြိုင်ဘက်များနှင့် ရင်ဆိုင်ရာတွင် ခြေစွမ်းရော၊ ရလဒ်ပါ ကောင်းမွန်မှု မရှိခြင်းပင်
ဖြစ်သည်။ မီလန်မြို့ခံ ထိပ်သီးနှစ်သင်းကဲ့သို့ပင် နာပိုလီသည်လည်း ယခုရာသီတွင် 'ပုံရိပ်'
ကျဆင်းသွားသည်။ ရာသီမစမီက ချန်ပီယံ ၀င်ခွင့်ရရှိမည်ဟု တစ်ကြိုပေးခြင်းခံရသော် လည်း
ပြိုင်ပွဲပြီးဆုံးသောအခါ အဆင့်(၅)သာ ချိတ်နိုင်ပြီး အောက်ဘက်က ဖီအိုရင် တီးနား၏ ကျော်ဖြတ်
သွားခြင်းကိုပင် ခံလိုက် ရသည်။ ရာသီသိမ်းပန်းဝင်ချိန်တွင် လာဇီယိုနှင့် နာပိုလီတို့သည်
ထိပ်တန်းပြိုင်ဘက်များနှင့် ဆက်တိုက်ရင်ဆိုင်ရသောကြောင့် ပွဲကျပ် သွားသည်။ လာဇီယိုသည်
မေလထဲတွင် အင်တာမီလန်နှင့် ရိုးမားတို့ကို ၂-၁ ဖြင့် အရေး နိမ့်သောကြောင့် ချန်ပီယံလိဂ်
တိုက်ရိုက် ၀င်ခွင့်ကို လွဲချော်သွားသည်။
သို့ရာတွင် ရာသီပိတ် နောက်ဆုံးပွဲစဉ်ဖြစ်သော ပွဲစဉ်(၃၈)တွင် နာပိုလီကွင်း၌ ၄-၂ ဖြင့် အနိုင်ရသည်။
နာပိုလီမှာမူ ပွဲစဉ်(၃၇)တွင် ဂျူဗင်တပ်ကို ၃-၁ ဖြင့် အရေးနိမ့်သည်။ ပွဲစဉ်(၃၈)တွင် အိမ်ကွင်း၌
လာဇီယိုကို ၄-၂ ဖြင့် အရေးနိမ့် သောကြောင့် ပန်းဝင်ချိန် မျက်နှာပန်းမလှနိုင် ဘဲ ရှိခဲ့သည်။
မထင်မှတ်ဘဲ ရာသီသိမ်းပန်းဝင် ချိန်နှင့် ချိန်သားကိုက် ခြေစွာပြီး နိုင်ပွဲဆက် လာသော
ဖီအိုရင်တီးနားက နာပိုလီကို ကျော် တက်ကာ အဆင့်(၄)ရရှိခဲ့သည်။
စီးရီးအေတွင် အောင်မြင်မှု အများဆုံး ဆွတ်ခူးထားသော ဂျူဗင်တပ်အဖို့ ယခုရာသီ တွင်
ထူးထူးခြားခြား အောင်မြင်ခဲ့သည်။ ဂျူဗင်တပ်သည် နည်းပြဟောင်း ကွန်တီ လက်ထက်တွင်
သုံးနှစ်ဆက်တိုက် ဗိုလ်စွဲကာ ယင်းမတိုင်မီ နှစ်များက အေစီမီလန်နှင့် အင်တာမီလန်တို့၏
အောင်မြင်လွှမ်းမိုးထား ခြင်းကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။ ယခုတစ်ဖန် နည်းပြအယ်လီဂရီ၏
ဗွေဆော် ဦးနှစ်မှာပင် စီးရီးအေနှင့် ကိုပါအီတာလျံ ရှုံးထွက်ဖလားတို့တွင် ဗိုလ်စွဲသည်။ ထိုမျှမက
ကိုပါအီတာလျံဖလားကို ဆွတ်ခူးထားပြီး ချန်ပီယံလိဂ်တွင်လည်း နောက်ဆုံးဗိုလ်လုပွဲ သို့
တက်ရောက်သွားရာ တစ်ရာသီတည်း ဆုဖလားသုံးခု ဆွတ်ခူးနိုင်သည့် မျှော်လင့်ချက်များကိုပါ
ပိုင်ဆိုင်ထားသည်။ ယခုရာသီ မစတင်မီ ဂျူဗင်တပ်သို့ နည်းပြအယ်လီဂရီ ပြောင်းရွှေ့လာပြီးနောက်
ပရိသတ်များ စိတ်ဝင်တစား စောင့်ကြည့်ခဲ့သောအချက်မှာ အယ်လီဂရီနှင့် ကွင်းလယ် ဖန်တီးရှင်
ပီယာလိုတို့၏ ဆက်ဆံရေးနှင့် အခန်းကဏ္ဍ ဖြစ်သည်။ တချိန်က ပီယာလိုသည် အေစီမီလန်၏
ပုံရိပ်ကစားသမား ဖြစ်သည်။ သို့ရာတွင် အယ်လီဂရီသည် အေစီမီလန်နည်းပြဖြစ်လာ ပြီးနောက်
၎င်းတို့နှစ်ဦး ဆက်ဆံရေး အဆင် မချောနိုင်ဘဲ အသက်အရွယ် ထောက်လာပြီ ဟု
အကြောင်းပြချက်ဖြင့် နည်းပြအယ်လီဂရီ သည် ၎င်းကို အေစီမီလန်က 'ရှင်းထုတ်'ရန်
ကြိုးပမ်းခဲ့သည်ဟု ပီယာလိုဘက်က ယူဆသည်။
ပီယာလိုသည် ဂျူဗင်တပ်သို့ ရောက်လာပြီးနောက် အဓိက ကွင်းလယ်ကစားသမားအဖြစ်
ခြေစွမ်းပြနိုင်ကာ ၎င်း၏ 'ပုံရိပ်'ကို အသင်းပြောင်းလဲ ထူထောင်နိုင်ခဲ့သည်။ တစ်ဖက်တွင်
အယ်လီဂရီသည် အေစီမီလန် ၌ ဗွေဆော်ဦးနှစ်တွင် စီးရီးအေချန်ပီယံဖြစ်ခဲ့သော်လည်း
နောက်ပိုင်းနှစ်များတွင် ရုန်းကန် လာရသောကြောင့် အေစီမီလန်ဘက်က 'အင်တင်တင်'ဖြစ်လာသည်
။ ၂၀၁၄-၁၅ ရာသီမစမီ နည်းပြဟောင်း ကွန်တီ နုတ်ထွက်သွားပြီးနောက် အယ်လီဂရီ သည်
ဂျူဗင်တပ်နည်းပြဖြစ်သောအခါ ပီယာလိုနှင့် ပြန်ဆုံကြသည်။ သို့ရာတွင် ယခု တစ်ကြိမ်၌
အယ်လီဂရီသည် ပါးနပ်စွာဖြင့် ကိုင်တွယ်နိုင်ခဲ့ပြီး ပီယာလိုကို အဓိက ကွင်းလယ်လူအဖြစ်
ပွဲထုတ်လိုက်သောကြောင့် ၎င်းတို့နှစ်ယောက် ဂျူဗင်တပ်တွင် ပြန်ဆုံကြသောအခါ ပဋိပက္ခ
အသွင်မဆောင် တော့ဘဲ အောင်မြင်မှုအတွက် လိုအပ်သော 'ခွန်အား'အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။
နည်းပြအယ်လီဂရီသည် ဂျူဗင်တပ်ကို ကိုင်တွယ်ပြီးနောက် ယခင်နည်းပြကွန်တီ ကျင့်သုံးခဲ့သော
သုံးယောက်ခံစစ်ပုံစံကို မစွန့်လွှတ်ဘဲ အသုံးပြုခဲ့သည်။ အေစီမီလန် တွင် ရှိစဉ်က သူအားသန်ခဲ့သော်လည်း
စိတ်တိုင်းကျ အကောင်အထည် ဖော်ခွင့်မရခဲ့ သည့် လေးယောက်ခံစစ်၊ ကွင်းလယ်တွင် အဖျက်ကစားသူနှင့်
ball-winner ကစားသူ နှစ်ယောက်ထည့်သုံးသော ပုံစံကို ဂျူဗင်တပ် တွင် ကျင့်သုံးခဲ့ရာ
အောင်မြင်သည်။
တစ်နည်းအားဖြင့် နည်းပြဟောင်း ကွန်တီ လက်ထက်က သုံးယောက်ခံစစ်ပုံစံ ပြောင်းလဲ ကစားရာ၌ စီးရီးအေတွင် အောင်မြင်ခဲ့သော် လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ထင်ထားသလို အောင်မြင်ခြင်း မရှိခဲ့ပေ။ ထိုအချက်ကို သဘောပေါက်သော နည်းပြအယ်လီဂရီသည် စီးရီအေတွင် သုံးယောက်ခံစစ်ပုံစံကို အများဆုံး အသုံးပြုခဲ့ပြီး ချန်ပီယံလိဂ်တွင်မူ ခံစစ်လုံခြံု သော လေးယောက်ခံစစ်ပုံစံကို ပိုမိုသုံးစွဲ သည်။
လေးယောက်ခံစစ်ပုံစံသည် ဂျူဗင်တပ်၏ သဘာဝနှင့် ပို၍ ကိုက်ညီသင့်လျော်သည်။ အထူးသဖြင့် ဂျူဗင်တပ်သည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသင်းများအနက် ပျမ်းမျှ အသက်အကြီးဆုံးအသင်း ဖြစ် သောကြောင့် ခံစစ်လုံခြံုရေးသည် ၎င်းတို့ အတွက် အရေးပါသောအချက် ဖြစ်သည်။ တစ်ဖန် ဂျူဗင်တပ်သည် သမ္ဘာရှိသူ အများ အပြား ပါ၀င်ပြီး အောင်ပွဲကို ဆာလောင်စိတ် ပြင်းပြသောကြောင့် ဥရောပပြိုင်ပွဲများကစား သောအခါ လေးယောက်ခံစစ်ပုံစံသည် ၎င်းတို့ နှင့် အံဝင်ခွင်ကျရှိသည်။ အခြားရှုထောင့်တစ်ခုမှ သုံးသပ်လျှင် ဂျူဗင်တပ် သည် ၃-၅-၂ နှင့် ၄-၄-၂ ကစား ကွက် နှစ်မျိုးစလုံးကို စနစ်တကျ ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်းရှိသည်။ ပြိုင်ဘက်အနေအထားပေါ် မူတည်ကာ ကစားကွက် အပြောင်း အလဲ လုပ်နိုင်ရုံတင်မက ပွဲချိန်မိနစ် ၉၀ အတွင်းမှာပင် ကစားကွက်ကို 'ပိရိ'စွာ ပြောင်းလဲနိုင်သည်။ သို့ကလိုကြောင့် ဂျူဗင်တပ်သည် technical flexibility မြင့်မားသော အသင်း ဖြစ်သည်။
အထူးသဖြင့် ဘောလုံးရာသီ ထက်ဝက်ကျိုးပြီးနောက် ထိပ်တန်းအသင်းကြီး အတော် များများသည် ကစားကွက်ပြောင်းလဲဖို့ ကြိုးစားသောအခါ အောင်မြင်ခြင်းမရှိဘဲ တောက်လျှောက် သုံးစွဲလာသော ကစားကွက် ကိုသာ ဆက်သုံးရသည်။ ထိုအခါတွင် ပြိုင်ဘက် အတော်များများက ၎င်းတို့ကို ခုခံကာကွယ် ဖျက်ထုတ်နိုင်စွမ်း ရှိလာကြသည်။ နည်း ပရိယာယ်ပိုင်းအရ အပြောင်းအလဲ ပြုလုပ် နိုင်ခြင်း မရှိသောကြောင့် ၎င်းတို့အထာကို 'နပ်'သွားသော ပြိုင်ဘက်နှင့် တွေ့ဆုံသော အခါ မျှော်မှန်းထားသလို ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်းမရှိတော့ဘဲ စိတ်ပျက်အားလျော့ခြင်းများ ဖြစ်ပေါ်လာသည်။ ဂျူဗင်တပ်မှာမူ ထိုသို့မဟုတ်ဘဲ အနည်း ဆုံး ကစားကွက်နှစ်မျိုးကို ပိပိရိရိ ပြောင်းလဲ နိုင်ခြင်းကြောင့် ကစားကွက်တစ်မျိုးဖြင့် အလုပ်မဖြစ်လျှင် အခြားကစားကွက်သို့ ထိထိရောက်ရောက် ပြောင်းလဲနိုင်သည်။ ထိုအချက်ကြောင့်ပင် ပြိုင်ဘက်အတော် များများသည် ပုံသေကစားကွက်များ ဆုပ်ကိုင် ထားရင်း ဂျူဗင်တပ်၏ နည်းပရိယာယ် ကျွမ်းကျင်မှုအောက်၌ ဖရိုဖရဲဖြစ်ကာ အရေး နိမ့်သွားရရှာသည်။ အသင်းတည်ဆောက်မှုတွင် ဂျူဗင်တပ် သည် အခြားသော စီးရီးအေ ထိပ်တန်းအသင်း ကြီးများနှင့် မတူညီဘဲ အီတလီလက်ရွေးစင် အများစုဖြင့် စုဖွဲ့ထားသည်။ အခြား ထိပ်သီး များဖြစ်သော အေစီမီလန်၊ အင်တာမီလန်၊ ရိုးမား၊ လာဇီယိုနှင့် နာပိုလီတို့သည် ပြည်ပက အကျော်အမော်များ ခေါ်ယူကာ အသင်းကို အထိုင်ချကြသည်။ ထိုအချက်ကြောင့်ပင် ဂျူဗင်တပ်သည် အမှန်တကယ် 'ညှစ်'ရမည့် အခါ အားထည့်နိုင်သကဲ့သို့ နားလည်ချိတ်ဆက် နိုင်စွမ်းလည်း မြင့်မားသည်။ တစ်ဖန် အီတလီလက်ရွေးစင် အများစုကို ခေါ်ယူ စုဖွဲ့ထားခြင်းကြောင့် ပြည်တွင်း၌ ဂျူဗင်တပ်ကို အားပေးသော ပရိသတ် များပြား သည်။ ဩဇာကြီးမားသည်။ အီတလီလက်ရွေး စင်များကို ခေါ်ယူစုဆောင်းနိုင်သည့် အရှိန် ကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်ထဲမှာ လည်း ဂျူဗင်တပ်ကို ထောက်ခံသူ များပြား သကဲ့သို့ ဒိုင်လူကြီး အဖွဲ့အစည်းထဲတွင်လည်း ဂျူဗင်တပ်ကို အားပေးသူ များပြားသည်။
ထိုအချက်က ဂျူဗင်တပ်ကို အောင်မြင်ဖို့ အတွက် သွယ်ဝိုက်သော 'တွန်းအား'များ ဖြစ်လာသည်။ ပရီမီယာလိဂ် ကျွမ်းကျင်သူများ 'ဆွဲထုတ်' ပြသော အချက်တစ်ခုက ဂျူဗင်တပ်သည် မန်ယူကစားသမား ဟောင်းများကို ခေါ်ယူကာ စနစ်တကျ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ဂျူဗင် တပ်သည် မန်ယူကစားသမားဟောင်းများ ဖြစ်ကြသော တိုက်စစ်မှူး တေဗက်ဇ်နှင့် နောက်ခံလူ အီဗရာတို့ကို ပွဲထုတ်ပြီး အောင်ပွဲ များ ရယူနိုင်ခဲ့သည်။ ထိုထက်ပို၍ 'ပြောစမှတ် တွင်'သွားသည်မှာ မန်ယူအပယ်ခံ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူပြီး ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်ခြင်း ဖြစ်သည်။ ပေါ့ဂ်ဘာသည် ဂျူဗင်တပ်ကွင်းလယ်၏ အဓိကဘောလုံးသမား ဖြစ်လာသကဲ့သို့ အီဗရာသည်လည်း ဂျူဗင်တပ် ဘယ်ခြမ်းတွင် အားထားရသူ ဖြစ်လာသည်။
ကွင်းလယ်လူ ပေါ့ဂ်ဘာသည် တစ်နိုင်ငံတည်းသားလည်း ဖြစ်၊ မန်ယူကစားဖော်ဟောင်းလည်း ဖြစ်သော အီဗရာကို တွဲဖက်ကာ ကူညီပံ့ပိုးပေးသောကြောင့် ပေါ့ဂ်ဘာ အီဗရာအတွဲသည် ဂျူဗင်တပ်ကို များစွာ အထောက်အကူပြုခဲ့သည်။ တစ်ဖန် ၀ါရင့်တိုက်စစ်မှူး တေဗက်ဇ်သည် ဂျူဗင်တပ် ရောက်လာပြီးနောက် 'ငယ်မူငယ်သွေး' ပြန်ပေါ်လာကာ အသင်းအတွက် အနာခံပြီး ဖျစ်ညှစ်ကစားပေးသည်။ သို့ကလိုကြောင့် မန်ယူကစားသမားဟောင်း သုံးယောက်သည် ဂျူဗင်တပ်တွင် တစ်ကျော့ ပြန် ခြေစွမ်းပြကာ အသင်းကို အောင်မြင်မှု လမ်းကြောင်းပေါ်သို့ တွန်းပို့ကြကြောင်း ပရီမီယာလိဂ် ကျွမ်းကျင်သူအချို့က ထောက်ပြ ခဲ့သည်။ (ဆက်လက်ဖော်ပြပါမည်)















