ဒီရာသီရဲ့ အပြောင်းအရွှေ့ဈေးကွက်ကတော့ စိတ်ဝင်စားစရာကောင်းလာပြီလို့ ပြောနိုင်ပါပြီ။
ဥရောပမဟာအသင်းကြီး နှစ်သင်းရဲ့ အားပြိုင်မှုက ဈေးကွက်ကို ပိုပြီးလှုပ်ခတ်စေဖို့ ရှိနေတယ်။
မန်ယူနဲ့ ဒီဂီယာ၊ ရီးယဲလ်နဲ့ ရာမို့စ်တို့ကြား က အပြောင်းအရွှေ့ အကွက်တွေကလည်း
စိတ်ဝင်စားစရာဖြစ်လာ တယ်။ အထူးသဖြင့် ဥရောပ မှာ ကြွယ်ဝတဲ့ အသင်းကြီး နှစ်သင်းရဲ့
ဒီဂီယာနဲ့ ရာမို့စ်တို့အတွက် အကွက် ရွှေ့မှုတွေဟာ ဒီရာသီ အပြောင်းအရွှေ့ဈေးကွက် ရဲ့
အရှိန်ကို တွန်းတင်ပေး ရာလည်း ရောက် နေတယ်။ ဒီနှစ်သင်း စလုံးအတွက် ငွေကြေးဟာ
လှည့် ကြည့်စရာ လိုတဲ့ အနေ အထားမျိုး မရှိကြဘူး။ ဒါကြောင့် သူတို့အတွက်၊ သူတို့ရဲ့
ဂုဏ်သိက္ခာတွေအတွက် အပြိုင်အဆိုင် ဈေး ကစားမှုမှာ ဘယ်အသင်း အသာရသွားမလဲဆိုတာ
စောင့် ကြည့်ချင်စရာကောင်းလာတယ်။ ဒီဂီယာ... ဒီမန်ယူဂိုးသမားလေးက ရီးယဲလ်ကို
ပြောင်းချင်နေတဲ့ပုံမျိုး ပိုပေါ်နေတယ်။
ရာမို့စ်... သူကတော့ အသင်းနဲ့ အဆင်မပြေတာက အဓိကလိုဖြစ်နေပြီး မန်ယူကို ပြောင်း
ချင်လှချည်ရဲ့ဆိုတဲ့ အသံမျိုးတော့ မထွက်ပါဘူး။ နောက်ပြီး ဒီဂီယာက စာချုပ်သက်တမ်း
ကုန်ဖို့ တစ်နှစ်သာကျန်တော့ချိန်မှာ ရာမို့စ်က စာချုပ်သက်တမ်း နှစ်နှစ်ကျန်နေသေးတယ်။
အဲဒီနှစ်ချက်အရတော့ ဒီအပြောင်းအရွှေ့မှာ ရီးယဲလ်ဟာ ခြေတစ်လှမ်းသာနေပြီလို့တော့
ပြောနိုင်တယ်။ ရီးယဲလ်ဆိုတာကလည်း ဥက္ကဋ္ဌ ပီရက်ဇ် လက်ထဲမှာ အပြောင်းအရွှေ့ဈေး
ကွက်ကို လိုသလိုလုပ်နိုင်တဲ့ အသင်းတစ်သင်းဖြစ်နေတယ်။
သူတို့လိုချင်ရင် ငွေပုံပေးခေါ်ယူဖို့ လက် နှေးနေတာမျိုးမရှိတတ်သလို အသင်း မှာ မလိုအပ်တော့တဲ့
ကစားသမားမျိုးကို လည်း တော်ရုံဈေးနဲ့ ရောင်းထုတ်လိုက်ဖို့ လက်တွန့်တတ်တဲ့ အသင်းမျိုးလည်း
မဟုတ် ပါဘူး။ ဒီအချက်ဟာ မန်ယူအတွက် ရီးယဲလ်ကို ယှဉ်နိုင်ဖို့ သိပ်မလွယ်နိုင်တဲ့ အချက်ပါပဲ။
ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ်ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ဘုရင်တစ်ပါးလို အကောင်းဆုံး
လှုပ်ရှားပြနိုင်တဲ့ လူတစ်ယောက်ပီပီ အခု မန်ယူနဲ့ အားပြိုင်မှုမှာလည်း သူ့ရဲ့လှည့်ကွက်
တွေကို ပိုပြီးမြင်တွေ့ရဖို့က များနေတယ်။
ရာမို့စ် ရီးယဲလ်က ထွက်ခွာချင်တယ်ဆိုတာ က တကယ်တမ်းပြောရရင် သူ့ရဲ့ကစားကြေး
ပိုလိုချင်တဲ့ အချက်က အဓိကလိုဖြစ်နေတယ်။ အဲဒီအချက်ကို ပီရက်ဇ်လိုလူမျိုးက အလွယ်
တကူ လိုက်လျောပေးလိုက်မယ်ဆိုရင် ရာမို့စ် ဟာ ရီးယဲလ်မှာပဲ ဆက်ရှိသွားဖို့များနေ
ပေမယ့် မန်ယူက ဒီဂီယာကတော့ ဒီလိုအခြေ အနေမျိုးမဟုတ်ဘူး။ သူ့အတွက် ငွေကြေးက
အဓိကမဟုတ်ဘဲ ရီးယဲလ်လိုအသင်းကြီးကို ပြောင်းရွှေ့ပြီး သူ့မြေသူ့ရေ မက်ဒရစ်မှာ ခြေချ
ချင်တဲ့စိတ်ကို ရှေ့တန်းပိုတင်ထားတာတွေ့ရ တယ်။ အခုဆိုရင် သူပိုင်တဲ့အိမ်ကိုတောင်
အရောင်းစာရင်း တင်ထားပြီ ဆိုတဲ့ သတင်းတွေ ထွက်လာနေပြီ ဆိုတော့ သူ့က ရီးယဲလ်
ကိုပြောင်းချင်စိတ် တွေ ပိုများနေတဲ့သူတစ်ယောက်လို ဖြစ်နေ တယ်။ ဒီအချက်ဟာ
ပီရက်ဇ်အတွက် ကောင်းကောင်း ကိုင်တွယ်အသုံးချနိုင်ခွင့်ရှိနေတဲ့ အချက်တစ်ခုဖြစ်သွား
ခဲ့တယ်။
ဒါကိုပဲ အပိုင်ကိုင်ပြီး ရီးယဲလ်ဟာ ဈေးကွက်အတွင်း ဒီဂီယာကိုရရှိရေးအတွက် လှုပ်
ရှားတော့မယ့် ပုံမျိုးပေါ်လာတယ်။ ပီရက်ဇ်ဟာ ဒီဂီယာရဲ့အပြောင်းအရွှေ့ သတင်းတွေ
စပြီးထွက်လာကတည်းကိုက မန်ယူကို အပေါ်စီးက ဖိနှိမ်နိုင်ဖို့ ကြိုးစားထား တာလည်း
တွေ့ရတယ်။ ရီးယဲလ်ကိုပြောင်းလို နေတဲ့ ဒီဂီယာကို သူတို့ကမ်းလှမ်းတဲ့ဈေး အတိုင်း
လက်ခံပြီးပြောင်းခဲ့ရင် ပြောင်းခဲ့၊ မဟုတ်ရင်တော့ နောက်ထပ်ဘယ်တော့မှ ကမ်းလှမ်းတော့မှာ
မဟုတ်ဘူးဆိုတဲ့ ဖိအားပေးမှုနဲ့ ဒီအပြောင်းအရွှေ့မှာ အပေါ်စီးကို ရောက်အောင် အရင်ယူထား
လိုက်တယ်။ ရီးယဲလ်အတွက် နည်းနည်းလှုပ်ခတ်သွား တာက ရာမို့နဲ့အသင်းကြားမှာ အဆင်
မပြေတဲ့ သတင်းတွေနဲ့အတူ ဒီသတင်းတွေကိုအသုံးချ ပြီး မန်ယူကလည်း ရာမို့စ်ကိုခေါ်ယူဖို့ စီစဉ်
လာတာပါပဲ။ မန်ယူဟာ ရာမို့စ်ကို ရရှိရေး အတွက် ရီးယဲလ်က အလိုရှိနေတဲ့ ဒီဂီယာကိုအသုံး
ချနိုင်လိမ့်မယ်လို့ တွက်ချက်ပြီး ရာမို့စ်ကိုခေါ်ယူနိုင်ဖို့ ၀င်ကြိုးစားလာခဲ့ပုံရတယ်။
ဒါပေမဲ့ ဒီနေရာမှာ မန်ယူမတွက်မိတဲ့ အချက်က ရာမို့စ်ဟာ ရီးယဲလ်မှ မဖြစ်မနေ ထွက်ခွာချင်နေတဲ့
စိတ်မျိုးရှိမနေသေးဘဲ သူ့ရဲ့စာချုပ်သစ်အတွက် ပီရက်ဇ်နဲ့ အားစမ်း ကြည့်တဲ့ သဘောမျိုးမှာပဲ
ရှိနေသေးတဲ့ အချက်ပါပဲ။ ဒါကို ပီရက်ဇ်ကလည်း ကောင်း ကောင်းသဘောပေါက်ထားတော့
ဒီဂီယာကို အသုံးချပြီး ရာမို့စ်ကိုဝင်ဆွဲနိုင်ဖို့ ကြိုးစားလာတဲ့ မန်ယူကို ပြန်ပြီး ဖိအားပေးနိုင်ဖို
့ ပြင်ဆင်လာတာပါပဲ။ အသိသာဆုံးကတော့ မန်ယူက ပေါင်သန်း ၄၀ လောက်နဲ့ ကမ်းလှမ်း
လာခဲ့တဲ့ ရာမို့စ်ရဲ့ ဈေးကို ပေါင် ၆၅ သန်းလောက်အထိ ဆွဲတင်ပစ်လိုက်တဲ့အတွက် မန်ယူ
အနေနဲ့ ရာမို့စ်ကို မရရအောင်ခေါ်မယ်ဆိုရင် အနည်းဆုံး ပေါင် ၆၃ သန်းလောက်တော့
သုံးရတော့မယ့်အနေ အထားမျိုးအထိ ရောက်သွားခဲ့တယ်။ ဒါတင်ပဲလားဆိုတော့ မကသေးဘူး။
ရီးယဲလ်ဟာ သူတို့ဆီလာချင်နေတဲ့ ဒီဂီယာကိုလည်း တစ်ဖက်လှည့်နဲ့ ထပ်ပြီးဖိအားပေးလိုက်ပြန်
တယ်။ ဒီဂီယာအတွက် ပေါင်သန်း ၂၀ လောက်နဲ့ပဲ ကမ်းလှမ်းသွားဖို့ ရှိနေပြီး တကယ်လို့ မန်ယူက
ဒီကမ်းလှမ်းမှုကို လက်မခံဘူးဆိုရင်လည်း ကိစ္စမရှိဘူးဆိုတဲ့ ပုံစံမျိုး ချိုးပြလိုက်တယ်။ မန်ယူနဲ့
စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့တဲ့ ဒီဂီယာဟာ လာမယ့် ၂၀၁၆ ဈေးကွက်ရောက်ရင်
မန်ယူနဲ့စာချုပ် သက်တမ်းကုန်တော့မှာဖြစ်လို့ ရီးယဲလ်ဟာ ဒီဂီယာကို အဲဒီအချိန်အထိစောင့်
ခေါ်ခဲ့ရင် ပြောင်းရွှေ့ကြေး တစ်ပြားက မကုန်တော့ဘဲ ဒီဂီယာကို ရသွားနိုင်တဲ့နည်းလမ်းကို
အသုံးချလာခဲ့ တယ်။
ပေါင်သန်း ၂၀ နဲ့ ရောင်းရင်ရောင်း၊ တကယ် လို့ မရောင်းရင်လည်း ကိစ္စမရှိဘူး။ တစ်ဖက်
မှာ လေဗာကူဆင်ဂိုးသမား ဘန့်လီနိုကို ပေါင် ၁၄ သန်းလောက်နဲ့ ခေါ်ထားနိုင်ဖို့ အဆင်သင့်
ရှိနေတယ်ဆိုတဲ့ လုပ်ကွက်မျိုးကို လည်း ထုတ်ပြထားလို့ ဒီဂီယာအတွက် မန်ယူဟာ
ရှေ့တိုးရမလား၊ နောက်ဆုတ်ရမလား ဆုံးဖြတ်ရခက်တဲ့ အနေအထားမျိုးကို ရောက်
သွားတယ်။ မန်ယူဘက်က ဒီဂီယာအတွက် သူတို့လိုချင်တဲ့ဈေးအထိ ဆွဲတင်လာခဲ့ရင်
ရီးယဲလ်ဟာ အသက်ငယ်ရွယ်သေးတဲ့ ဒီဂီယာ ကို တစ်ရာသီ မန်ယူမှာကစားခွင့်ပေးထားပြီး
နောက်ရာသီမှာ အလကားခေါ်သွားနိုင်တဲ့ အပြင် အဲဒီအချိန်မှာ ဒီဂီယာကလည်း အတွေ့
အကြံုတွေအရ လက်စွမ်းပိုကောင်းနိုင်တဲ့ အချိန်မျိုးဖြစ်နေလို့ မန်ယူအတွက် သူ့ကို လက်လွှတ်
လိုက်ရဖို့ အဆီနဲ့တဝင်းဝင်းဖြစ်နေတဲ့အချိန်ဖြစ်နေတယ်။
တကယ်လို့ ရီးယဲလ်ကပေးတဲ့ဈေးနဲ့ပဲ ရောင်းလိုက်မယ် ဆိုရင်လည်း မန်ယူအတွက် ထိုက်သင့်တဲ့
ဈေးမရနိုင်သလို ဖြစ်သွားနိုင်တဲ့အပြင် တစ်ဖက်မှာ သူတို့လိုချင်တဲ့ ရာမို့စ်အတွက် လည်း ငွေက
ထပ်ကုန်ဦးမှာဆိုတော့ သိပ်ပြီးမကိုက်လှဘူး ဖြစ်သွား နိုင်တယ်။ ရီးယဲလ်ဘက်ကို ကြည့်ရင်တော့
ဒီဂီယာကိုမရလည်း ကာ စီးလက်စ်ကို တစ်ရာသီ လောက် ဆက်သုံးထားလို့ရသလို အထက်မှာ
ပြောခဲ့သလိုပဲ လီနိုလို ဂိုးသမားကိုလည်း ကြို ချိတ်ထားပြီဆိုတော့ သိပ်ကိစ္စ မရှိဘူး။ နောက်ပြီး
ရာမို့စ် ဘက်ကို ကြည့်မယ်ဆိုရင် လည်း ရာမို့စ်ထွက်ခွာ ခြင်း၊ မထွက်ခွာခြင်းဟာ သူတို့အတွက်
သိပ်အရေး မကြီးလှဘူး။ ဘာဖြစ်လို့ လဲဆိုတော့ စပိန်ဒေသ တွင်း သတင်းတွေအရ ပီရက်ဇ်ဟာ
နဂိုကတည်းက အသင်း အပေါ် လွှမ်းမိုးမှုတွေ အတော်လေးများနေ တဲ့ ရာမို့စ်ကို အသင်းမှာဆက်
ထားဖို့ ဆုံးဖြတ် ရခက်နေတဲ့ အခြေအနေမျိုးမှာ ရှိနေတာဖြစ် လို့ ရာမို့စ်ထွက်သွားရင်လည်း သူလိုချင်တဲ့ ပုံစံထဲရောက်သွားသလိုတောင် ဖြစ်သွားနိုင်တယ်။
ဒါကြောင့်လည်း ရာမို့စ်အတွက် ပြောင်းရွှေ့ကြေးကို ရနိုင်သမျှ ရအောင်ယူပြီးမှ ရောင်းထုတ်မယ့်
လမ်းကြောင်းကို ပုံဖော်လိုက်တာပဲ ဖြစ်နိုင်တယ်။ တကယ်လို့ မန်ယူကမခေါ်နိုင်ဘူးဆိုရင်လည်း
ရာမို့စ်ကိုသူတို့ လိုချင်တဲ့ ဈေးနဲ့ ညှိပြီးအသင်းမှာ ဆက်ထားဖို့ဆိုတာ လည်း သူ့အတွက် အခွင့်
အရေးရသွားနိုင်တယ်။
ဒါဟာ ပီရက်ဇ်ရဲ့ ခွချက်သဘောမျိုး ဖန်တီးယူလိုက်တဲ့ အခြေအနေတစ်ခုလို့ပဲ ထင်တယ်။ သူ့က
ရာမို့စ်ကို အသင်းမှာဆက်ထားချင်ရင်လည်း ရာမို့စ်တောင်းတဲ့ ဈေးကို ပေးလိုက်ရုံပဲဆိုတော့
စိုးရိမ်စရာ သိပ် မရှိလှပါဘူး။ ဒါကြောင့် ဥရောပ မဟာအသင်းကြီး နှစ်သင်းရဲ့ အပြောင်းအရွှေ
့အားပြိုင်မှုမှာ ပီရက်ဇ်ရဲ့ရွှေ့ကွက်တွေကို မန်ယူ ဘယ်လို တုံ့ပြန်မလဲဆိုတာကိုပဲ စောင့်ကြည့်ရဖို
့ရှိလာ တယ်။ လောလောဆယ်မှာတော့ ပီရက်ဇ်နဲ့ ရီးယဲလ်က အပေါ်စီးမှာရှိနေပါတယ်။















