ချန်ပီယံပေါင် ၉၉ သန်း ၊ တန်းဆင်းအသင်းပေါင် ၆၅ သန်းရတဲ့ ပရီမီယာလိဂ်

ချန်ပီယံပေါင် ၉၉ သန်း ၊ တန်းဆင်းအသင်းပေါင် ၆၅ သန်းရတဲ့ ပရီမီယာလိဂ်

ပရီမီယာလိဂ်ရဲ့ ကလပ်တွေအပေါ် ဆုကြေး ခွဲဝေပေးအပ်ခြင်းက မျှတမှုရှိတဲ့အခါကျတော့
ထိပ်ဆုံးကနေပန်းဝင်သွားတဲ့ ချယ်လ်ဆီး အသင်းနဲ့ အောက်ဆုံးကနေ တန်းဆင်းသွားတဲ့
ကျူပီအာရ်အသင်းတို့ကြား ဆုကြေးငွေ ကွာခြားချက်က သန်း ၃၀ ကျော်လောက်ပဲ
ကွာဟတာကို တွေ့လိုက်ရပါတယ်။

စပိန်လာလီဂါမှာ ရုပ်သံခွဲဝေမှုမှာ မျှတမှုမရှိတဲ့ အတွက် အလယ်အလတ်နဲ့ အသင်းငယ်တွေ အနေနဲ့ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့နဲ့ ငွေကြေးကြွယ်ဝမှုက ဆင်နဲ့ဆိတ်လို ကွာခြားသွားပြီး အသင်းငယ်တွေဟာ လုံးပါးပါးသွား နေခဲ့ကြရပါတယ်။ ပရီမီယာလိဂ်မှာတော့ ရုပ်သံခွဲဝေမှုမှာ မျှတမှုရှိတဲ့အခါကျတော့ အသင်းငယ်တွေအနေနဲ့ တိုးတက်မှုကို ရှာဖွေ နိုင်ဖို့အတွက် အားအင်ပြည့်ဝလာစေခဲ့ပါ တယ်။ ပြီးဆုံးသွားတဲ့ ၂၀၁၄-၁၅ ရာသီမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးဟာ ဆုကြေးအရပ်ရပ်ပေါင်း ပေါင် ၉၉ သန်း ရရှိသွားခဲ့ပြီး တန်းဆင်းရတဲ့ ကျူပီအာရ်ဆိုရင်တန်းဆင်းရ သည့်တိုင်အောင် ပေါင် ၆၄ သန်း ရရှိသွားခဲ့ပါတယ်။

အမှတ်ပေးဇယား ရပ်တည်မှုအပေါ် ဆုကြေးရရှိမှု ပရီမီယာလိဂ်မှာ ရမှတ် ၄၀ ပြည့်ရင် တန်းမဆင်းရဘူးဆိုတဲ့ အဆိုရှိထားပြီး အသင်း ငယ်တွေဟာ ရမှတ် ၄၀ ရဖို့ ကြိုးစားကစားခဲ့ ကြရတာပါ၊ ရမှတ် ၄၀ ပြည့်သွားတဲ့ အသင်းငယ်၊ အသင်းလတ်တွေဆိုရင် ပရိသတ်က ဒီအသင်းအမှတ်မလိုတော့ဘူးလို့ ပြောဆို လေ့ရှိကြပါတယ်။ ဒါပေမဲ့ ရာသီကုန် အမှတ် ပေးဇယား ရပ်တည်ပုံပေါ် မူတည်ပြီး ဆုကြေး ခွဲပေးတဲ့ ပုံစံရှိထားတာကို မေ့ထားလို့မရပါ ဘူး။ နမူနာအနေနဲ့ ပြီးသွားတဲ့ရာသီကရာသီ ကုန်အမှတ်ပေးဇယားမှာ အဆင့်(၁၀)ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ဟာ ဆုကြေး ပေါင် ၁၃ ဒသမ ရ သန်းရရှိသွားပါတယ်။ အဆင့်(၁၃) ရတဲ့ ၀က်စ်ဘရွန်းဟာ ပေါင် ၁၀ သန်းပဲ ရသွား ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ အဆင့်(၁၀) မှာ ရပ်တည်သွားတဲ့အတွက် အဆင့်(၁၃)က ၀က်စ်ဘရွန်းနဲ့ ပေါင် ၃ ဒသမ ရ သန်းတောင် ကွာခြားသွားခဲ့တာကို နမူနာတွေ့ရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် အသင်းတစ်သင်းဟာ ရမှတ် ၄၀ ရသွားပြီးတာနဲ့ အမှတ်မလိုတော့ဘူးဆိုတဲ့ ယူဆပုံဟာ မှားယွင်းတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

အသင်းတိုင်းဟာ မြင့်နိုင်သမျှမြင့်အောင် ကြိုးစားကစားမှ ရာသီ ကုန်ရပ်တည်မှုအပေါ် ဆုကြေးရရှိ မှုဟာ ပိုမိုရရှိမှာဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ ချန်ပီယံဖြစ်သွားတဲ့အတွက် ရာသီကုန်ရပ်တည်မှု ဆုကြေးက ပေါင် ၂၄ ဒသမ ၉ သန်း ဖြစ်ပါ တယ်။ အဆင့်(၅)ရတဲ့ လီဗာပူးဟာ ပေါင်သန်း ၂၀ ရခဲ့ပါတယ်။ တန်းဆင်းသွားတဲ့ သုံးသင်း မှာ အဆင့်(၁၈)ရတဲ့ ဟားလ်စီးတီးဟာ ပေါင် ၃ ဒသမ ရ သန်းရပြီး အဆင့်(၁၉) ရတဲ့ ဘန်လေက ပေါင်၂ ဒသမ ၄ သန်း၊ အဆင့်(၂၀) ရတဲ့ ကျူပီအာရ်က ပေါင် ၁ ဒသမ ၂၄ သန်းသာရရှိခဲ့ပါတယ်။ ဒီဆုကြေးခွဲဝေပေးပုံကိုကြည့်လိုက်ရင် ရာသီကုန်အမှတ်ပေးဇယား ရပ်တည်မှုဟာ အရေးကြီးတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ရုပ်သံခွဲတမ်းကို ဘယ်လိုခွဲဝေပေးသလဲ မန်ယူဟာ အသင်းကြီးဖြစ်လို့၊ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးတို့ဟာ အသင်းကြီးတွေဖြစ်ပြီး ပရိသတ်အင်အားကြီးမားများပြားလို့ သူတို့ကိုရုပ်သံကြေး ပိုပြီး ခွဲဝေပေးမယ်ဆိုတာ ပရီမီယာလိဂ်မှာမရှိပါဘူး။ ပြိုင်ပွဲဝင်တဲ့ အသင်း ၂၀ စလုံးဟာ ပရီမီယာလိဂ်ဇာတ်ခုံမှာ ကပြရတဲ့သူတွေ ဖြစ်လို့ ရုပ်သံခွဲဝေပေးမှုကို အညီအမျှပေး ထားခဲ့တာက ပရီမီယာလိဂ်ဟာ တခြားသော မတူသော ရုပ်သံခွဲဝေပေးမှုပုံစံပဲဖြစ်ပါတယ်။ ရုပ်သံခွဲဝေပေးမှုကို ပြည်ပရုပ်သံခွဲတမ်းနဲ့ ပြည်တွင်းခွဲတမ်းဆိုပြီးနှစ်မျိုး ခွဲထားပြီး ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ရာသီမှာ ပြည်ပခွဲတမ်း အနေနဲ့ တစ်သင်းကို ပေါင် ၂၇,၇၅၇,၃၁၇ စီ ရရှိသွားခဲ့ကြပါတယ်။

ချန်ပီယံချယ်လ်ဆီး လည်း ၂၇,၇၅၇,၃၁၇ ပဲ၊ တန်းဆင်း ရတဲ့ ကျူပီအာရ်၊ ဘန်လေ၊ ဟားလ် စီးတီးတို့လည်း ၂၇,၇၅၇,၃၁၇ စီပဲ ရရှိခဲ့ကြပါတယ်။ ပြည်တွင်းခွဲတမ်း မှာ တစ်သင်းကို ၂၁,၉၆၈,၇၉၃ စီ ရရှိသွားပါတယ်။ ဒီနှစ်မျိုးပေါင်းဆို ရင် ပရီမီယာလိဂ် အသင်းတစ်သင်း ဟာ ရုပ်သံခွဲတမ်းကနေ ပေါင် ၄၉ ဒသမ ရ သန်းစီ ရရှိသွားခဲ့ကြပါ တယ်။ ဒီလိုမျိုးအညီအမျှ ခွဲဝေမပေး ဘူးဆိုရင် ကျူပီအာရ်၊ ဘန်လေတို့လို တန်းဆင်းရတဲ့ အသင်းတွေဟာ စုတ်ပြတ်သတ်သွားကြမှာပဲ ဖြစ်ပါတယ်။ လာလီဂါမှာတော့ ဒီလိုဖြစ်နေခဲ့ပါတယ်။ ဒါဟာ ပရီမီယာလိဂ်ရဲ့ ထူးခြားမှု၊ မျှတမှုရှိတဲ့ ရုပ်သံခွဲဝေပေး မှုပုံစံပဲဖြစ်ပါတယ်။ ရုပ်သံခွဲဝေမှုမှာ အသင်းကြီးတွေအတွက် အားသာပေးမှုပေး တဲ့အနေကတော့ ပြည်တွင်းမှာ တိုက်ရိုက် ရုပ်သံပြသမှုအရေအတွက်အရ ထပ်မံခွဲဝေ ပေးခြင်းပဲဖြစ်ပါတယ်။

၂၀၁၄-၁၅ ရာသီမှာ ပြည်တွင်းမှာ တိုက်ရိုက်ပြသခွင့် အများဆုံး ရတဲ့အသင်းက မန်ယူအသင်းဖြစ်ပါတယ်။ မန်ယူက ၂၇ ပွဲ အများဆုံးပြသခဲ့ရပါတယ်။ ၂၇ ပွဲအတွက် မန်ယူဟာပေါင် ၂၁ ဒသမ ၄၇၇ သန်းရသွားခဲ့ပါတယ်။ ချန်ပီယံ ချယ်လ်ဆီးက ၂၅ ပွဲသာ ပြသခဲ့ရလို့ ပေါင် ၁၉ ဒသမ ၉၈၂ သန်းသာရခဲ့ပါတယ်။ အာဆင်နယ်နဲ့ လီဗာပူး လည်း ၂၅ ပွဲစီပဲပြသခဲ့ရလို့ ချယ်လ်ဆီးနဲ့အတူ ရရှိသွားခဲ့ပါတယ်။ မန်စီးတီးက ၂၆ ပွဲပြသခဲ့ရ ပြီး မန်ယူနောက် ဒုတိယလိုက်ခဲ့ကာ ပေါင် ၂၀ ဒသမ ရ၂၉ သန်းရခဲ့ပါတယ်။ တန်းဆင်းသွား ခဲ့တဲ့ အောက်ဆုံးကအသင်း ကျူပီအာရ်ဟာ ၁၁ ပွဲပြသနိုင်ခဲ့လို့ ပေါင် ၉ ဒသမ ၅၂၂ သန်း ရခဲ့ ပေမယ့် ဘန်လေ၊ ဟားလ်စီးတီးတို့ဟာ ရှစ်ပွဲ သာပြသနိုင်ခဲ့လို့ ပေါင် ၈ ဒသမ ရ၇၅ သန်း သာရသွားခဲ့ပါတယ်။ ရုပ်သံကြေး စုစုပေါင်း ဟာ ၉၉၄ ဒသမ ၅ သန်းတောင်ရှိခဲ့ပါတယ်။

စပွန်ဆာကြေးလည်းခွဲဝေပေး ပရီမီယာလိဂ်ရဲ့ အဓိက စပွန်ဆာက ဘာကလေဘဏ်ဖြစ်တယ်ဆိုတာကို ပရီမီ ယာလိဂ်ကို စိတ်ဝင်စားသူတိုင်း သိထားကြပြီးဖြစ်ပါတယ်။ ပြီးရင်တခြားသော စပွန်ဆာတွေလည်း အများအပြားရှိထားပါတယ်။ အဲဒီစပွန်ဆာကနေရလာတဲ့ ငွေအများအပြားကို အသင်း ၂၀ ကို ညီတူညီမျှ ခွဲဝေပေးခြင်းလည်း ရှိထားပါတယ်။၂၀၁၄ဪ၁၅ ရာသီအတွက် စပွန်ဆာ ကြေးစုစုပေါင်းက ပေါင် ၈၇ ဒသမ ၈၅ သန်းကို ခွဲဝေပေးခဲ့ပါ တယ်။ ပရီမီယာလိဂ်တစ်သင်းကို ပေါင် ၄,၃၉၂,၆၃၀ စီရရှိသွားခဲ့ကြပါတယ်။ ၂၀၁၄ဪ ၁၅ ရာသီအတွက် ပရီမီယာလိဂ်အသင်း ၂၀ ကို ခွဲဝေပေးတဲ့ ငွေကြေးစုစုပေါင်းဟာ ၁,၆၀၅,၂၃၂,၉၀၀ ရှိခဲ့ပါတယ်။ ထိပ်ဆုံးက ချယ်လ်ဆီးဟာ ဆုကြေးစုစုပေါင်း ၉၉ သန်း ရရှိသွားခဲ့ပြီး ဒုတိယရတဲ့ မန်စီးတီးဟာ ၉၈ ဒသမ ၅ သန်းရရှိသွားခဲ့ပါတယ်။

မန်ယူ က ၉၇ သန်း၊ အာဆင်နယ်က ၉၆ ဒသမ ၅ သန်း၊ လီဗာပူးက ၉၃ သန်းရရှိသွားခဲ့ကြပါတယ်။ တန်းဆင်းသွားရတဲ့ ဟားလ်စီးတီးက ၆၇ သန်း၊ ဘန်လေက ၆၅ ဒသမ ၄ သန်း၊ ကျူပီအာရ်က ၆၄ ဒသမ ၈၈၆ သန်းရရှိသွား ခဲ့ပါတယ်။ ပရီမီယာလိဂ်ရဲ့ ဆုကြေးခွဲဝေပေးမှု အနေအထား အချိုးဟာ ၁.၅၃ း ၁ သာရှိခဲ့ပါတယ်။ လာလီဂါရဲ့ ဆုကြေးခွဲဝေမှုအချိုး က ၁၁.၃ း ၁ ရှိနေခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ လက်ဝါးကြီးအုပ် ခွဲဝေ မှုအနေအထားကြောင့်လည်း အချိုးမညီဖြစ်ခဲ့ပြီး လာလီဂါအသင်းငယ်တွေ ပိန်ပါးလာခဲ့တာဖြစ်ပါတယ်။ အီတလီစီးရီးအေရဲ့အချိုးက ၄း၁ ရှိထားပါတယ်။ ပြင်သစ်လိဂ် မှာက ၃.၇ း ၁ ရှိခဲ့ပြီး ဂျာမန်ဘွန်ဒက်စ်လီဂါ က ၂း၁ ရှိခဲ့ပါတယ်။ ဒီအချိုးအစားကိုကြည့် လိုက်ရင် ပရီမီယာလိဂ်ပြီးရင် ဂျာမန်ဘွန်ဒက်စ်လီဂါက မျှတမှုရှိတဲ့လိဂ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ ဒါကြောင့်လည်း ဘွန်ဒက်စ်လီဂါဟာ ပရီမီယာလိဂ်လိုပဲ ပြိုင်ဆိုင်မှု အားကောင်းလာနေတာပဲဖြစ်ပါတယ်။ ပရီမီယာလိဂ်ရဲ့ ဆုကြေးဟာ မျှတမှုဖြစ်လာတာကြောင့်လည်း ပရီမီယာလိဂ်ကလပ်တွေကို ပြည်ပကလုပ်ငန်းရှင်တွေ ၀ယ်ယူ ရင်းနှီးမြုပ်နှံနေခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၆ဪ၁၇ ဘောလုံးရာသီရောက်ရင် ပရီမီ ယာလိဂ်ကလပ်တွေဟာ ရုပ်သံထုတ်လွှင့် ကြေးတွေ အများအပြားတိုးရလာတော့ မှာဖြစ်လို့ လာမယ့်၂၀၁၅ဪ၁၆ ရာသီမှာ တန်းမဆင်းရနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် နေတဲ့ အလယ်အလတ်နဲ့အသင်းငယ်တွေဟာ ပြင်ဆင်မှုတွေ ထူးခြားခြားလုပ်လာတာကို တွေ့ရပြီဖြစ်ပါတယ်။

လာမယ့်ရာသီအတွက်ပြင်ဆင်အားဖြည့်မှုနည်းတဲ့ အသင်းတွေဟာ တန်းဆင်းရဖို့အတွက် နီးစပ်သွားတော့မှာ ဖြစ်ပါတယ်။ ၀က်စ်ဟမ်းအသင်းဟာ နည်းပြအသစ် ပြောင်းလိုက်သလို ပြင်သစ်လက်ရွေးစင် ပေယက်ကို ၀ယ်ယူအားဖြည့်လိုက်ပြီဖြစ် ပါတယ်။ မနှစ်က ချယ်လ်ဆီးကနေ ဖီအိုရင် တီးနားကိုအငှားနဲ့ သွားကစားနေတဲ့ ဆာ လက်ချ်ကိုလည်း ခေါ်ဖို့ပြင်ဆင်နေတာတွေ့ရပါတယ်။ စတုတ်အသင်းဆိုရင်လည်း အသင်းကိုပိုပြီး တောင့်တင်းအောင်ဂျိုဆီလူ ဆိုတဲ့ စပိန်လူငယ်လက်ရွေးစင်တိုက်စစ်မှူး ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းကတော့ လာမယ့်ရာသီအတွက် ထူးထူးခြားခြားကို ပြင်နေပါတယ်။ နွေရာသီ အပြောင်းအရွှေ့ရာသီက ဩဂုတ်လကုန် အထိဖြစ်လို့ ဘယ်အသင်းတွေ ဘယ်လောက် ပြင်ဆင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။

ပြည်ပလုပ်ငန်းရှင်တွေဟာ ပရီမီယာလိဂ်မှာ လက်ရှိရှိနေတဲ့အသင်းတွေကို ၀ယ်ယူခြင်း ထက် ပရီမီယာလိဂ်ကို တက်လာနိုင်တဲ့ လိဂ် ချန်ပီယံရှစ်က ကလပ်အသင်းတွေကို ၀ယ်ယူ ရင်းနှီးမြှုပ်နှံနေကြလို့ အခုဆိုရင် လိဂ်ချန်ပီယံ ရှစ်တန်းက ကလပ်တွေဟာလည်း နိုင်ငံခြား သားပိုင်ကလပ်တွေ ဖြစ်လာပါတယ်။ ပရီမီ ယာလိဂ်ကိုဝင်ခွင့်ရတဲ့ တန်းတက်သုံးသင်းထဲမှာ ၀က်ဖို့ဒ်အသင်းဟာ အီတလီသူဌေးပိုင်အသင်း ပဲဖြစ်ပါတယ်။ ဒါကြောင့်ဝက်ဖို့ဒ်ဟာ ပရီမီ ယာလိဂ်မှာ တင်ကျန်နိုင်ဖို့ ကြိုးစားလာဦးမယ့် တန်းတက်အသင်းဖြစ်လာနိုင်ဖွယ်ရှိနေ ပါတယ်။ မနှစ်ကတန်းတက်လာတဲ့ လက်စတာ အသင်း ကျားကုတ်ကျားခဲ ကစားပြီး တန်းတင် ကျန်ခဲ့ခြင်းက နမူနာဖြစ်နေလို့ ပရီမီယာလိဂ် အရင်ကထက်ပိုပြီး ပြိုင်ဆိုင်မှုကြီးမားလာ တော့မယ်လို့ သုံးသပ်မိပါရဲ့...။



ဖတ်ရှုမှုအများဆုံး