ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် ဥရောပအဆင့်ပြိုင်ပွဲတွေမှာ စပိန်အသင်းတွေ ဆက်တိုက်ကြီး
စိုးပြနိုင်ခဲ့တယ်။ ၂၀၁၃-၁၄ ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရီးယဲလ်မက်ဒရစ်၊ ယူရိုပါလိဂ်ကို
ဆီဗီလာအသင်းတွေက ယူပြနိုင်ခဲ့တယ်။
ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ကို ကြည့်လိုက်ပြန်တော့လည်းချန်ပီယံလိဂ်ကို ဘာစီလိုနာ၊ ယူရိုပါလိဂ်ကို
ဆီဗီလာပဲ ရယူသွားခဲ့ကြပြန်တယ်။
ဒါဟာ စပိန်ဘောလုံးလောက အတွက် ကြီးမားတဲ့ အောင်မြင်မှုကြီးတစ်ခု ပါပဲ။ ဥရောပဘောလုံး
လောကကို စပိန် အသင်းတွေ အပြည့်အဝလွှမ်းမိုးထားနိုင်ခဲ့ တယ်ဆိုတာကိုလည်း ပြသနိုင်ရာ
ရောက်ခဲ့တယ်။ အခုရာသီကတော့ စပိန်အသင်းတွေ အတွက် ပိုလို့တောင်စိန်ခေါ်မှု အားကောင်း
လာတဲ့ ရာသီတစ်ခုလို့ ပြောနိုင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီရာသီမတိုင်မီ ယူအီးအက်ဖ်အေရဲ့
စည်းမျဉ်းအပြောင်းအလဲတွေကြောင့် စပိန်အသင်းငါးသင်းအထိ ချန်ပီယံလိဂ်ကိုဝင်ရောက်ကစား
ခွင့်ရနိုင်မယ့် အခွင့်အရေးရထားလို့ပါပဲ။ ယူအီးအက်ဖ်အေရဲ့ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ချန်ပီယံကို
ချန်ပီယံလိဂ် ၀င်ခွင့် ပြုခဲ့တဲ့စည်းမျဉ်းသစ်အရ ဆီဗီလာဟာ ချန်ပီယံလိဂ်ကို ရောက်လာခဲ့တာဖြစ်ပြီး
ကျန်တဲ့ဘာစီလိုနာ (လက်ရှိချန်ပီယံ လိဂ်ချန်ပီယံ)၊ ရီးယဲလ်မက်ဒရစ်၊ အလက်တီကိုနဲ့ ဗလင်စီယာ
အသင်းတွေကတော့ လာလီဂါ မှာ အဆင့်(၁)မှ (၄) အတွင်းရခဲ့ ကြလို့ ချန်ပီယံလိဂ်ကို ၀င်နွှဲ
ခွင့်ရှိနေကြတာပဲ ဖြစ်တယ်။
ချန်ပီယံလိဂ်ဝင်နွှဲရမယ့်စပိန် အသင်းတွေကိုကြည့်ရင် လာလီဂါရဲ့ အင်အားကြီးအသင်းတွေလို
့ ပြောနိုင်တယ်။ ဆီဗီလာ ဟာ ယူရိုပါလိဂ် ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ် ကိုဝင် ရောက်ခွင့်ရခဲ့ပေ
မယ့်လည်း သူတို့ဟာ လာလီဂါမှာ အဆင့်(၅)ရပ်တည်နိုင်ခဲ့တာကို ကြည့်ရင် လာလီဂါမှ
ထိပ်ဆုံးငါးသင်းစလုံး ဟာ ချန်ပီယံလိဂ်ကို ၀င်နွှဲခွင့်ရခဲ့ကြတာဖြစ်လို့ ဒီအသင်းငါးသင်းစလုံးရဲ့
အင်အားဟာ မသေး ဘူးလို့ပဲပြောရတော့မယ်။ ပြီးခဲ့တဲ့ နှစ်ရာသီလောက်ကဆိုရင်
ဗလင်စီယာခြေစွမ်းယိုင်နဲ့နေချိန်မှာ ဆိုစီဒက်၊ ဘီလ် ဘာအိုလို အလယ်အလတ်အသင်းတွေ
ချန်ပီယံလိဂ်ကိုရောက်ခဲ့ကြပေမယ့် ဒီအသင်း တွေဟာ ချန်ပီယံလိဂ်မှာတော့ ယှဉ်ကစားနိုင်စွမ်း
အနည်းငယ်အားလျော့ခဲ့ကြတာကို သူတို့ အသင်းတွေ အုပ်စုအဆင့်လောက်မှ ထွက်ခဲ့ရတာက
သက်သေပြနေသလိုဖြစ်ခဲ့တယ်။
ဒီရာသီမှာတော့ စပိန်အသင်းတွေရဲ့အခြေအနေဟာ အဲဒီလိုပုံစံမျိုးမဟုတ်တော့ဘူး။
ငါးသင်းစလုံးဟာ အစွမ်းအစကိုယ်စီရှိကြပြီး ချန်ပီယံလိဂ်မှာ ခြေစွမ်းရှိရှိ၀င်ကစားနိုင်ကြမယ့်
အင်အားမျိုးတွေကို ပိုင်ဆိုင်ထား ကြတယ်လို့ဆိုနိုင်တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ် လို ပြိုင်ပွဲမှာတော့
အဆင့်မီမီ ယှဉ်ပြိုင်နိုင်ဖို့ အတွက် အပြောင်းအလဲတွေလုပ်ပြီး ငါးသင်းစလုံး အင်အားဖြည့်တင်း
မှုတွေနဲ့ ပြင်ဆင်မှု တွေ လုပ်ရဖို့တော့ လိုနေသေးတယ်။ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်လို
အသင်းတွေအတွက် ဒီလိုအပြောင်းအလဲ လုပ်ဖို့ ခက်ခဲမှုတစ်စုံတစ်ရာ မရှိနိုင် ပေမယ့် ကျန်တဲ့
သုံးသင်းအတွက်ကတော့ ချန်ပီယံလိဂ်မှာ အဆင့်မီအောင် အသင်းကို အင်အားဖြည့် တာမျိုးတွေ
လုပ်ရဖို့ရှိနေတယ်။ ဒါပေမဲ့ စပိန်ဘောလုံးလောကကို ပြန်ကြည့်ရင် မဟာအသင်းကြီး
နှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ၊ ရီးယဲလ်နဲ့ ကျန်အသင်းတွေ ကြားမှာ ဓနကွာဟမှုအပိုင်းက
သိသိသာသာ ကြီးမားနေတဲ့ အချက်က စပိန်ကျန် သုံးသင်းအတွက် ချန်ပီယံလိဂ်မှာ အဆင့်မီ
ယှဉ်ပြိုင်နိုင်ဖို့ဆိုတာဟာ သူတို့အတွက်တော့ တကယ့်ကိုကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုလို့ပဲ
ပြောရတော့မယ်ထင်တယ်။
၂၀၁၃-၁၄ ရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိရောက်ခဲ့ပြီး ဗိုလ်လုပွဲမှာ ရီးယဲလ်ကို
ရှုံးနိမ့်ခဲ့တဲ့ အလက်တီကိုလို အသင်းမျိုး တောင် နောက်တစ်ရာသီအတွက် အသင်းမှ ကစားသမားကောင်းတွေကို ရောင်းထုတ်ပြီး နောက်ထပ်အသင်းသစ် တစ်သင်းလို ဖွဲ့စည်းပြီးမှ
ချန်ပီယံလိဂ်မှာ အဆင့်မီမီကစားနိုင်ဖို့ ကြိုးစားခဲ့ရတဲ့ အခြေအနေကိုကြည့်ရင် ဒီရာသီမှ ချန်ပီယံ
လိဂ်ကိုပြန်ရောက်လာတဲ့ ဗလင်စီယာ၊ ဆီဗီလာတို့ဆိုရင် လာမယ့် ချန်ပီယံလိဂ်အတွက်
တော်ရုံပြင်ဆင်မှုမျိုး နဲ့တော့ မဖြစ်နိုင်ဘူးဆိုတာ မြင်သာထင်ရှား နေတယ်။ ဒါပေမဲ့ စပိန်ဘောလုံး
မှာတော့ ဘာစီလိုနာနဲ့ ရီးယဲလ်က လွဲလို့ ကျန်တဲ့အသင်း ၁၈ သင်းဟာ ငွေကြေးပိုင်းမှာ
အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့အသင်းတွေချည်းပဲ ဖြစ်နေတယ်။
တစ်ဖက်မှဝင်ငွေပိုင်းကို ပြန်ကြည့်ရင်လည်း အသင်းကြီး နှစ်သင်းနဲ့ ကျန်အသင်းတွေကြားမှာ
သိသာတဲ့ကွာဟမှုတွေ ရှိနေခဲ့တဲ့အတွက် ကျန်တဲ့ အသင်းတွေအတွက်တော့ ချန်ပီယံလိဂ်လို
ပြိုင်ပွဲမျိုးဟာ သူတို့အသင်းတွေအတွက် တစ်ဖက်တစ်လမ်း ၀င်ငွေမြင့်တက်လာစေမယ့်
အခွင့်အရေးမျိုးရနိုင်တဲ့ ပြိုင်ပွဲဖြစ်နေတယ်။ ဒါကြောင့်လည်း ၀င်ရောက် ကစားခွင့်ရတဲ့
အချိန်မျိုးမှာ ပြည်တွင်း လာလီဂါဘက် ကို ခဏမေ့ထားပြီး ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုး ဘက်မှာပဲ
အတတ်နိုင်ဆုံးအားထည့်ကစား ကာ ရောက်နိုင်သမျှအဆင့်ကို ရောက်နိုင် အောင် ကြိုးစား
ကစားကြလေ့ရှိတယ်။ ဒီလိုအနေအထားမှာ ဆိုစီဒက်၊ ဘီလ်ဘာအိုလို အသင်းတွေထက်စာရင်
ဗလင်စီယာ၊ ဆီဗီလာ လို အသင်းတွေဟာ ခြေစွမ်းပိုင်းမှာ ပိုပြီး အားကောင်းတဲ့
အသင်းမျိုးတွေဖြစ်လို့ ဒီအသင်းတွေရဲ့ ချန်ပီယံလိဂ်ဘက်မှာ ကြိုးစား ရုန်းကန်လာနိုင်စွမ်းဟာ
ပိုပြီး အပြိုင်အဆိုင် ဖြစ်လာဖို့တော့ ရှိနိုင်တယ်။
ဒါပေမဲ့ လက်ရှိအနေအထားတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ ရီးယဲလ်နဲ့ ဘာစီလိုနာကလွဲလို့
ကျန်တဲ့သုံးသင်းရဲ့ အပြောင်း အရွှေ့ ဈေးကွက်မှ လှုပ်ရှားမှုတွေက အားရ စရာ သိပ်မရှိသေးဘူး။
ဒီအသင်းတွေအနေနဲ့ အသင်းရဲ့ ၀င်ငွေထွက်ငွေမျှတမှုကိုပါ သေချာ တွက်ချက်ပြီးမှ
ကစားသမားအပြောင်းအရွှေ့ ကို လုပ်ကြရမယ့်အနေအထားတွေအရ လက်ရှိ အချိန်မှာတော့
ဒီသုံးသင်းစလုံးဟာ ကစားသမားကောင်းအဝင်ထက် အသင်းမှရှိတဲ့ကစားသမားတွေကို
ရောင်းထုတ်ရင်း ငွေစုနေရတဲ့ပုံမျိုး ပေါ်နေသေးတယ်။
အလက်တီကိုဆိုရင် ပြီးခဲ့တဲ့ရာသီက အသင်းနဲ့ထိုက်သင့်တဲ့ ခြေစွမ်းမျိုးပြနိုင်ခဲ့တဲ့ မန်ဇူကစ်လို
တိုက်စစ်မှူးမျိုးကို ရောင်းချဖို့ စီစဉ်ခဲ့ရပြီး အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ မီရန်ဒါကိုပါ
လက်လွှတ်လိုက်ရဖို့က များနေ တယ်။ ဒီလိုပဲ ချန်ပီယံလိဂ်ကို ပြန်ရောက်လာတဲ့
ဗလင်စီယာဆိုရင်လည်း လက်ရှိလူအင်အားကို ကြည့်မယ်ဆိုရင် ချန်ပီယံလိဂ်ကို
အဆင့်မီဝင်နွှဲနိုင်မယ့်အင်အားမျိုး မပိုင်ဆိုင် ထားသေးဘူးလို့ ပြောနိုင်တယ်။ ဒါပေမဲ့
ဗလင်စီယာကတော့ လောလောဆယ်မှာ အသင်းအတွက် အတတ်နိုင်ဆုံးအားဖြည့်မှုတွေကို
ပြုလုပ်နေတာတွေ့ရပြီး ဘင်ဖီကာမှ ကန်ဆယ်လိုနဲ့ အန်ဒရေဂိုးမက်စ်တို့နှစ်ဦးကို တစ်ဦးယူရို
၁၅ သန်းစီနဲ့ ခေါ်ယူအားဖြည့်ထားတာတော့ တွေ့ရတယ်။ ဒါပေမဲ့ ဒီကစား သမားတွေကို
ဖြည့်ဆည်းလို့ ကုန်ကျခဲ့တဲ့ငွေကို ပြန်ထေနိုင်အောင် အသင်းရဲ့ကစားသမားအချို့ကို
ပြန်ရောင်းချဖွယ်ရှိနေပြီး ဒီအထဲမှာမှ ပြီးခဲ့တဲ့ရာသီ ဗလင်စီယာခံစစ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့
အော့တာမန်ဒီလို ကစား သမားမျိုးပါနေတာကိုတွေ့ရတယ်။ ယူရိုပါလိဂ်ချန်ပီယံအဖြစ်
ချန်ပီယံလိဂ် ကို ရောက်လာတဲ့ ဆီဗီလာဆိုရင်လည်း အသင်းမှာ ခြေစွမ်းပြနေတဲ့
ဗီဒယ်လိုကစားသမားမျိုးကို ယူရို သန်း ၂၀ နဲ့ ဘာစီလိုနာကို ရောင်းချထားခဲ့ပြီး ပြန်ဖြည့်ထားခဲ့တဲ့
ကစားသမားတွေက ဆယ်လ်တာမှ ခရွန်ဒယ်လီ (အလွတ်)၊ ချယ်လ်ဆီးမှ ကာကူတာကို
(ယူရို ၄ ဒသမ ၅ သန်း)လောက်နဲ့ပဲ ၀ယ်ယူထားနိုင်သေးတယ်။
ဒီကြားထဲ အသင်းရဲ့ ကစား သမားတွေဖြစ်တဲ့ ဘက်ကာ၊ ခရိုင်ချို၀စ် အစရှိတဲ့ ကစားသမား
ကောင်းတွေကိုတောင် အသင်းမှ မထွက်ခွာအောင် မနည်းထိန်းနေရ သေးလို့ ချန်ပီယံလိဂ်
အတွက် အဆင်သင့်ဖြစ် နေပြီလို့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ စပိန်အသင်းတွေရဲ့ အားသာမှုက
ဒီအသင်းငါးသင်းထဲမှာ ဗလင် စီယာကလွဲပြီး ကျန် အသင်းတွေရဲ့ နည်းပြတွေဟာ ဥရောပ
အတွေ့ အကြံု အားကောင်းနေကြ တဲ့ သူတွေဖြစ်နေကြတာပါပဲ။ ဆီဗီလာဆိုရင် အမ်မရီလို
နည်းပြမျိုးကို အသင်းမှာ ဆက်ရှိအောင် ထိန်းထားနိုင်တာက ချန်ပီယံလိဂ် အတွက် အားတစ်ခု
လို့တောင် ပြောနိုင်တယ်။ အလက်တီကို ကလည်း အရှိန်ရှိပြီးသားအသင်းဖြစ်နေလို့ ချန်ပီယံ
လိဂ်လိုပြိုင်ပွဲမှာ ဟန်မပျက် ဆက်သွားနိုင်မယ့်ပုံမျိုး ပေါ်နေသေးတယ်။ ဒါကြောင့် ချန်ပီယံလိဂ်နဲ့
စပိန်အသင်းတွေ ရဲ့ အရှိန်အဝါဟာ သိပ်တော့ မသေးလှပါ ဘူး။















