ဇွန်လ ၅ ရက်နေ့က စင်ကာပူနိုင်ငံမှာ စတင်ကျင်းပခဲ့တဲ့ (၂၈)ကြိမ်မြောက် အရှေ့ တောင်
အာရှ အားကစားပြိုင်ပွဲကြီး ဇွန်လ ၁၆ ရက်နေ့မှာ ပြီးဆုံးခဲ့ပါပြီ။ ဒီဆီးဂိမ်းမှာ မြန်မာနိုင်ငံက
ရွှေတံဆိပ် ၅၀ မျှော်မှန်းခဲ့ပေမယ့် ရွှေတံဆိပ် ၁၂ ခုသာရရှိပြီး ပြိုင်ပွဲက ပြီးဆုံးခဲ့ပါတယ်။
မျှော်မှန်းသလောက် ရွှေတံဆိပ်မရခဲ့ ပေမယ့် အမျိုးသားအားကစားဖြစ်တဲ့ ဘောလုံးမှာ ထိုက်တန်တဲ့ နိုင်ပွဲတွေရပြီး ငွေတံဆိပ်ဆုရရှိခဲ့တာကြောင့် ပြည်သူတွေအားလုံး ပျော်ရွှင်ခဲ့ကြပြီး
ဒီနှစ်ဆီးဂိမ်းက အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။
မြန်မာပြည်သူတွေဟာ ဘောလုံး အားကစားကို တော်တော်ချစ်ကြပါတယ်။ ချစ်သလို
အားပေးမှုတွေလည်း အားရစရာ ကောင်းခဲ့တယ်။ စင်ကာပူမှာရှိတဲ့ မြန်မာ ပရိသတ်တွေရဲ့
အားပေးမှုက ပွဲတိုင်းကို ကိုယ့်အိမ်ကွင်းမှာ ကန်နေရသလိုခံစားရအောင်ကို အားပေးခဲ့ကြတာပါ။
မြန်မာနိုင်ငံ မှာရှိတဲ့ ဘောလုံးပရိသတ်တွေကလည်း ပန်းခြံလို လူစည်ကားတဲ့ နေရာမျိုးတွေမှာ
LED ဘုတ်ကြီးတွေနဲ့ ရုပ်သံကနေတစ်ဆင့် အားပေးခဲ့ကြတာ တကယ်အားရကျေနပ်ဖို့ ကောင်းခဲ့ပါတယ်။

မြန်မာ ယူ-၂၃ အသင်း ဒီလောက်ထိ အောင်မြင်မှုရခဲ့တာဟာ ပရိသတ်ရဲ့ အားပေးမှုက
တော်တော်အရေးပါခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီလိုပြောလို့ ယူ-၂၃ အသင်းရဲ့
ကစားသမားတွေနဲ့ နည်းပြ အဖွဲ့တွေကို စော်ကားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကြိုးစားအားထုတ်
မှုရယ်၊ ကံတရား ရယ်၊ ၁၂ ယောက်မြောက် ကစားသမားဖြစ်တဲ့ ပရိသတ်ရဲ့ အားပေးမှုရယ်
ပေါင်းစပ်မှုကြောင့်ပါ။
လူတစ်ယောက်အတွက် အောင်မြင်မှု တွေရဖို့ အားပေးမှုဆိုတာ လိုပါတယ်။ အားကစား
သမားတွေအတွက်ဆို အားပေးမှု က ပိုလိုအပ်ပါတယ်။ စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံ
သားတွေက ဘောလုံးပွဲကို သောင်းနဲ့ချီ လာရောက်အားပေးခဲ့ကြပေမယ့် မြန်မာအားကစား
သမားတွေ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ အခြားအားကစားနည်းတွေကို တော့ ဆယ်ဂဏန်းတောင်
မတွေ့ရပါဘူး။ တော်တော်ကို နည်းပါတယ်။ စင်ကာပူဆီးဂိမ်းက နိုင်ငံရပ်ခြားမှာ ကျင်းပတဲ့
ပြိုင်ပွဲမို့လိ့ု လာရောက်မကြည့်ရှု၊ အားမပေးနိုင်ကြတာလို့ တွေးလို့ရပေမယ့် ပြည်တွင်းမှာ
လုပ်တဲ့ ပြိုင်ပွဲတွေမှာလည်း ပရိသတ်မရှိပါဘူး။ အရမ်းနည်းပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်
လက်ခံကျင်းပတော့ ပရိသတ်တွေလာရောက် ကြည့်ရှုကြပါတယ်။ အားပေးမှုတွေကို
ရခဲ့တယ်။ မြန်မာကစားသမားတွေလည်း အားတက် ပြီး အောင်မြင်မှုတွေရခဲ့တယ်။
ဒါပေမဲ့ ဒီနှစ် ဆီးဂိမ်းမှာ ကွင်းထဲအထိ လာရောက်အားပေး တဲ့ စင်ကာပူပရိသတ်နဲ့ယှဉ်ရင်
အရမ်းကို နည်းပါတယ်။ အိမ်ရှင်စင်ကာပူပါတဲ့ ပြိုင်ပွဲ၊ စင်ကာပူပါတဲ့ အားကစားနည်းတိုင်းကို
ပရိသတ်က အလုံးအရင်းနဲ့ လာရောက်အားပေးကြတာ ပါ။ ဒီတော့စင်ကာပူအားကစား
သမားတွေက အားတက်ပြီး ပိုကြိုးစားကြတယ်။ ပိုလုပ်နိုင်ကြ တယ်။ ပိုပြီး အောင်မြင်မှုတွေ
ရခဲ့ကြတာပေါ့။ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ဘောလုံးပွဲစဉ်တွေကို ကျင်းပခဲ့တဲ့ စင်ကာပူနေရှင်နယ်
အားကစားကွင်း ှစသမအ ံကဘ မှာ ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွေကို ကျင်းပခဲ့တာပါ။
ဗီယက်နမ်နဲ့ ဘောလုံးပွဲမှာ 'မြန်မာဟေ့၊ မြန်မာဟေ့' ဆိုတဲ့အသံတွေ တစ်ကွင်းလုံး
ဖုံးလွှမ်းခဲ့ပေမယ့် နောက်တစ်နေ့ ပြေးခုန်ပစ် မှာ မြန်မာကစားသမားတွေ ပြိုင်တော့
အားပေးမယ့် ပရိသတ်တစ်ယောက်တောင် မရှိခဲ့ပါဘူး။ နည်းပြနှစ်ယောက်ရယ် သတင်း
သွားယူတဲ့ ကျွန်တော်ရယ်၊ ဒါပဲ ရှိခဲ့ပါတယ်။နည်းပြက အားပေးမယ့်သူမရှိတဲ့အတွက်
ကျွန်တော်ကိုပါ ကူအော်ပါဦး။ အားပေးပါဦး လို့ အကူအညီတောင်းခဲ့ရတဲ့အထိပါပဲ။ တခြား
အားကစားပြိုင်ပွဲတွေမှာလည်း ဒီလိုပါပဲ။
မြန်မာကစားသမားတွေခမျာ အချင်းချင်း သူပြိုင်တဲ့အလှည့် ကိုယ်အားပေး၊ ကိုယ်ပြိုင်တဲ့အလှည့်
သူအားပေးနဲ့ပဲ ပြိုင်ပွဲ တွေကို ယှဉ်ပြိုင်နေရတာပါ။ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှား
နိုင်ငံတွေက ပရိသတ်တွေက တော်တော်များများ လာရောက်အားပေးကြတာတွေ့ရသလို
ဖိလစ်ပိုင်ပရိသတ်တွေလည်း မနည်းခဲ့ ပါဘူး။ ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ကစားသမားအချင်း
ချင်းယှဉ်ပြိုင်ကြတဲ့အခါ တခြား နိုင်ငံက ကစားသမားတွေကို အားပေးမယ့် သူက အပြည့်၊
မြန်မာနိုင်ငံသားတွေအတွက် အားပေးမယ့်သူ နတ္ထိဖြစ်နေရတာပါ။ နောက်ပြီး ဒီလိုအားကစား
နည်းတွေက ဘောလုံးပွဲလို လက်မှတ်ကို ခက်ခက်ခဲခဲ ၀ယ်ယူကြည့်ရှုစရာမလိုဘဲ တော်တော်
များများက အခမဲ့ ကြည့်ရှုနိုင်တဲ့ အားကစား နည်းတွေပါ။

ဒီလို အားကစားသမားတွေအတွက် ပရိသတ်တွေရဲ့ အားပေးမှုကိုလိုသလို စီးပွားရေးလုပ်ငန်း
ရှင်တွေရဲ့ အားပေးထောက်ပံ့မှု လည်း လိုအပ်ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဘောလုံးပွဲတစ်ပွဲ
ပြီးရင် မြန်မာဘောလုံးအသင်းကို စီးပွားရေးလုပ်ငန်းရှင်တွေရော ပရိသတ်တွေကပါ ဆုငွေတွေ
လာရောက်ဆုချတာကို ကြားသိ ရပါတယ်။ သူတို့က ဘောလုံးအားကစားကို သာမက
တခြားအားကစားတွေကိုလည်း အားပေးမယ်၊ ဒီလိုကြည့်ရှုစောင့်ရှောက် ပေးမယ်ဆိုရင်
အားကစားသမားတွေလည်း ဒီထက်ပိုပြီး အားရှိမှာပါ။ ရွှေတံဆိပ်ရတဲ့ အားကစားသမားတွေ
ဖြစ်တဲ့ ၀ူရှူး၊ ဂျုဒို၊ ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း၊ လှေလှော်အားကစားသမားတွေဟာ အားပေး
သူမရှိ ကိုယ့်ကစားသမား အချင်းချင်းအားပေး ပြီး ရွှေတံဆိပ်ရအောင် ဖြတ်သန်းခဲ့တဲ့ ပြိုင်ပွဲတွေ
မနည်းတော့ပါဘူး။ ပြိုင်ပွဲပြီးမှသာ ဂုဏ်ပြုညစာ စားပွဲလုပ်ပြီး အားကစားသမားတွေကို
ဂုဏ်ပြုတာပါ။ ဒါက ကောင်းတဲ့ လုပ်ရပ်ဆိုပေမယ့် ထိရောက်တဲ့ အားပေးမှုတော့ မဟုတ်ပါဘူး။
ပြီးတော့ မြန်မာနိုင်ငံမှာ ဘောလုံး အားကစားနည်းကလွဲရင် တခြားအားကစားနည်းမှာ
ပရော်ဖက်ရှင်နယ်လိဂ် မရှိဘူးဆိုတာ လူတိုင်းအသိပါ။ သူတို့အတွက် ပုံမှန်ဝင်ငွေ ဆိုတာ
မရှိပါဘူး။ ပြိုင်ပွဲနီးရင် လေ့ကျင့်မှုတွေ လုပ်ဖို့ စခန်းသွင်းလေ့ကျင့်၊ ပြီးရင်ပြိုင်ပွဲသွားပြိုင်၊
ပြန်လာရင်တော့ သူတို့ရဲ့ ပုံမှန် အလုပ်တွေကို ပြန်လုပ်နဲ့ အားကစားသမား ဘဝကို
ဖြတ်သန်းနေခဲ့ကြတာပါ။ သူတို့ရဲ့ ဘဝရပ်တည်မှု၊ ဘဝအာမခံချက် အတွက် တခြားစီးပွားရေး
လုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်ဖို့ အရွယ်မတိုင်မီပဲ အားကစားသမားဘဝကို
စွန့်လွှတ်သွားကြတဲ့ သူတွေ အများကြီးပါ။ ဒီလိုနဲ့ပဲ မြန်မာ့ အား ကစားလောကအတွက်
အရည်အချင်းရှိတဲ့ အားကစားသမားပေါင်းများစွာကို ဆုံးရှုံးခဲ့ရ ပါတယ်။ ဒီလို အဖြစ်အပျက်တွေ
ဖြစ်နေတာ လည်း ကြာခဲ့ပါပြီ။ ဒီကိစ္စမှာ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ အားကစားဝန်ကြီးဌာန
ကလည်း လုံလောက် တဲ့ ထောက်ပံ့မှု မပေးနိုင်သေးပါဘူး။ မပေးနိုင်ခဲ့ကြပါဘူး။အားကစားအဖွဲ ့
ချုပ်တွေခမျာလည်း သူတို့ငွေနဲ့သူတို့ဘာသာလည်ပတ်ပြီးရှိတဲ့ကစားသမားလေးနဲ့ နိုင်ငံတကာပြိုင်ပွဲ
တွေကို နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် မနည်းကြိုးစားနေရတာပါ။ သူတို့မှာလည်းဘဝအာမခံ
ချက်အတွက် အနားယူသွားကြတဲ့ ကစားသမားတွေကို အနားမယူပါနဲ့လို့ မပြော နိုင်ခဲ့ဘူး။
လူငယ်မျိုးဆက်သစ်တွေ မွေးထုတ်ဖို့ လူငယ်စီမံကိန်းတွေမလုပ်နိုင်ခဲ့ဘူး။ ဒီလို စီမံကိန်းတွေ
လုပ်ဖို့ဆိုတာ ထောက်ပံ့မှု လိုတယ်လေ။ သူတို့မှာ လုပ်ချင်စိတ်ပဲ ရှိပြီး တကယ် မလုပ်နိုင်ကြ
တာကို အပြစ်တော့ ပြောဖို့မလွယ်ဘူး။
တစ်ချိန်က အရှေ့တောင်အာရှနဲ့ အာရှမှာ စံချိန်တွေချိုးပြီး အောင်မြင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ
အခုတော့ နိုင်ငံတကာပြိုင်ပွဲတွေမှာ မှေးမှိန်နေတာကြာခဲ့ပါပြီ။ အာဆီယံနိုင်ငံတွေက
အားကစားနည်းပေါင်းစုံကို အပြိုင် အဆိုင် ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံကတော့ နိုင်ငံတကာ
အားကစားပွဲတစ်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ မနည်းရုန်းကန်နေခဲ့ရတာပါ။ ဒီလိုယိုင်နဲ့နေတဲ့
မြန်မာ့အားကစားလောကကို ပရိသတ်တွေကပါ ပစ်ထားမယ် ဆိုရင် ဒီထက်ပိုဆိုးသွားမှာပါ။
သူတို့တွေ ပရိသတ်တွေရဲ့ အားပေးမှုသာရရင် ဘယ် လောက်အားတက်နိုင်မလဲဆိုတာ
တွေးကြည့် ပါ။ အခု ဆီးဂိမ်းမှာ ရွှေ ၁၂ ကနေ အခု ၂၀ လည်းဖြစ်သွားနိုင်ပါတယ်။ ယူ-၂၃
ဘောလုံး အသင်းက သက်သေပဲလေ။ ပရိသတ်ရဲ့လက်ခုပ်သံဆိုတာ ငွေနဲ့ ၀ယ်ယူလို့ မရပါဘူး။
အာဏာနဲ့ ခြိမ်းခြောက်လို့ မရပါဘူး။ တကယ်ရင်ထဲကပါမှ အားပေးလိုရတဲ့အရာ တွေဖြစ်ပါတယ်။
ငွေနဲ့ဝယ်လို့မရတဲ့ ဒီအားပေး မှုတွေက အားကစားသမားတွေအတွက် ပိုပြီး အားရှိစေပါတယ်။
မြန်မာဘောလုံးလောကမှာ ဆိုရင်လည်း တခြားအားကစားတွေနည်းတူ ကိုယ့်စရိတ်နဲ့ ကိုယ်
လည်ပတ်နေကြတာပါ။ စီးပွားရေး လုပ်ငန်းရှင်တွေက နှစ်စဉ် သိန်းပေါင်းများစွာ အရှုံးခံပြီး
လုပ်နေကြတာပါ။ ဒီလို ရင်းနှီးမြုှပ်နှံ တချို့တစ်ဝက်ကို တခြားအားကစားတွေမှာလည်း
အနည်းငယ်လောက် မြှုပ်နှံနိုင်မယ် ဆိုရင် ပြိုလဲပျက်စီးနေတဲ့ မြန်မာ့အားကစား
လောကအတွက် တစ်တပ်တစ်အားဖြစ်စေမှာပါ။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးကို
ဒီလိုအရှုံးခံပြီး ပြုလုပ်ခဲ့လို့ ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တဲ့ ယူ-၂၀ အသင်း၊ ဆီးဂိမ်းမှာအာင်မြင်
မှုရခဲ့တဲ့ ယူ-၂၃ အသင်းတို့က သက်သေပါပဲ။
ဒါက ဖူးပွင့်လာတဲ့ အသီးအပွင့်တွေပါ။ ဒီလိုပဲ တခြားအားကစားတွေမှာလည်း အနည်းငယ်လောက်သာရင်းနှီးမြှုပ်နှံနိုင်မယ်ဆိုရင်၊ ဘောလုံးလို ပြည်တွင်းပြိုင်ပွဲတွေ၊
ကျောင်းသားအားကစားပွဲလေးတွေ နှစ်စဉ်ပြုလုပ်ပေးနိုင်မယ်ဆိုရင် မြန်မာ့အားကစား
လောကလည်း တိုးတက်လာမှာပါ။ အမျိုးသားအားကစားဖြစ်လို့ ဘောလုံးကို ပြည်သူ
တစ်ရပ်လုံးက အားပေးကြတယ်ဆိုတာကို လက်ခံပေမယ့် တခြားအားကစားသမားတွေ
ဆိုတာလည်း ဘောလုံးအားကစား သမားတွေလိုပဲ နိုင်ငံ့ဂုဏ်ဆောင်ဖို့ နိုင်ငံ ကိုယ်စားပြု
၀င်ရောက်ယှဉ်ပြိုင်ကြတာပါပဲ။သူတို့ကို ပစ်ပယ်ထားမယ်ဆိုရင် မတရားရာကျပါမယ်။
ဒါကြောင့် ပရိသတ်တွေက ကိုယ်တတ်နိုင် တဲ့ အရာဖြစ်တဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်ထဲက
လက်ခုပ်သံတွေနဲ့ မြန်မာ့အားကစားလောက အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်
ရပ်တည်ပေးဖို့ အကြံပြုလိုက်ပါတယ်။















