ပြီးခဲ့သည့် ဘော်လီဘောပြိုင်ပွဲတစ်ခုတွင် ခြိမ်းခြောက်ဆန့်ကျင်မှုများပြုလုပ်ပြီး အမျိုးသမီး
ပွဲကြည့်ပရိသတ်များကို ဖမ်းဆီးမှုများ ဖြစ် လာအောင် လှုံ့ဆော်ခဲ့သည့် 'သူတော်ကောင်း
အဖွဲ့များ'ကို အီရန်နိုင်ငံ အမျိုးသမီး ဒုဥက္ကဋ္ဌ တွေများထဲမှ တစ်ယောက်ဖြစ်သူ ရှာဟင်
ဒွတ်ခ်မိုလာဗာဒီက ပြီးခဲ့သည့် စနေနေ့တွင် ဒေါသတကြီး ဝေဖန်လိုက်သည်။
အမျိုးသားအားကစားပွဲများ၌ အမျိုး သမီးများ ကြည့်ခွင့်မပြုဘဲ ကန့်သတ်ထားခြင်းကို
ဖြေလျှော့ပေးရန် အစီအစဉ်များကို တင်ပြခဲ့သူ မိုလာဗာဒီ၏ ဝေဖန်မှုများသည် ပြုပြင်မှုများကို
ဆန့်ကျင့်သည့် ဘာသာရေး ဆိုင်ရာ သဘောထားတင်းမာသူများနှင့် အစိုးရ၏ အခန်းကဏ္ဍကို
မီးမွှေးလိုက်သလို ဖြစ်စေနိုင်သည်။ အီရန် ဘော်လီဘောအသင်းသည် အားကစားလောကတွင် ထိပ်ပိုင်းကိုရောက်ရှိလာသည်နှင့်အမျှ ဘော်လီဘောသည် အီရန်နိုင်ငံ၌ အလွန်ရေပန်းစားသော
အားကစား ဖြစ်လာခဲ့ပြီး အမျိုးသမီးများကို ယခင်က ကြည့်ရှုခွင့်ပြုခဲ့သော်လည်း ယခုနှစ်
အနည်းငယ်တွင် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
အမျိုးသမီးများ ကွင်းတွင်း၌ ကြည့်ရှုရေး ပြဿနာသည် မြို့တော်တီဟီရန်တွင် ကျင်းပခဲ့သည့်
ကမ္ဘာ့ဖလား ဘော်လီဘောပွဲစဉ် တစ်ပွဲဖြစ်သော အမေရိကန်နှင့်ပွဲမတိုင်ခင်တွင်
အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။ ထို့နောက် ကာလရှည်ကြာ နိုင်ငံရေးရန်ဘက်
ဖြစ်လာခဲ့သည့် အမေရိကန်အသင်းကို အိမ်ရှင်အီရန်က သုံးပွဲပြတ်နှင့် အလွယ်တကူ
နိုင်လိုက်သောအခါ ခေတ္တရပ်သွားသော် လည်း နောက်ပိုင်းတွင် အငြင်းပွားမှုများ
ပြန်စလာခဲ့သည်။
အမေရိကန်နှင့် ချုပ်ဆိုထားသော နျူကလီးယားစာချုပ်သည် ယခုလကုန်တွင် သက်တမ်းပြည့်တော့
မည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးလည်း ပြောင်းလဲနိုင်စရာ ရှိနေသည်ဟု သတင်းများက
ဖော်ပြသည်။ မိုလာဗာဒီသည် အမျိုးသမီးနှင့် မိသားစု ရေးရာဌာနတွင် တာဝန်ရှိသူဖြစ်ပြီး
အမျိုး သမီးပရိသတ်တချို့ကို ပွဲကြည့်ခွင့်ပြုမည်ဟု ယခင်အပတ်က ပြောကြားခဲ့သည်။ သို့သော်
လုံခြံုရေးအရာရှိများက ၎င်းနှင့် အတိုက်အခံလုပ်ပြီး ပြိုင်ပွဲတက်ရောက်ခွင့်စည်းမျဉ်းများကို
ပြောင်းမထားကြောင်း ပြောခဲ့ကြသည်။
အမျိုးသမီးများကို ၀င်ခွင့်မပေးရန် လူနည်းစုဆန္ဒပြမှု နှစ်ခုဖြစ်ပွားပြီးနောက်အမျိုးသမီး
အခွင့်အရေးလှုပ်ရှားသူများ သည် 'အမျိုးသမီးများကို ကွင်းထဲဝင်ခွင့်ပေးပါ'ဆိုသည့် ခေါင်းစဉ်ကို
တွစ်တာတွင် ဖော်ပြကာ ၎င်းတို့၏ မကျေနပ်မှုများကို လူမှုကွန်ရက်တွင် ရင်ဖွင့်ခဲ့ကြသည်။
ပြီးခဲ့သည့် သောကြာနေ့က အဇာဒီ အားကစားရုံ ဘေးပတ်လည်လမ်းများထဲတွင် ရဲများကို
အင်အားပြည့်ချထားပြီး အမျိုးသမီး များ ရုံနားမလာအောင် တားဆီးခဲ့ကြသည်။ "အမျိုးသမီးတွေ
အတွက် အထူးလက်မှတ် ၂၀၀ ကို ရိုက်ထားပေမယ့် အဲဒီလက်မှတ် တွေက အားကစားကွင်းရဲ့
လုံခြံုရေးအဖွဲ့က ခွင့်ပြုထားတာ မဟုတ်တဲ့အတွက် တရား မဝင်ဘူး"ဟု အီရန်လူမျိုး ဘော်လီဘော
အရာရှိတစ်ဦးက ဆိုသည်။
ပွဲကြည့်သူတွေအဖြစ် လူမှုကွန်ရက်ပေါ် မှာ ဖော်ပြခံရသည့် အမျိုးသမီး အနည်း အကျဉ်းမှာလည်း
အီရန်လူမျိုးမဟုတ်ဘဲ ရုရှား၊ အီတလီနှင့် ဟန်ဂေရီသံရုံးများက ဖြစ်ကြောင်း Fars News သတင်း
ဌာနကဆိုသည်။ မိုလာဗာဒီကမူ လက်ရှိဟန့်တားမှုများကို ဖေ့စ်ဘွတ်ခ်ပေါ်မှတစ်ဆင့်
ဆက်လက်ပြစ်တင်ဝေဖန်ခဲ့သည်။ "အစိုးရဟာ လူအဖွဲ့အစည်းတစ်ခုရဲ့ ဥပဒေအရ တောင်းဆိုမှု
ကိုတော့ တုံ့ပြန်ဖို့ ကြိုးစားတုန်းရှိနေပေမယ့် ဘာသာရေး ခေါင်းဆောင်းတွေရဲ့ အထင်အမြင်တွေ
ကိုတော့ စဉ်းစားပြီးသားဖြစ်နေပြီ"ဟု ၎င်းက ရေးသားခဲ့သည်။















