ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဘာစီလိုနာက ဂျူဗင်တပ်ကို၃-၁ ဖြင့်အနိုင်ရခြင်းနှင့်အတူ
၂၀၁၄-၁၅ ဥရောပဘောလုံးရာသီ ကန့်လန့်ကာချ ပြီးဆုံးသွားသည်။
သို့ရာတွင် ရက်ပိုင်းသာခြားပြီး ယူရို ၂၀၁၆ ခြေစစ်ပွဲများ တစ်ကျော့ပြန်လည်ဝင်ရောက်လာသောကြောင့်
ဥရောပတိုက်မှ လက်ရွေးစင်ဘောလုံး သမားများသည် နားရက်ထဲမှ 'ဖဲ့'ပြီး နိုင်ငံအသင်းအတွက်
ကစားပေးရဦးမည်။ ယခုတစ်ကြိမ် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွင် အုပ်စု(H)မှ ထိပ်သီး
အီတလီအသင်းသည် အဓိကပြိုင်ဘက် ခရိုအေးရှားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့်
အရေးကြီးသည်။ အုပ်စု (H)တွင် ခရိုအေးရှားသည် ၁၃ မှတ်ဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာမှ
အီတလီကို နှစ်မှတ်ဖြတ်ထားသည်။ ယခုတစ်ခေါက် ခရိုအေးရှားမြေပေါ် ယှဉ်ပြိုင်ရမည့်
ပွဲစဉ်သည် အီတလီအသင်းအတွက် အုပ်စုဗိုလ်စွဲ နိုင်ခြေ ရှိမရှိကို အတိုင်းအတာတစ်ခုထိ
အဆုံးအဖြတ်ပေးနိုင်သည်။
အစောပိုင်းက သုံးပွဲဆက်တိုက်နိုင်ခဲ့သော အီတလီအသင်းသည် ၂၀၁၄ ခု၊ နိုဝင်ဘာ ၁၆ ရက်၊
အိမ်ကွင်းပွဲစဉ်၌ ခရိုအေးရှားကို ၁-၁ သရေကျခဲ့သည်။ တစ်ဖန် ၂၀၁၅ ခု၊ မတ်လ ၂၈ ရက်တွင်
ဘူလ်ဂေးရီးယားနှင့် ၂-၂ ထပ်မံသရေကျသောကြောင် အဖိုးတန်လေးမှတ် လက်လွှတ်
ဆုံးရှုံးသွားသည်။ ထိုပွဲစဉ်တွင် ဘူလ်ဂေးရီးယား ကစားသမား မီနက်ဗ် ကိုယ့်ဂိုး ကိုယ်သွင်းမိ၍
ပထမပိုင်း ၄ မိနစ်မှာပင် အီတလီတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ရှစ်မိနစ်အတွင်း
နှစ်ဂိုးဆက်တိုက်သွင်းခံလိုက်ရသောကြောင့် နောက်ကပြန် လိုက်ကစားရပြီးမှ ချေပဂိုး
သွင်းယူနိုင်ခြင်း ဖြစ်သည်။ အုပ်စုတွင်း အဆုံးအဖြတ် ပွဲစဉ်နှစ်ခုဖြစ်သော ခရိုအေးရှား၊
ဘူလ်ဂေးရီးယားတို့နှင့် ဆက်တိုက်သရေကျလိုက်သောကြောင့် အီတလီ အသင်းအပေါ်
ဝေဖန်မှုနှင့်ဖိအားများ မြင့်တက် သွားသည်။
ထိုနှစ်ပွဲစလုံးတွင် အီတလီသည် အဖွင့်ဂိုးရပြီးမှ ချေပဂိုးများ သွင်းခံရခြင်း ကြောင့် ခံစစ်လုံခြံုမှုနှင့်
စိတ်ဓာတ်ကြံ့ခိုင်မှုများ အပေါ် မေးခွန်းထုတ်ရတော့မလို ဖြစ်သွားသည်။ အိမ်ကွင်း၌
ခရိုအေးရှားနှင့် ၁-၁ သရေ ကျသောပွဲစဉ်တွင် အီတလီအသင်းသည် လူစုံထည့်သွင်း
ကစားသွားပြီး ဂျူဗင်တပ် ကွင်းလယ်ဖန်တီးရှင် ပီယာလိုမှလွဲ၍ အဓိက ဘောလုံးသမား
အားလုံး ပါ၀င်ခဲ့သည်။ ထိုပွဲတွင် အိမ်ရှင်အားသာချက်လည်း ရှိသောကြောင့် အီတလီ
အသင်း၏ စွမ်းဆောင်ရည် သည် အထိုက်အလျောက်တော့ ကောင်းမွန် ခဲ့သည်။
သို့ရာတွင် ခရိုအေးရှားနှင့် သရေကျပြီးနောက် ဘူလ်ဂေးရီးယားမြေပေါ် ကစားသောပွဲစဉ်တွင်
အီတလီနည်းပြ ကွန်တီသည် အရန်ဂိုးသမား စီရီဂူကို ပွဲထုတ်ခဲ့ပြီး သုံးယောက်ခံစစ်အထိုင်
ကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ဗဟိုခံစစ်အထိုင် အင်တာအသင်းခေါင်းဆောင်
ရာနော့ချီယာ မပါ၀င်ဘဲ တိုရီနိုနောက်ခံလူ ဒါမီယံကိုလည်း wing-back နေရာရွှေ့ပြီး
အတက်အဆင်း ကစားစေသောကြောင့် ခံစစ်လုံခြံုကျစ်လျစ်မှု ကို အနည်းငယ် ထိခိုက်သွားပုံ
ရသည်။ ဗဟိုခံစစ်တွင် ဂျူဗင်တပ်အမာခံများ လည်းဖြစ်၊ တပည့်ဟောင်းများလည်းဖြစ်သော
ဘာဇာဂလီ၊ ဘိုနုချီ၊ ချီလီနီတို့သုံးယောက်ကို ထည့်သွင်းခဲ့ရာ နားလည်ချိတ်ဆက်မှုကောင်းမွန်သော်
လည်း ပြေးအားနှင့် ရွေ့လျားမှုပိုင်း များ ကျဆင်းသွားသည်။
၎င်းတို့သုံးယောက် စလုံး ကလပ်အသင်းအတွက် အရေးကြီးသောပွဲစဉ်များ ဆက်တိုက်
ကစားနေရသောကြောင့် အီတလီ လက်ရွေးစင်အသင်းအတွက် ကစား ပေးရသောအခါ
ပါ၀ါပိုင်းကို 'ချွေ'ကစားသွား ကြသည်။ ထိုအချက်များကို အခွင့်ကောင်းယူကာ
ဘူလ်ဂေးရီးယားက အဝေးဘော၊ အပေါ် ဘောများဖြင့် လျင်မြန်စွာ ရွေ့လျားကစား သောအခါတွင်
အီတလီခံစစ်ကြောင်း၏ ကစားအားရော ကျစ်လျစ်မှုပါ ကျဆင်းသွား သည်။ အကယ်၍
အီတလီခံစစ်ကြောင်းတွင် အင်တာမီလန်အသင်း ခေါင်းဆောင် ရာနော့ ချီယာသာ ပါ၀င်ခဲ့ပါက
ဘူလ်ဂေးရီးယားတို့၏ အမြင့်ဘော၊ အပေါ်ဘောများကို ကာကွယ် ရှင်းထုတ်ရာ၌ အထောက်
အကူပြုနိုင်လိမ့်မည်ဟု ယူဆမိသည်။
အီတလီနည်းပြ ကွန်တီသည် ခရိုအေးရှား နှင့် ရင်ဆိုင်ခဲ့သောပွဲတွင် ကွင်းလယ်ကို
အင်အားအပြည့် ထည့်သွင်းခဲ့သော်လည်း ဘူလ်ဂေးရီးယားနှင့်ပွဲစဉ်တွင် ကွင်းလယ်
အပြောင်းအလဲပြုလုပ်ပြီး 'ချို'လိုက်သည်။ သမ္ဘာရှိသော အဓိက ကွင်းလယ်လူများဖြစ်ကြသည့်
ဒီရော့စီ (ရိုးမား)၊ မာချီစီယို (ဂျူဗင်တပ်) နှင့် ပါစကွယ်လီ (ဖီအိုရင်တီးနား)တို့လို
အသင်းကြီးတွေမှာ ခြေစွာနေသူများကို 'ခေါက်' ထားလိုက်သည်။ ထိုအချက်က အီတလီ
ကွင်းလယ် တည်ငြိမ်မှုအတွက် ၎င်းတို့ သုံးယောက်၏ အနေအထားနှင့် အခန်းကဏ္ဍကို
မီးမောင်းထိုးပြလိုက်သလိုရှိသည်။ ဘူလ်ဂေးရီးယားနှင့်ပွဲတွင် အီတလီ ကွင်းလယ်၌
သမ္ဘာရှိသူဟူ၍ ကန်ဒရီဗာ (လာဇီယို)တစ်ဦးသာ ပါ၀င်ပြီး ကျန်ကစား သမားများမှာ
လူငယ်၊ လူသစ်များ ဖြစ်ကြသည်။
ပီအက်စ်ဂျီကွင်းလယ်စတား မာကိုဗာရက်တီမှလွဲပြီး ကျန်ကစားသမားများမှာ ထိပ်တန်း
အသင်းကြီးတွင် ကစားနေသူများ မဟုတ်ကြသောကြောင့် ဖိအားမြင့်တက်လာချိန်တွင်
တည်ငြိမ်မှု လျော့ကျသွားသည်ကို တွေ့ရသည်။ ဘူလ်ဂေးရီးယားနှင့် ယှဉ်ပြိုင်ခဲ့သော
အီတလီအသင်း၏ ကွင်းလယ်သည် ဘောလုံး 'ကိုင်'ခြင်းနှင့် ပြန်လည်ဖြန့်ထုတ်ခြင်းများတွင်
စွမ်းဆောင်ရည်ကျဆင်းသွားသည်။ အီတလီ 'ပျော့ကွက်'ပေါ်လိုက်ပြီး ဘူလ်ဂေးရီးယားဘက်မှ
အမြင့်ဘော၊ အဝေးဘောများဖြင့် အသုံးပြုကာ ခပ်သွက်သွက် ခပ်ကြမ်းကြမ်း ကစားသောအခါ
အီတလီကွင်းလယ်သည် ပျာယာခတ်သွားသည်။
ပြိုင်ဘက်၏ 'ကစား ရှိန်'ကို စနစ်တကျ ထိန်းချုပ်ခြင်း၊ လျှော့ချခြင်း များ မလုပ်ဆောင်နိုင်ခြင်းတို့ကြောင့်
တန်ပြန် တိုက်စစ်မိလျင် အူယားဖားယားနှင့် နောက် တန်းဆင်းပြေးကြရသည်။ ၀ါရင့် ရိုးမား
ကွင်းလယ်လူ ဒီရော့စီ မပါ၀င်ခြင်းကြောင့် ကွင်းလယ်တွင် ကွပ်ကဲမှုနှင့် လူခွဲ၊ လူကပ်၊
နေရာယူရန် အော်ဟစ်ညွှန်ကြားမှု မရှိတော့ ဘဲ အီတလီကွင်းလယ်သည် သိသိသာသာ
အားပျော့သွားသည်။ မာချီစီယို မပါ၀င်ခြင်းကြောင့် ကွင်းလယ် ကစားကွက် ဖန်တီးမှုပိုင်း
အားနည်းသွား သည်။ နည်းပြကွန်တီသည် မာချီစီယိုနေရာ ၀င်ရောက်ကစားသော
မာကိုဗာရက်တီကို ဗဟိုပြုပြီး အီတလီကွင်းလယ်ကို တည်ဆောက် ဖို့ ကြိုးပမ်းသော်လည်း
လက်တွေ့တွင် လိုအပ်ချက်များ ရှိနေသေးသည်ကို တွေ့ရသည်။ အထူးသဖြင့် ဘောလုံး 'ခင်း
'ပေးခြင်းနှင့် ကစားကွက်ပုံဖော်ခြင်းများတွင် ဗာရက်တီ သည် မာချီစီယိုနှင့် ကွာဟမှုရှိသည်။
မာချီစီယို သည် ဂျူဗင်တပ်တွင် ကွင်းလယ်ဖန်တီးရှင် ပီယာလိုနှင့် တွဲကစားဖူးသော အတွေ့အကြံု
ကြောင့် အီတလီအသင်းအတွက် များစွာ အထောက်အကူပြုသည်။ အီတလီတိုက်စစ်တွင်
ဒေါ့မွန်၌ ခြေစွာနေ သော အင်မိုဘီလီနှင့် ဆက်စူလိုတိုက်စစ်မှူး ဆင်မြွန်နီဇာဇာတို့ကို
ပုံသေပွဲထုတ်သောကြောင့် နားလည်မှုကောင်းပြီး သွက်လက် သည်။ သို့ရာတွင် ကွင်းလယ်
ပံ့ပိုးမှုပေါ် မူတည် ကာ တိုက်စစ်အတက်အကျ ရှိတတ်သည်။ ယခုတစ်ခေါက် ဇွန်လ ၁၂ ရက်တွင်
အီတလီအသင်းသည် ယူရို ၂၀၁၆ ခြေစစ်ပွဲ၊ အုပ်စုအရေးကြီး ပွဲစဉ်အဖြစ် ခရိုအေးရှားနှင့်
ရင်ဆိုင်ရမည်။
တစ်ဖန် ဇွန်လ ၁၆ ရက်တွင် ပေါ်တူဂီနှင့် ခြေစမ်းမည်ဖြစ်ရာ ယင်းနှစ်ပွဲ အတွက် အီတလီ
နည်းပြကွန်တီသည် လူစာရင်း ရွေးချယ်သောအခါ ကွင်းလယ်ကစားသမား အစုံအလင်
ပြန်လည်ခေါ်ယူထားသည်ကို တွေ့ရသည်။ ကွင်းလယ်၌ ဒီရော့စီ(ရိုးမား)၊ မာချီစီယို နှင့်
ပီယာလို (ဂျူဗင်တပ်)၊ ပါရိုလိုနှင့် ကန်ဒရီဗာ(လာဇီယို)တို့ကို လူစုံခေါ်ယူထား သည်။
တစ်ဖန် ဆမ်ဒိုးရီးယားနှင့် ဂျီနိုအာ ကလပ်အသင်းများတွင် ခြေစွာနေကြသော ဆိုရီယာနိုနှင့်
ဘာတိုလက်စီတို့ကို ခေါ်ယူ ထားသည်။ ၀ါရင့်ကွင်းလယ်ဖန်တီးရှင် ပီယာလို ပြန်လည်
ပါ၀င်လာသောကြောင့် အီတလီကွင်းလယ်ကစားကွက် ပြန်လည် တိုးတက်လာမည်ဟု
ယူဆရသည်။
အီတလီ ကွင်းလယ်လူများကို ခြံုကြည့်ပါက အသက် အရွယ်အားဖြင့် အနည်းငယ်ကြီးနေသော်
လည်း သမ္ဘာနှင့်အတွေ့အကြံုပိုင်း ကောင်းမွန် မြင့်မားသူများ ဖြစ်ကြသည်ကို တွေ့ရသည်။
တစ်ဖန် ခံစစ်ကြောင်းတွင်လည်း မာကျော ပြီး အပေါ်ဘော၊ အဝေးဘောများ ကာကွယ်
ရှင်းထုတ်ရာ၌ အားကိုးရသော အင်တာမီလန် အသင်းခေါင်းဆောင် ရာနော့ချီယာ ပြန်လည်
ပါ၀င်လာပြီး ရိုးမားတွင် တစ်ကျော့ပြန် ခြေစွမ်း ပြလာသည့် ၀ါရင့်နောက်ခံလူ အက်စ်တိုရီကို
လည်း ခေါ်ယူထားသည်။ တိုက်စစ်တွင် ဆက်စူလိုအသင်း၌ ခြေစွာလာသော ဆန်ဆိုနီ၊
ဒဏ်ရာရပြီးနောက် ပုံမှန် ခြေစွမ်း ပြန်လည်ရရှိဖို့ ရုန်းကန်နေရသော ကြောင့် လက်ရွေးစင်
အသင်းမှ ကာလအတန် ကြာ ပျောက်သွားသော အေစီမီလန်တိုက်စစ်မှူး အဲလ်ရှော်ရေး၊
ပါလာမိုတွင် ခြေစွာလာသော ကြောင့် ထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင် စားခြင်းခံနေရသော
ဗက်ဇ်ကက်ဇ်တို့ကို ခေါ်ယူအားဖြည့်ထားသည်။ တစ်ဖန် ၀ါရင့်တိုက်စစ်သမားများဖြစ်ကြသော
ပယ်လေး(ဆောက်သင်တန်)၊ မာထရီ (ဂျူဗင်တပ်)တို့လည်း ပါ၀င်လာသောကြောင့် အီတလီ
တိုက်စစ်အင်အားသည် ယခင်ပွဲစဉ်များထက် ပိုမို တောင့်တင်းလာသည်ဟု ယူဆမိသည်။
ဆိုရပါလျှင် အီတလီနည်းပြ ကွန်တီအနေဖြင့် ယခုတစ်ခေါက် ပွဲစဉ်များအတွက် သမ္ဘာ ရှိသော
လူဟောင်းများကို အများဆုံး ခေါ်ယူ ထားပြီး လူငယ်ကစားသမား အနည်းငယ်သာ ပါ၀င်သည်။
အထူးသဖြင့် ခံစစ်ကြောင်းနှင့် ကွင်းလယ်တွင် လူဟောင်းများဖြင့် အဓိက 'တည်' ပြီး လူငယ်
တစ်ယောက်စ၊ နှစ်ယောက်စ ကိုသာ ထည့်သွင်းသုံးစွဲမည်ဟု ခန့်မှန်းမိ သည်။ သို့ရာတွင်
တိုက်စစ်ပိုင်းကို ခပ်သွက်သွက် ကစားနိုင်ရန်အတွက် လူငယ်တိုက်စစ်သမား များကို
ပွဲထုတ်လာဖွယ်ရှိသည်။ အီတလီအနေဖြင့် ခရိုအေးရှားကွင်းတွင် အရေးနိမ့်ခဲ့ ပါက
အုပ်စုဗိုလ်စွဲနိုင်ခြေ နည်းပါးသွားမည် ဖြစ်သောကြောင့် ယခုပွဲကို သမ္ဘာနှင့်ထိန်းပြီး
အနည်းဆုံး သရေကစားသွားနိုင်မည်ဟု ယူဆမိသည်။















