၂၀၁၄-၁၅ ရာသီမစမီက ရိုးမားသည် ဂျူဗင် တပ်နှင့်အပြိုင် စီးရီးအေတွင် ဗိုလ်စွဲဖို့ ရေပန်းစားသော
အသင်းများ စာရင်းထဲတွင် ပါ၀င်ခဲ့သည်။
အမှတ်ပေးချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးထားသဖြင့် ဩဇာအရှိန်အဝါ ကြီးမား
လွန်းသော ဂျူဗင်တပ်လက်ထဲ က ချန်ပီယံသရဖူကို စိန်ခေါ်နိုင်သောအသင်း မှာ များများစားစား
မရှိလှ။ သို့ကလို ဂျူဗင်တပ် ပြိုင်ဘက်တွေထဲမှာ ရိုးမားသည် အင်အားအတောင့်တင်းဆုံးဖြစ်သကဲ့သို့
စုဖွဲ့မှုပိုင်းတွင် လည်း အကျစ်လျစ်ဆုံးအသင်း ဖြစ်သည်။
စီးရီးအေ အမှတ်ပေးပွဲများ စတင်သောအခါတွင်လည်း ရိုးမားသည် ရာသီကြို ထင်ကြေးပေးထား
သည့် အတိုင်း 'အထ' ကောင်းခဲ့သည်။ စီးရီးအေနှင့် ချန်ပီယံလိဂ် တစ်ပြိုင်နက် တည်း 'ဖွင့်'
ကစားခဲ့သော်လည်း ပြိုင်ပွဲနှစ်ခု စလုံးတွင် အစပိုင်း ခြေစွာခဲ့သည်။ သို့ရာတွင် အောက်တိုဘာလ၌
အရေးကြီးပွဲစဉ်များ ဆက်တိုက်ကစားရသောအခါ ရိုးမားသည် ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်ကို
ရ-၁၊ စီးရီးအေတွင် ဂျူဗင်တပ်ကို ၃-၂ အရေးနိမ့်ခြင်းနှင့်အတူ ယိမ်းယိုင်သွားသည်။ ထိုနောက်ပိုင်း
နိုဝင်ဘာလထဲ၌ ရိုးမားတို့ စီးရီးအေတွင် နိုင်ပွဲများ ပြန်လည်ရရှိခဲ့သော်လည်း ချန်ပီယံ လိဂ်တွင်မူ
အရေးမလှတော့ဘဲ အုပ်စုအဆင့် မှ ထွက်လိုက်ရကာ တစ်ဆင့်နိမ့်သော ယူရိုပါလိဂ်ပြိုင်ပွဲသို့
ရောက်သွားသည်။
နှစ်သစ်ကူး အားလပ်ရက်တွင် ခေတ္တ ရပ်နားပြီးနောက် ၂၀၁၅ ခု၊ စီးရီးအေပွဲများ ပြန်လည်
စတင်သောအခါ ရိုးမားသည် ခြေစွမ်း ရော၊ ရလဒ်ပါ ဆက်တိုက် ကျဆင်းသွားသည်။ ဖေဖော်ဝါရီ
လလယ်ပိုင်း မှ စတင်ကာ ရိုးမားသည် စီးရီးအေ၌ ခြောက်ပွဲဆက်တိုက် သရေ ကျပြီးနောက်
ဂျူဗင်တပ် ကို စိန်ခေါ် နိုင်သော အသင်းအဖြစ်မှ တဖြည်းဖြည်း ရွေ့လျားသွား ပြီး အမှတ်ကွာဟမှု
ကြီးမားလာသောကြောင့် ဒုတိယနေရာအတွက်သာ အာရုံစိုက်ရသည့် အသင်း ဖြစ်သွားသည်။
ရိုးမား 'ကျ'သွားသော အကြောင်းရင်းတွေ မှာ အဓိက ဘောလုံးသမားများ ထိခိုက်ဒဏ်ရာ ရမှု
မြင့်တက်လွန်းသောအချက် ပါ၀င်သည်။ အထူးသဖြင့် တမြန်နှစ်တွေက ခြေစွမ်းပြ နိုင်၍ အဓိက
ကျောရိုးကစားသမားများ ဖြစ်လာခဲ့သော နယ်သာလန်ကွင်းလယ်လူ ကီဗင် စထရုမင်းနှင့်
ဘရာဇီးနောက်ခံလူ လီယန်ဒရို ကာစတင်တို့ နှစ်ယောက်စလုံး ပြီးခဲ့သော ရာသီတွေမှာ
ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသည်။ ဘရာဇီးလ်ခံစစ်ကျောရိုး ကာစတန် ဆိုလျှင် ပြီးခဲ့သောရာသီ
စီးရီးအေ၌ တစ်ပွဲသာ ကစားနိုင်ပြီး ကီဗင်စထရုမင်းသည်လည်း စီးရီးအေခြောက်ပွဲသာ
ကစားနိုင်ခဲ့သည်။
အရေးကြီးပွဲစဉ်များ ကစားရ သောအခါ ရိုးမားခံစစ်ကြောင်း သည် ဖရိုဖရဲနှင့် ကျဆင်းသွားသည်။
အထူးသဖြင့် ချန်ပီယံ လိဂ်တွင် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း၌ ရ-၁၊၊ဂျာမန်မြေပေါ်၌ ၂-၀ သူ့မြေ
ကိုယ့်မြေ နှစ်ပွဲစလုံး အရေး နိမ့်ခဲ့ရာတွင် ရိုးမား ခံစစ်လုံခြံုမှုမရှိကြောင်း ပေါ်လွင်သွားသည်။
၂၀၁၂-၁၃ နှင့် ၂၀၁၃-၁၄ ရာသီများတွင် ခံစစ်ရော၊ တိုက်စစ်ပါ စွယ်စုံကောင်းမွန်ခဲ့သော ရိုးမားသည်
ပြီးခဲ့သောရာသီ၌ ခံစစ် ကြောင်း ပြိုကွဲသွားသည်။ သို့ကလို ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ
အဓိက ဗဟိုခံ စစ် သမားများ ဖြစ်ကြသော မာကွင်ဟို (ပီအက်စ် ဂျီ)နှင့် ဘီနာတီယာ (ဘိုင်ယန်မြူးနစ်)တို့ကို ဈေးကောင်းရ၍ ရောင်းထုတ်လိုက်ခြင်းကြောင့် ဖြစ်သည်။
၂၀၁၃-၁၄ ရာသီမစမီ ဘရာဇီးလ်ဗဟို ခံစစ်မှူး မာကွင်ဟိုကို ရောင်းချလိုက်စဉ်က သိသိသာသာ
ပြောင်းလဲသွားခြင်းမရှိဘဲ ဗဟို ခံစစ်အထိုင်တွင် ကာစတင် ၀င်ရောက် ခြေစွမ်းပြနိုင်သောကြောင့်
ကာစတင်- ဘီနာတီယာအတွဲသည် ၂၀၁၃- ၁၄ ရာသီ စီးရီးအေ၌ အကောင်း ဆုံး ဗဟိုခံစစ်တွဲ
အဖြစ် သတ်မှတ်ခံရသည်။
၂၀၁၄-၁၅ ရာသီမစမီ ဘီနာတီယာကို ရောင်းထုတ်လိုက်ပြီး ကာစတင်ကလည်း ဒဏ်ရာများဖြင့်
ရုန်းကန်ရသောအခါ ရိုးမား ဗဟိုခံစစ် အထိုင်ပျက်သွားသည်။
ဘီနာတီယာနေရာတွင် အစားထိုးရန် ဂရိလက်ရွေးစင် နောက်ခံလူ ကီဗင်မန်နိုလက်စ်ဖြင့်
အစားထိုးလိုက်ရာ အံဝင်ခွင်ကျ ပြီး အထိုက်အလျာက် ခြေစွမ်းပြနိုင်ခဲ့သည်။ သို့ရာတွင် ၎င်းနှင့်
တွဲဖက်ပြီး လူဟောင်းဗဟိုခံစစ်သမား တစ်ယောက်မျှ မရှိခဲ့ပေ။ ကာစတင်သာ ရက်ရှည်ဒဏ်ရာ
မရရှိဘဲ မန်နိုလက်စ်နှင့် တွဲဖက်ကစားနိုင်ပါက ရိုးမား ခံစစ်ကြောင်းသည် ကျစ်လျစ်တောင့်တင်း
ဖွယ်ရှိသည်။ သို့ကလိုကြောင့် ချန်ပီယံလိဂ်နှင့် စီးရီးအေ ပွဲကျပ်များ ကစားရချိန်၌ ခံစစ် ၀န်ထုပ်
၀န်ပိုးသည် လူသစ် ကီဗင်မန်နိုလက်စ် တစ်ယောက်တည်းပေါ်သို့ စုပြံုကျရောက်လာခြင်းကြောင့်
ရိုးမားခံစစ် 'ယိုင်'သွားသည်။
ရိုးမားခံစစ် ယိမ်းယိုင်သွားရသော အခြား အကြောင်းရင်းတစ်ခုမှာ ကွင်းလယ်ခံစစ် အားပျော့
သွားခြင်းဖြစ်သည်။ တမြန်နှစ်က ရိုးမားကွင်းလယ်အဖျက်တွင် ၀ါရင့်ကစား သမား ဒီရော့စီနှင့်
နယ်သာလန်လက်ရွေးစင် ကီဗက်စထရုမင်းတို့ တက်ညီလက်ညီ ခြေစွမ်း ပြနိုင်သောကြောင့်
ခံစစ်ကြောင်းပေါ် အကာ ကွယ်ပေးမှု ကောင်းမွန်ပြည့်စုံခဲ့သည်။
နည်းပြ ဂါစီယာသည် ၄-၃-၃ ကစားကွက် ကို ကျင့်သုံးခြင်းကြောင့် ရိုးမားကွင်းလယ်သည်
တစ်သင်းလုံး၏ 'ဟန်ချက်'ကို ထိန်းပေးထားရသော သဘောသက်ရောက်သည်။ ကွင်းလယ်
မတည်ငြိမ်သောအခါတွင် ခံစစ် ကြောင်းပေါ် အကာအကွယ်ပေးနိုင်မှု ကျဆင်း သွားပြီး
တောင်ပံခံစစ်သမားများနှင့် ချိတ်ဆက် ကစားမှုပါ အား ပျော့သွားသည်။ သို့ကလို ကြောင့်
ရိုးမားတောင်ပံတွင် wing-back ကစား သမားများ အတက်အဆင်း လိုက်ကစား ပေးခြင်းများ
'ခေါက်ရည်' ကျဆင်းသွားသည်။ အချိတ် အဆက်နှင့်ထိရောက်မှုလည်း လျော့ကျသွားသည်။
wing-back များ၏ လိုက်ပါပံ့ပိုးမှု နည်းပါး သွားသောအခါတွင် တောင်ပံတိုက်စစ်မှူးများ ကို
တွဲဖက်ကစားပေးကာ ဘောလုံးလမ်းကြောင်း ဖွင့်ထုတ်ပေးခြင်း (opening) လျော့နည်းသွား
သည်။ အကျိုးဆက်မှာ တောင်ပံ တိုက်စစ်သမားများသည် တစ်ကိုယ်တော် ရုန်းကန်ရပြီး
တောင်ပံများတွင် ဘောလုံး လမ်းကြောင်း ဖွင့်ထုတ်ပေးမည့်သူ မရှိသော အခါတွင်
ဘောလုံးဆုံးရှုံးမှုများနှင့် ရင်ဆိုင် ရသည်။ သို့ကလိုအခါမျိုးတွင် ရိုးမားခံစစ် အသင့်အနေ
အထားမရှိခြင်း၊ ပြိုင်ဘက်၏ တန်ပြန်တိုက်စစ် ထိရောက်ကောင်းမွန်ခြင်း အစရှိသော
အခြေအနေများနှင့် ကြံုတွေ့ရ ပါက ရိုးမားခံစစ် 'ပွင့်'ပြီး ဂိုးများ ပေးလိုက် ရသည်
မဟုတ်ပါလား။

အသက် ၃၈ နှစ်ရှိလာပြီဖြစ်သော ၀ါရင့်ကစားသမား တော့တီသည် အရွယ်ထောက်
လာပြီဖြစ်သောကြောင့် ပွဲချိန်ပြည့် ထည့်သွင်း နိုင်မှု နည်းပါးခြင်း၊ ပါ၀ါဂိမ်းများဖြင့် သူတင်
ကိုယ်တင် ကစားရသော ပွဲစဉ်များ၌ ပြေးအား နှင့် ရွေ့လျားမှု ကျဆင်းခြင်းများ ဖြစ်ပေါ်ခဲ့
သည်။ တစ်ဖန် အားထားရသော တောင်ပံ တိုက်စစ်သမာ ဂျာဗင်ဟိုသည်လည်း ဘောလုံး
ရာသီ ထက်ဝက်ကျိုးပြီးနောက် ဒဏ်ရာ၊ ပွဲပယ်များကြောင့် စွမ်းဆောင်ရည်ပိုင်း ကျဆင်းသွား
သည်။ ထိုအချိန်တွင် ရိုးမားသည် အရေးပေါ်အဖြစ် ဆားဘီးယားလက်ရွေးစင် အဒမ်လာဂျစ်ကို
တိုက်စစ်မှူးအဖြစ် ထည့်သွင်းခဲ့ပြီး ၎င်းသည် အရေးပါသော ဂိုးအချို့ကို သွင်းယူပေးနိုင်ခြင်းကြောင့်
သာ ရိုးမားတိုက်စစ် ဂိုးသွင်းရပ်မသွားခြင်း ဖြစ်သည်။ အကယ်စင်စစ် ဘောလုံးရာသီ
ထက်ဝက် ကျိုးချိန်၌ ရိုးမားတိုက်စစ် ကျဆင်းသွားခြင်း သည် နည်းပြဂါစီယာ၏ ကစားကွက်နှင့်
နည်းပရိယာယ် အပြောင်းအလဲနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ ရာသီအစပိုင်းက ခြေစွမ်းပြ
နိုင်ခဲ့သော ၄-၃-၃ ကစားကွက်သည် ရာသီ အလယ်ပိုင်းလောက်တွင် အလုပ်မဖြစ်တော့ ပေ။
သို့ကလို ဖြစ်လာရခြင်းမှာ ဒဏ်ရာ၊ ပွဲပယ်၊ ပွဲပမ်းခြင်းများနှင့် သက်ဆိုင်သကဲ့သို့ ပြိုင်ဘက်များ
ကရိုးမားကစားကွက်နှင့် ပရိယာယ်ကို 'အထာနပ်' လာခြင်းကြောင့်လည်း ဖြစ်သည်။
နည်းပြ ဂါစီယာသည် ကစားကွက်နှင့် နည်းပရိယာယ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့ သော်လည်း
ထင်သလောက် ထက်မြက် ထိရောက်ခြင်း မရှိခဲ့ပေ။ ထိုအချက်က ရိုးမား သည် ဂျူဗင်တပ်လောက်
Technical Flexibility မမြင့်မားဘဲ နည်းစနစ်ပိုင်းအရ ပြောင်းလွယ်ပြင်လွယ်မှု အားနည်းကြောင်း
ပေါ်လွင်ခဲ့သည်။ လူအဝင် အထွက်များခြင်းကြောင့် Technical Flexibility l ကို ထိခိုက်သွားသည်
ဟုလည်း ယူဆရဖွယ်ရှိသည်။
ဧပြီလကုန်ပိုင်းမှာ စတင်ကာ ရိုးမားသည် စီးရီးအေ ငါးပွဲဆက်တိုက်တွင် လေးပွဲအနိုင် ရရှိခဲ့သည်။
အထူးသဖြင့် အောက်ဘက်မှ အမှတ်ကပ်လာပြီး တောက်လျှောက် ဖိအားပေးလာသော မြို့ခံပြိုင်ဘက်
လာဇီယိုကို ၂-၁ ဖြင့် အနိုင်ရလိုက်သောကြောင့် ဒုတိယနေရာ ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲသို့ တိုက်ရိုက်
၀င်ရောက် ကစားခွင့် ရရှိသွားသည်။
သို့ကလိုကြောင့် ခြံုကြည့်လျှင် ရိုးမားသည် ဗဟိုခံစစ်၏ အရေးပါမှုကို လျှော့တွက်ခဲ့ပြီး အဓိက
နောက်ခံလူ ဘီနာတီယာကို ရောင်း ထုတ်လိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်ကို
ရာသီတစ်လျှောက်လုံး ခံစားခဲ့ရသည်။ ပို၍ ဆိုးရွားသွားသည်မှာ ဘီနာတီယာနှင့် တွဲဖက်ခြေစွမ်းပြ
ခဲ့သူ ကာစတန်ပါ ဒဏ်ရာကြောင့် ပွဲစဉ်အများစုကို လွဲချော်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖန် တိုက်ဆိုင်
စွာပင် ကွင်းလယ် နှင့် တိုက်စစ်တည်ငြိမ်မှုများ ကျဆင်းသွား သောကြောင့် ရိုးမားသည် စီးရီးအေနှင့်
ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း 'ဖွင့်' ကစားချိန်၌ ကံတရား၏ ဖေးမမှုကို မရရှိခဲ့သော
အသင်းဟုဆိုရတော့မည်ဖြစ်သည်။















