စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၂၈)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးရဲ့
မီတာ ၅,၀၀၀ အပြေးပြိုင်ပွဲနဲ့ မီတာ ၁၀,၀၀၀ အပြေးပြိုင်ပွဲတွေမှာ နိုင်ငံအသီးသီးက အမျိုးသမီး
အပြေးသမားတွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီထဲမှာ ထူးခြားနေတာက ဖိနပ်မစီးဘဲ ပြိုင်ပွဲဝင်နေတဲ့ မြန်မာ့လက်ရွေးစင်အပြေးသမား တစ်ဦးပါ။
သူကတော့ မြန်မာနိုင်ငံရဲ့ အပြေးမယ် မပပပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲကြီးမှာ ဖိနပ်မပါဘဲ သူပြေးတာကို ပရိသတ်တွေရော နိုင်ငံခြားမီဒီယာတချို့ကပါ
စိတ်ဝင်စားခဲ့ကြသလို မေးမြန်းခဲ့ကြပါတယ်။
တော်တော်များများက ဖိနပ်မပါဘဲ သူပြေးတာကို ခုမှ သတိထားမိကြပေမယ့် သူကတော့
လက်ရွေးစင်စဖြစ်တဲ့ ၁၉၉၃ ခုနှစ် ကတည်းက ဖိနပ်မပါဘဲ ပြိုင်ပွဲအလီလီကို ၀င်ရောက်
ယှဉ်ပြိုင်ခဲ့တာပါ။
"လက်ရွေးစင်စဖြစ်တဲ့ ၁၉၉၃ ခုနှစ်ကတည်းက ဖိနပ်ချွတ်ပြီး ပြေးခဲ့တာပါ။ ဒီလိုပြေးရတာ
ကိုယ့်အတွက် ပိုပြီးအားသန်တယ်လို့ ထင်တယ်။ လွတ်လပ်သလို ခံစားရတယ်။ ဒါကြောင့်
ဖိနပ်မစီးဘဲပြေးတာပါ" လို့ မပပ က မြန်မာတိုင်း(မ်)ကို စင်ကာပူမှာ တွေ့ဆုံစဉ် ပြောပါတယ်။
လေ့ကျင့်မှုတွေကို ရန်ကုန် အောင်ဆန်းအားကစားကွင်းမှာလည်း ပြုလုပ်ခဲ့လေ့ရှိပြီး
လေ့ကျင့်နေချိန်မှာတော့ ဖိနပ်စီးပြီး လေ့ကျင့်တယ်လို့ သူကပြောပါတယ်။
"လေ့ကျင့်နေချိန်မှာတော့ ဖိနပ်နဲ့ လုပ်ပါတယ်။ ပြိုင်ပွဲကျရင်တော့ ဖိနပ်ချွတ်ပြီးပြေးတာပဲ"လို့ သူက
ပြောပါတယ်။
ဖိနပ်နဲ့ ပြေးဖူးခဲ့ပေမယ့် အားမရဘူးလို့လည်း သူက ပြောပါတယ်။
"ဖိနပ်နဲ့ စမ်းသပ်ပြီး ပြေးဖူးပါတယ်။ ဒါပေမဲ့ အားမရဘူး။ မာရသွန်ပြိုင်ပွဲဆိုရင်တော့ ဖိနပ်နဲ့ပဲ
ပြေးပါတယ်။
မီတာ ၅,၀၀၀ တို့ မီတာ ၁၀,၀၀၀ အပြေးတွေကိုတော့ ဖိနပ်ချွတ်ပဲ ပြေးပါတယ်။ ဖိနပ်ချွတ်ပြေးမှပဲ
ကိုယ့်ကိုယ်ကိုယ် သက်သာတယ်လို့ ထင်တယ်"လို့ မပပက ပြောပါတယ်။
အပြေးသမားဟာ ဖိနပ်နဲ့ပြေးဖို့ လိုအပ်ကြောင်းသိပေမယ့် သူရဲ့စိတ်ကိုက ဖိနပ်ချွတ်ပြီးပြေးရင်
ပိုပြီးအားရှိသလိုထင်ကြောင်း ပြောပါတယ်။
"ဖိနပ်နဲ့ပြေးတာကို ပိုပြီးတော့ ကောင်းတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ကိုက
ဖိနပ်ချွတ်ပြီးပြေးတာကို ပိုပြီးတော့ အားရှိတယ်လို့ ထင်နေတာ။ တကယ်တော့ အဲဒီစိတ်က
မကောင်းပါဘူး။ ဖိနပ်ချွတ်ပြေးတဲ့အတွက် ကိုယ်က တစ်ပန်းရှုံးနေပြီ။
"ဖိနပ်ချွတ်ပြေးတဲ့အတွက်တော့ တစ်ခါမှ ဒဏ်ရာကြီးကြီးမားမား မရဖူးပါဘူး။ ဒါပေမဲ့
ဖိနပ်ချွတ်ပြေးတိုင်း စပြေးခါစမှာ နည်းနည်း နာပါတယ် နောက်တော့ ပြေးရင်းပြေးရင်း သွေးပူတော့
မနာတော့ပါဘူး။
"ဖိနပ်ချွတ်ပီးပြေးတာနဲ့ ၀တ်ပီးပြေးတာ ရလဒ်တွေ မကွာခဲ့ပါဘူး။ ဖိနပ်ဝတ်ပြီး ပြေးတော့လည်း
ရလာဒ်တွေ ကောင်းခဲ့ပါတယ်။ လွတ်လွတ်လပ်လပ် ပြိုင်ပွဲဝင်ချင်တာကြောင့် ဖိနပ်ချွတ်ပြီး
ပြေးတာပါ" လို့ သူက ပြောပါတယ်။
မြန်မာ့ဂုဏ်ဆောင်အဖြစ် နိုင်ငံတကာပြိုင်ပွဲတွေကို နှစ် ၂၀ ကျော်ကြာ ၀င်ရောက် ယှဉ်ပြိုင်လာခဲ့တဲ့
မပပဟာ အခြားနိုင်ငံတွေက ငယ်ရွယ်တဲ့ အပြေးသမား မျိုးဆက်သစ်တွေနဲ့ ယှဉ်ပြိုင်တဲ့အချိန်မှာ
အသက်အရွယ်အရ တစ်ပန်းရှုံးနေတယ်ဆိုတာကိုတော့ အခုပြိုင်ပွဲမှာ တွေ့နေရပါတယ်။
ဒါပေမဲ့ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မပပ အတွက် အခုဆီးဂိမ်းက နောက်ဆုံးပြိုင်ပွဲ ဖြစ်ပါတယ်။
အသက်အရွယ်ကြောင့် ကစားသမားဘဝကို အနားယူတော့မယ်လို့ မပပက ပြောပါတယ်။
"အသက် ကိုးနှစ်လောက်ကတည်းက စပြေးလာခဲ့တာ။ ၁၉၉၃ ခုနှစ်မှ နိုင်ငံလက်ရွေးစင်ဖြစ်တယ်။
အခု ၂၀၁၅ လေ။ အစ်မအသက်လည်း ၃၆ နှစ်ရှိပြီ။ အငယ်တွေနဲ့ ယှဉ်ပြီး မလုပ်နိုင်တော့ဘူး။
မပြေးနိုင်တော့ဘူး။ အနားယူတော့မယ်"လို့ သူက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ဇာတိဖြစ်တဲ့ မပပဟာ ငယ်စဉ်က အစ်မတွေနဲ့ ကျောင်းသား
အားကစားပွဲတော်ကို လိုက်သွားရင်းနဲ့ အပြေးသမား ၀ါသနာပိုးဝင်ခဲ့တာပါ။
"အဲဒီတုန်းက အသက် ရှစ်နှစ်၊ ကိုးနှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်။ အစ်မတွေနဲ့ ကျောင်းသား
အားကစားပွဲတော်ကို လိုက်သွားခဲ့တာ။ သူ့တို့က ၀င်ပြီးအပြေးပြိုင်ကြတယ်။ သူတို့ပြေးတာ
ကြည့်ရင်း ကိုယ်လည်း ပြေးချင်လာတာနဲ့ ၀င်ပြေးရင်း ၀ါသနာစတာပဲ"လို့ သူကပြောပါတယ်။
"ကျောင်းသားပြိုင်ပွဲကနေ တိုင်းနဲ့ပြည်နယ်ပြိုင်ပွဲ၊ တိုင်းနဲ့ပြည်နယ်ကနေ လက်ရွေးစင်ဖြစ်တဲ့အထိ
ပါပဲ"လို့ သူက လက်ရွေးစင်ဘဝ ရောက်လာတဲ့အကြောင်းကို ပြောပါတယ်။
မျိုးဆက်သစ် အားကစားသမားတွေ ရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး ခါးဆက်ပြတ်နေတဲ့ အားကစားနည်း
တွေထဲမှာ မပပတို့ ပြေးခုန်ပစ်အားကစားလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့အားကစား တိုးတက်စေဖို့အတွက် ကျောင်းသားအားကစားပွဲတော်တွေ
ပြုလုပ်ပေးသင့်တယ်လို့လည်း အကြံပြုပါတယ်။
"ကျွန်မရဲ့အားကစားသမားဘဝ အစကလည်း ကျောင်းသားအားကစားပွဲတော်ကြောင့်ပဲလေ။
ဒါကြောင့် ကျောင်းသားအားကစားပွဲတော်တွေ လုပ်ပေးသင့်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေ
ပေါ်ထွက်လာအောင်ပေါ့။ အခုဆိုရင် ကျောင်းသားအားကစားပွဲတော်ဆိုတာ မရှိတော့ဘူးလေ။
အားကစားတွေက အကုန်မျိုးဆက်ပြတ်ကုန်တာ။ အစ်မတို့ ပြေးခုန်ပစ်ဆိုရင် ပိုဆိုးပါတယ်။
ရှိတဲ့လူဟောင်းတွေပဲ ပြန်ပြန် သုံးနေရတာ။ လူဟောင်းတွေကလည်း အသက်ကြီးနေကြပြီလေ။
အရင်လို ဘယ်လုပ်နိုင်ကြတော့မလဲ"လို့ မပပက ပြောပါတယ်။
မပပက ကစားသမားဘဝက အနားယူပြီဆိုပေမယ့် နည်းပြတစ်ယောက်အဖြစ် မြန်မာနိုင်ငံ
ပြေးခုန်ပစ်အဖွဲ့မှာ ဆက်လုပ်သွားပြီး မြန်မာနိုင်ငံအတွက် မျိုးစက်သစ်တွေကို ပြုစုပျိုးထောင်
ပေးချင်တယ်လို့ ဆိုပါတယ်။
"ကစားသမားဘဝက အနားယူပီဆိုတော့ နည်းပြလုပ်ဖို့ စိတ်ကူးရှိပါတယ်။ မျိုးဆက်သစ်လေးတွေ
မွေးထုတ်ပေးချင်သေးတယ်။ ကိုယ့်အတွေ့အကြံုတွေကို၊ အငယ်တွေကို ပြောပြချင်တယ်။
နည်းပြဘဝကို ဒီဆီးဂိမ်းပြိုင်ပွဲပြီးတာနဲ့ စတင်သွားမယ်" သူက ပြောပါတယ်။
မပပဟာ အခုဆီးဂိမ်းပြိုင်ပွဲ အမျိုးသမီး မီတာ ၅,၀၀၀ နဲ့ မီတာ ၁၀,၀၀၀ ပြိုင်ပွဲတွေမှာ ၀င်ရောက်
ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲစလုံးမှာ အဆင့် (၆) သာရခဲ့ပါတယ်။
ယှဉ်ပြိုင်ခဲ့သမျှ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ကို အရမ်းလိုချင်ခဲ့ပေမယ့်လည်း ငွေတံဆိပ်နဲ့
ကြေးတံဆိပ်တွေသာ ရရှိခဲ့လို့ စိတ်မကောင်းကြောင်းလည်း သူက ပြောပါတယ်။
"ရွှေတံဆိပ်ကို အရမ်းလိုချင်ခဲ့ပါတယ်။ ဒါပေမဲ့ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်တွေပဲ ရခဲ့လို့
စိတ်မကောင်းဖြစ်တယ်။ ဒီနှစ်လည်း နောက်ဆုံးပြိုင်ပွဲဆိုတော့ ရလဒ်ကောင်းအောင် သေချာလေး
လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ အသက်ကကြီးနေပြီလေ။ ကိုယ့်ကိုယ်ကိုယ် အားမရဘူး"လို့ သူက
ပြောပါတယ်။
မပပ ခြေဗလာနဲ့ အားကြိုးမာန်တက် ပြိုင်ပွဲဝင်နေတဲ့ ပုံတွေကတော့ နိုင်ငံတကာနဲ့ ပြည်တွင်း
မီဒီယာတွေမှာ ဖော်ပြခံခဲ့ရပြီး ပြေးခုန်ပစ်လို လူတွေ သိပ်စိတ်မဝင်စားတဲ့ အားကစားကို
ပရိသတ်တွေ သတိပြုမိလာခဲ့စေပါတယ်။
ရွှေတံဆိပ်မရခဲ့ပေမယ့် နိုင်ငံအတွက် နှစ်ပေါင်းများစွာ ကြိုးစားဂုဏ်ဆောင်ပေးခဲ့တဲ့ မပပလိုပဲ
မျိုးဆက်သစ် အားကစားသမားတွေကို စဉ်ဆက်မပြတ်မွေးထုတ်သွားနိုင်မှသာ မြန်မာ့အားကစားက
ကမ္ဘာကို လွှမ်းမိုးနိုင်မှာ ဖြစ်ပါတယ်။















