အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ Z Corporation နှင့် One
Championship တို့ ပူးပေါင်းစီစဉ် ကျင်းပမည့် Mixed Martial Arts (MMA) ပြိုင်ပွဲကြီးကို
Kingdom Of Warriors အမည်ဖြင့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ
အားကစားရုံကြီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပွဲကြီးတွင် အဓိကပွဲစဉ်အဖြစ် One ၏ လက်ရှိကမ္ဘာ့ချန်ပီယံ ဘရာဇီးလ်နိုင်ငံသား
ဘီဘာနိုဖာနန်ဒစ်နှင့် စိန်ခေါ်သူ ဖင်လန်နိုင်ငံသား တိုနီတော်ရူးတို့က ရင်ဆိုင် ထိုးသတ်
သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ တွင် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်သော နိုင်ငံတကာ အဆင့်မီ MMA
ပြိုင်ပွဲကြီး ဖြစ် သလို မြန်မာ့ရိုးရာ လက်ဝှေ့သမားများ ၀င်ရောက်ယှဉ်ပြိုင်မည့်ပထမဆုံး
MMA ပြိုင်ပွဲဖြစ်သည်။
လိုက်ဝိတ်တန်းပြိုင်ပွဲတွင် စောဘဦးနှင့် ဒေါနအောင်၊ သွေးသစ်အောင်နှင့် စောသဲဦး တို့
ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖယ်သာဝိတ်တန်း ပြိုင်ပွဲတွင် မင်းထက်ဇော်နှင့် မျိုးမာန်သစ်၊လှစ်လှစ်လေးနှင့်
သပြေညိုတို့က ယှဉ်ပြိုင် မည်ဖြစ်သည်။ ပြိုင်ပွဲများကို ဆီမီးဖိုင်နယ် အဆင့်မှ စတင်ကျင်းပမည်ဖြစ်ပြီး
ပြိုင်ပွဲ အပြီးတွင် ၀ိတ်တန်း နှစ်တန်းအတွက် MMA မြန်မာချန်ပီယံနှစ်ဦး ပေါ်ထွက်လာမည်ဖြစ်သည်။
"ဒီ MMA ပြိုင်ပွဲမှာ မြန်မာလက်ဝှေ့ သမားတွေ ပထမဦးဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်ကြမှာပါ။
ပြိုင်ပွဲပြီးရင် ၀ိတ်တန်း နှစ်တန်းအတွက် MMA မြန်မာချန်ပီယံ နှစ်ဦးပေါ်ထွက်လာမယ်။
ဒီနှစ်ယောက်ကို ဆက်လက်လေ့ကျင့်ဖို့ အစီအစဉ်ရှိပါတယ်။ အနာဂတ် MMA ပြိုင်ပွဲတွေမှာ
မြန်မာလက်ဝှေ့သမားတွေ အောင်မြင်လာဖို့ မျှော်လင့်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခိုင်းတာပါ"ဟု
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။ "အရင်က MMA ပြိုင်ပွဲဆိုရင်
ကျွန်တော် တို့တွေ တီဗီကပဲ ကြည့်ဖူးခဲ့တာပါ။ အခု မြန်မာနိုင်ငံမှာ လာရောက်ကျင်းပပြီး ကိုယ်တိုင်
လည်း ၀င်ရောက်ယှဉ်ပြိုင်ရမယ် ဆိုတော့ ၀မ်းသာမိပါတယ်။ အကောင်းဆုံး လေ့ကျင့်ပြီး ၀င်ရောက်
ယှဉ်ပြိုင်သွားမှာပါ" ဟု ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ရိုးရာ လက်ဝှေ့သမားတစ်ဦးဖြစ်သူ
ဒေါနအောင်က ပြောသည်။
"ကျွန်တော့်ကို ၀င်ရောက်ယှဉ်ပြိုင်နိုင် မလားလို့ ဆက်သွယ်လာပါတယ်။ ကျွန်တော်ကလည်း
၀င်ပြိုင်ချင်တာနဲ့ ပြိုင်ဖြစ်သွား တာပါ။ ချန်ပီယံဖြစ်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတယ်။
MMA ပြိုင်ပွဲကို ခုမှ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ဖူးတာဆိုပေမယ့် အကောင်းဆုံး လုပ်နိုင်မယ်လို့
ယုံကြည်ပါတယ်။ နောက်ထပ် MMA ပြိုင်ပွဲ တွေကိုလည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားသွား
မှာပါ"ဟု သပြေညိုက ပြော သည်။ မြန်မာလက်ဝှေ့သမားများ ၀င်ရောက် ယှဉ်ပြိုင်မည့် MMA
ပွဲစဉ်များကို တစ်ချီလျှင် ငါးမိနစ်နှုန်းဖြင့် နှစ်ချီ ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။ ဖျံသွေးနှင့်စိုးထက်ဦး
တို့၏ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကိုလည်း ရိုးရာ လက်ဝှေ့စည်းမျဉ်းအတိုင်း ထည့်သွင်းကျင်းပသွား
မည်ဖြစ်ပြီး မြန်မာ့ရိုးရာကို နိုင်ငံတကာ အဆင့်ပြိုင်ပွဲတွင် မိတ်ဆက်လိုသောကြောင့် ထည့်သွင်း
ကျင်းပခြင်းဖြစ်ကြောင်း ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ပြောသည်။
ပူးပေါင်းစီစဉ်သူ ဇေကမ္ဘာကုမ္ပဏီက ဦးဇေသီဟက "ဒီပွဲကိုကြီးကို ရိုးရာလက်ဝှေ့ သမားတွေ
၀င်ငွေတိုးစေချင်လို့ ကျင်းပပြုလုပ် ဖြစ်တာပါ။ ရိုးရာလက်ဝှေ့ကို ကိုယ်တတ်နိုင်တဲ့ ဘက်က
ပံ့ပိုးကူညီပေးတာပါ။ ကုန်ကျစရိတ်တော့ တော်တော်များပါတယ်။ ဖြစ်နိုင်ရင် တစ်ပတ်ကို
တစ်ကြိမ်လောက်လုပ်ချင်တာပါ။ လာမယ့် မတ်လအတွင်းမှာ ထပ်မံကျင်းပနိုင်အောင်
ကြိုးစားသွားပါမယ်"ဟု ပြောသည်။
ပြိုင်ပွဲကြီး၏ လက်မှတ်ဈေးနှုန်းများကို ကျပ်တစ်သောင်း၊ နှစ်သောင်းငါးထောင်၊ ငါးသောင်းနှင့်
ကျပ်နှစ်သိန်း အသီးသီး သတ်မှတ်ထားသည်။















