တောင်အမေရိကတိုက် ချီလီနိုင်ငံမှာ ကိုပါ အမေရိကဖလား ၂၀၁၅ ကို ခြိမ့်ခြိမ့်သဲသဲကျင်းပနေပြီ
ဖြစ်ပါတယ်။
အပုပ်နံ့တထောင်းထောင်းထနေတဲ့ဖီဖာဥက္ကဋ္ဌဆပ်ဘလတ္တာကိုဥရောပပါလီမန်ကတောင်ချက်ချင်းနုတ်
ထွက်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုနေကြပါတယ်။ ဖီဖာတစ်ခုလုံးဗြောင်းဆန်အောင်
လှုပ်ခါယမ်းနေတဲ့အချိန် မှာ ဒီအကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ် ယူပြုလုပ်မှုနဲ့ ကိုယ်ကျိုးရှာ
ငွေကြေးအလွဲ သုံးစားလုပ်မှုတွေဟာ ရောဂါပိုးတစ်ခုလို ပျံ့နှံ့ ကူးစက်ပြီး အတ္တလန္တိတ်သမုဒ္ဒရာကို
ကျော်ဖြတ်လာတာကတော့ တကယ့်ကို စိတ်မကောင်းစရာဖြစ်ပါတယ်။
ဒါဟာ ကျင်းပ နေတဲ့ ကိုပါအမေရိကဖလား ၂၀၁၅ ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတာပါ။
ပြဿနာရဲ့အစကတော့ ဖီဖာက ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ရွေးချယ်ပွဲ နောက်ကွယ်မှာ
လာဘ်ပေးလာဘ်ယူမှုတွေ ရှိခဲ့တယ်၊ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်
ထွက်ပေါ် လာရာကနေ စတင်ခဲ့တာပါပဲ။ ဒီအချိန်အထိ ဘလတ္တာက ခေါင်းမာနေတုန်းပါပဲ။
အလားတူ ဖီဖာရဲ့ ကျင့်ဝတ်ကော်မတီတရားသူကြီးဖြစ် တဲ့ 'ဂျိုအာချင်အက်ကက်'ကလည်း
ကမ္ဘာ့ ဖလား စုံစမ်းစစ်ဆေးမှုတွေအရ မသမာမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ မတွေ့ရှိရပါဘူးလို
့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ဒီဇင်ဘာလထဲမှာ ဖီဖာက တာဝန်ရှိသူငါးဦးဟာ အိမ်ရှင်မဲပေးမှုနဲ့
ပတ်သက်ပြီး ဆွစ်ဇာလန်တရားရုံးမှာ စုံစမ်း စစ်ဆေးမှုတွေကို ပြုလုပ်ခြင်းခံခဲ့ရပါတယ်။
အဲဒီအချိန်မှာပဲ ဖီဖာရဲ့ ကျင့်ဝတ်ကော်မတီ လက်အောက်မှာရှိတဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီ
ဥက္ကဋ္ဌ 'မိုက်ကယ်ဂါစီယာ'ဟာ ဆိုင်းမဆင့်၊ ဗုံမပါ ရုတ်ချည်းနုတ်ထွက်သွားခဲ့ ပါတယ်။
သူ့ရဲ့အကြောင်းပြချက်ကတော့ ဖီဖာဟာ သူ့ရဲ့အစီရင်ခံစာကို ပြည့်စုံလုံလောက် စွာ ချပြခြင်းမရှိဘဲ
တည်းဖြတ်ထုတ်ပြန်ခဲ့ တယ်လို့ ယူဆလို့ဖြစ်တယ်လို့ အကြောင်းပြ ခဲ့ပါတယ်။ စစ်ဆေးခြင်းခံနေရ
သူတွေရဲ့ အမည်ကို ဘလတ္တာက အပြည့်အစုံ ထုတ်ဖော်ပြောကြား ခြင်းမရှိပေမယ့် စပိန်ဘောလုံး
အဖွဲ့ချုပ်ဥက္ကဋ္ဌ 'အိန်ဂျယ်ဗီလာ' ထိုင်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ 'မာကူဒီ' နဲ့ ဘယ်လ်ဂျီယံ ဘောလုံး
အဖွဲ့ချုပ်ဥက္ကဋ္ဌ 'ဒီဟူးဂီ'တို့ ပါ၀င်နေတယ်လို့ ဥရောပမီဒီယာတွေက ဖွင့်ချခဲ့ပါတယ်။ အဲဒီလို
အခြေအနေရှုပ်ထွေးနေစဉ်မှာပဲ ၂၀၀၇ ဒီဇင်ဘာ ရ ရက်နေ့မှာ ပေးပို့ခဲ့တဲ့ 'ဗယ်လ်ကီ'ရဲ့ အီးမေးလ်
တစ်စောင်အပေါ် အခြေခံပြီး ဖီဖာရဲ့အရှုပ်တော်ပုံဟာ ထပ်မံ ကျယ်ပြန့်လာခဲ့ပါတယ်။ ၂၀၁၀
တောင်အာဖ ရိကမှာ ကမ္ဘာ့ဖလားကျင်းပနိုင်ရေးအတွက် တောင်အာဖရိကသမ္မတ
'သာဘိုအမ်ဘီကီ' နဲ့ ဘလတ္တာတို့အကြား တွေ့ဆုံဆွေးနွေးပြီး နောက် ဖီဖာရဲ့ အထွေထွေ
အတွင်းရေးမှူးချုပ် 'ဂျာရိုမီဗယ်လ်ကီ'မှာ တာဝန်ရှိသလိုဖြစ်လာ ခဲ့ပါတယ်။
အဲဒါကတော့ ဖီဖာရဲ့ ဒုဥက္ကဋ္ဌ ဟောင်းတစ်ဦးဖြစ်သူ 'ဂျက်ဝါနာ'ထံ အမေ ရိကန်ဒေါ်လာ ၁၀ သန်း
လွှဲပြောင်းပေးခဲ့တယ် လို့ ဆိုပါတယ်။ ဒါဟာ လက်တင်အမေရိက နိုင်ငံတွေ (ကွန်မီဘောလ်ဇုန်)
က မဲတွေကို လိုချင်လို့ လာဘ်ပေးခဲ့တာဖြစ်တယ်လို့ ယူဆစရာဖြစ်ပါ တယ်။ ၂၀၀၄ ဇူးရစ်မှာ
မဲခွဲတဲ့အခါ တောင် အာဖရိကဟာ အဓိကပြိုင်ပွဲရဲ့ ပြိုင်ဘက် မော်ရိုကိုကို ၁၄-၁၀ မဲနဲ့ အနိုင်ရပြီး
ကမ္ဘာ့ ဖလား ကျင်းပခွင့်ရခဲ့ပါတယ်။ ပုတ်သင်ဥတူး ညောင်မြစ်ပေါ်ဆိုသလို ဂျာမနီမှာ လုပ်ခဲ့တဲ့
ကမ္ဘာ့ဖလားမှာလည်း အဲဒီလို သွယ်ဝိုက်တဲ့နည်းနဲ့ ခြေပုန်းခုတ် လှုပ်ရှားမှုတွေ ပေါ်လာတာကို
တွေ့ရပါတယ်။ ဂျာမနီဟာ ဆော်ဒီရဲ့မဲကို လိုချင်တဲ့အတွက် ဆော်ဒီကို ဒုံးပျံတွေ ပို့ပေးခဲ့ရသလို
ဂျာမနီ ကုမ္ပဏီကြီးတွေကလည်း ဆော်ဒီမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ခဲ့ရပါတယ်။
ဒီကြားထဲ 'ဂျက် ၀ါနာ'ရဲ့ သားကလည်း ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ ဖလားဘောလုံးပွဲလက်မှတ်တွေကို
တရား မဝင် မှောင်ခိုဈေးကွက်ထဲမှာ လှုပ်ရှားပြီး ငွေကြေးခဝါချခဲ့တယ်လို့ ၀န်ခံထွက်ဆိုပြော
ကြားသွားခဲ့ပါတယ်။ ဩဇာတိက္ကမကြီးမားတဲ့ မြောက်နဲ့တောင် အမေရိကက ပုဂ္ဂိုလ်တွေဟာ
အမေရိကန် ဒေါ်လာ သန်း ၁၅၀ ထက်ပိုနိုင်တဲ့ ငွေကြေးကို အလွဲသုံးစားလုပ်ခဲ့ကြပါတယ်။ အဲဒီ
၁၄ ဦး ထဲမှာ ခုနစ်ယောက်က တောင်အမေရိက တိုက်က ဖြစ်ပါတယ်။ ဘရာဇီးလ်နဲ့
အာဂျင်တီးနားက နှစ်ဦး၊ နောက် ပါရာဂွေးနဲ့ ဗင်နီ ဇွဲလားက တစ်ဦးစီ ပါ၀င်တယ်လို့ ဆိုပါတယ်။
ဒီအကျင့်ပျက် ဗိုင်းရပ်စ်ပိုးဟာ တောင် အမေရိကဆီကို ကျော်ဖြတ်ရောက်ရှိလာ ခဲ့ပါပြီ။ မေ ၂၇၊
၂၀၁၅ မှာ ဇူးရစ်မြို့က ဇိမ်ခံဟိုတယ်တစ်ခုမှာ ဖီဖာရဲ့ တာဝန်ရှိသူ ခုနစ်ဦးကို စီးနင်းဝင်ရောက်
ဖမ်းဆီးခဲ့ပါ တယ်။ စူပါပါ၀ါ ဘရာဇီးလ်ရဲ့ တရားရေး ၀န်ကြီး 'အက်ကွာဒိုကာဒိုဇို'က ရဲတွေရဲ့
စုံစမ်း စစ်ဆေးပြုလုပ်မှုအရ ဒါဟာ အမျိုးသားဥပဒေ ဆိုင်ရာအချက်အလက်တွေ ကျိုးပျက်သွားပြီ လို့
ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဇူးရစ်မှာ ဖမ်းဆီးထိန်းသိမ်းခံသူ အချို့ ကတော့ အသက် ၈၃ နှစ်
အရွယ်ရှိပြီ ဖြစ်တဲ့ 'ဂျိုစ်မာရီယာ မာရင်'၊ သူက ဖီဖာရဲ့ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘရာဇီးလ်
ဘောလုံးအဖွဲ့ချုပ် (CBF) ရဲ့ ဥက္ကဋ္ဌဟောင်း လည်း ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ ဘရာဇီးလ်
အသံလွှင့်ဌာနရဲ့ အမှုဆောင် တစ်ဦးဖြစ်တဲ့ အသက် ရ၅ နှစ်ရှိပြီဖြစ်တဲ့ 'ဂျို့စ်မာဂွီလက်' ဖြစ်ပါတယ်။
သူတို့နှစ်ဦးစလုံး အမေရိကန်ရဲ့ ဖက်ဒရယ်စုံစမ်းထောက်လှမ်း ရေး ဗျူရို (FBI) ရဲ့ စုံစမ်းစစ်ဆေးခြင်း
ကိုခံနေရပါတယ်။
ဒါ့ပြင် ဘရာဇီးလ်ရဲ့ နိုင်ငံတကာ ဆီနိတ်တာ တစ်ဦးဖြစ်တဲ့ ရိုမာရီယိုကတော့ ဘရာဇီးလ်
အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရပါ တယ်။ ဖီဖာရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း 'ဂျူလီယို ဂရွန်ဒိုနာ'
လည်း ပါ၀င်ပတ်သက်တယ်လို့ ယူဆရပေမယ့် သူက ပြီးခဲ့တဲ့နှစ်ကပဲ ကွယ်လွန် သွားခဲ့ပါပြီ။
သူက လွှဲပြောင်းပေးတဲ့ ငွေကြေး တွေကို လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။ အာဂျင်တီးနား
အားကစားဈေးကွက် ရှာဖွေရေး အမှုဆောင် 'အလက်ဂျန်ဒရို ဘာဇာဂို'(အသက် ၅၀)နဲ့ အသက်
၄၀ ရှိပြီ ဖြစ်တဲ့ 'ဟူဂိုဂျင်ကစ်'တို့ဟာလည်း အမေရိကန် င်္FBI ရဲ့အလိုရှိတဲ့ စာရင်းထဲမှာ
ပါ၀င်နေပါတယ်။
'ဘာဇာဂို'ဟာ ပြီးခဲ့တဲ့လ ဇူးရစ် ၀င်ရောက်စီးနင်းမှုမှာ လွတ်မြောက်သွားခဲ့ပေမယ့် အီတလီ
ရဲတပ်ဖွဲ့တွေက သူ့ကို အပူ တပြင်းလိုက်လံရှာဖွေနေတာကို ခံနေရပါ တယ်။ ဗင်နီဇွဲလား
ဘောလုံးဥက္ကဋ္ဌ 'ရာဖေးလ် အက်စ်ကျူဗယ်လ်'ကတော့ ဘရာဇီးလ် အက်ဖ်အေရဲ့ တားမြစ်ပိတ်ပင်
မှုကို ခံနေရပြီး အသက် ၆၈ နှစ်အရွယ်ရှိ 'အက်စ်ကျူဗယ်လ်' ဟာ ကွန်မီဘောလ်ဇုန်ရဲ့ အမှုဆောင်
အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာလည်း ဇူးရစ် စီးနင်းမှုမှာ ထိန်းသိမ်းခံရပြီး စုံစမ်းစစ်ဆေးမှု
ရဲ့ အောက်မှာ ရှိနေပါတယ်။ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ကွန်မီဘောလ် ဇုန်ရဲ့ ဥက္ကဋ္ဌဟောင်းအပြင်
ဖီဖာရဲ့ အလုပ် အမှုဆောင်တစ်ဦးဖြစ်တဲ့ ပါရာဂွေးသား 'နီကို လပ်စ် လီအော့ဇ်'ကတော့ နေအိမ်မှာ
အကျယ် ချုပ် ထိန်းသိမ်းခြင်းခံနေရပါတယ်။ သူကတော့ အမေရိကန်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို
တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။
ဥရုဂွေးသမ္မတ 'တာဘရီဗက်ဇ်စကွက်ဇ်'ကတော့ ဘောလုံးအရှုပ်တော်ပုံထဲမှာ အသက် ၈၃ နှစ်
ရှိပြီးဖြစ်တဲ့ 'ယူဂျီနီယို ဖီဂွာရီဒို'လည်း ပါ၀င်ပတ်သက်နိုင်တယ်လို့ ကြိုတင်ဟောကိန်း ထုတ်ခဲ့ပါတယ်။
သူက ဖီဖာရဲ့ ဒုဥက္ကဋ္ဌနဲ့ ကွန်မီဘောလ်ဥက္ကဋ္ဌတာဝန်အပြင် ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်း
ဖြစ်ပါ တယ်။ အဲဒီလိုအခြေအနေကြောင့် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က ကွန်မီဘောလ်ဇုန်က
လှူဒါန်းမယ့် ပညာရေးအလှူကိုတောင် ဆိုင်းငံ့ ထားတယ်လို့ သိရပါတယ်။ အခြေအနေတွေကတော့
ရှုပ်ထွေးပြီး နက်ရှိုင်းတဲ့အသွင်ကို ဆောင်ပါတယ်။ အင်မတန်သန့်ရှင်ပြီး အဖွဲ့ဝင်ဦးရေအများဆုံး
ဖြစ်တဲ့ ဖီဖာဟာ ဥက္ကဋ္ဌဟောင်း ဘလတ္တာရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိင်အရှုပ်အထွေးတွေ၊ အကျင့်ပျက်
လာဘ်စားမှုတွေ၊ ကိုယ်ကျင့် တရား ဖောက်ဖျက်မှုတွေနဲ့ အပုပ်န့ံတထောင်း ထောင်းထွက်နေပါပြီ။
ဖီဖာကွန်ဂရက်ကို လာမယ့်ဒီဇင်ဘာမှာ ကျင်းပဖို့ရှိနေပါတယ်။ အဲဒီမှာ ဖီဖာကို အသစ်ပြန်လည်
တည်ဆောက်ဖို့ လိုနေပါပြီ။ ဒီလိုမှ မလုပ်နိုင်ခဲ့ရင်တော့ ဖီဖာရဲ့ အနေ အထားကြောင့်
ဘောလုံးလောကကြီးကို အနည်းနဲ့အများ ထိခိုက်မှာ သေချာနေကြောင်း တင်ပြလိုက်ရပါတယ်။














