၂၀၁၄-၁၅ ရာသီမစမီ လာဇီယိုသည် ဗိုလ်စွဲဖို့ ရေပန်းစားသောအသင်းများ စာရင်းထဲတွင်
မပါ၀င်သကဲ့သို့ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ ရေပန်းစားသည့် စာရင်းထဲတွင်ပင် အောက်ဘက်
ခပ်လှမ်းလှမ်းသို့ ရောက်နေသည်။
သို့ရာတွင် ရာသီကုန်ဆုံးချိန်၌ လာဇီယို သည် တတိယရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲသို့ တတိယ
အဆင့် ခြေစစ်ပွဲက ၀င်ရောက်ခွင့်ရ ခဲ့ကာ ကိုပါအီတာလျံဖလားတွင်လည်း နောက်ဆုံးဗိုလ်
လုပွဲအဆင့်ထိ ရောက်ခဲ့သည်။
အကယ်စင်စစ် ပြီးခဲ့သောရာသီအစပိုင်း သည် လာဇီယိုအတွက် လွယ်ကူချောမွေ့မှုတော့
မရှိ။ အသင်းကို အောင်မြင်မှုလမ်းကြောင်း ပေါ် တင်ပေးခဲ့သော နည်းပြ ဗလာဒီမာ
ပက်ကိုဗစ် ထွက်ခွာသွားပြီးနောက် ယမန်နှစ် ရာသီ အစပိုင်းက နည်းပြအင်ဒရီယာပီအိုလီကို
ခန့်အပ်ခဲ့သည်။ အသက် ၄၉ နှစ်အရွယ် ပီအိုလီသည် ဘိုလော့နာက ထုတ်ပယ်လိုက်သော
နည်းပြ ဖြစ်သောကြောင့် ၎င်းရောက်ရှိလာသောအခါတွင် လာဇီယိုကို ပရိသတ်များက
ကြီးကြီး မားမား ထင်ကြေးမပေးကြသည်မှာ အထူး အဆန်းတော့မဟုတ်။
သို့ရာတွင် ပီအိုလီသည် လာဇီယို ပရိသတ်များ ရှစ်နှစ်ကြာ စောင့်ဆိုင်းခဲ့ရသော
ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ရယူ ပေးနိုင်ခဲ့သည်။ နည်းပြသစ်ပီအိုလီသည်
လာဇီယိုကို ရောက်ရောက်ချင်း ပြုပြင်ပြောင်းလဲရေး များ စတင်ခဲ့သည်။ ငွေကြေးစိစစ်နေရသော
လာဇီယိုအနေဖြင့် နာမည်ကျော် ဘောလုံး သမားများကိုလည်း ဈေးကြီးပေးကာ ခေါ်ယူ
နိုင်ခြင်း မရှိသကဲ့သို့ ကွင်းလယ်ကစားကွက် ကို အဓိက ပုံဖော်ပေးသူ ဟာနန်နက်စ်ကလည်း
အင်တာမီလန်သို့ ပြောင်းရွှေ့သွားခြင်း ကြောင့် အသစ်က ပြန်စရသည်။ 'တာထွက်'
မျက်နှာပန်းမလှနိုင်ဘဲ ဘောလုံးရာသီအစပိုင်း လေးပွဲဆက်တိုက် တွင် သုံးပွဲအရေးနိမ့်
ခဲ့သောကြောင့် ဖိအား များသွားသည်။ သို့ရာတွင် 'အမြင်'ရှိသော ပီအိုလီသည် တိုက်စစ်
အားပြုသော ၄-၃-၃ ကစား ကွက်ဖြင့် အသင်းကို အထိုင်ချသည်။
လိုအပ်ပါက ၄-၂- ၃-၁ ပုံစံသို့ ချက်ခြင်း ထိရောက်စွာ ပြောင်းလဲ ကစားနိုင်စွမ်းရှိအောင်
လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့သည်။ ထို အချက်က လာဇီယိုကို ချန်ပီယံ လိဂ် ၀င်ခွင့်နှင့်
ကိုပါအီတာလျံဖလားနောက်ဆုံး ဗိုလ်လုပွဲရောက်အောင် တွန်းပို့ပေးခဲ့သည်ဟု အီတလီဘောလုံး
ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ဘဏ္ဍာရေး မတောင့်တင်းသောကြောင့် ပြီးခဲ့သောရာသီက
လာဇီယိုသည် 'နည်းနည်းနှင့် ကျဲကျဲဝိုင်း'သော ပုံစံကို ကျင့်သုံးသည်။ နယ်သာလန်အသင်းတွင်
ခြေစွမ်းပြနေသော နောက်ခံလူ စတီဖန်ဒီဗရစ်ဂျ်ကို မန်ယူလက်ထဲ ရောက်လုနီးပါးမှ
ကြားဖြတ်ခေါ်ယူနိုင်ခဲ့ သည်။ အသက် ၂၃ နှစ်သာရှိသေးသော ဒီဗရစ်ဂျ်သည် အီတလီမြေပေါ်
ရောက်စ ရုန်းကန်ရသော်လည်း တဖြည်းဖြည်း အထိုင်ကျလာပြီး လာဇီယိုခံစစ်ကြောင်းအတွက်
အမာခံဘောလုံးသမား ဖြစ်လာသည်။ ခံစစ်ကြောင်းကို ပြုပြင်ပြောင်းလဲခဲ့သော လာဇီယိုသည်
ပြီးခဲ့သောရာသီမစမီ လူငယ်ကစားသမားသစ်များကို ခေါ်ယူခဲ့ရာတွင် မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့သည်။
ဒီဗရစ်ဂျ်နှင့် အတူ ဒူဆန်ဘက်စတာ (၃၀ နှစ်)၊ မော်ရီစီယို (၂၆ နှစ်)တို့ကို ခေါ်ယူခဲ့ရာတွင်
၎င်းတို့ သုံး ယောက်စလုံးသည် လာဇီယိုခံစစ်ကြောင်းတွင် အားထားရသော ဘောလုံးသမားများ
ဖြစ်လာ ကြသည်ကို အံ့ဩဖွယ်ရာ မြင်တွေ့ခဲ့ရသည်။ ထူးခြားသည်မှာ လာဇီယိုခံ
စစ်ကြောင်းတွင် လူငယ် လူသစ်များကို လိုအပ်သည်ထက် ပိုမိုထည့်သွင်း အသုံးပြုခဲ့သော်လည်း
အနည်းငယ် ယိမ်းယိုင်ခဲ့သည်မှလွဲပြီး ခံစစ် လုံခြံုကျစ်လျစ်သွားခြင်း ဖြစ်သည်။ လာဇီယို
ခံစစ်ကြောင်းတွင် ဒီဗရစ်ဂျ်၊ ဒူဆန်ဘက်စတာ၊ ရာဒူ (၂၈ နှစ်)၊ ကာနာ (၂၄ နှစ်)တို့ကို
အများဆုံး အသုံးပြုသောကြောင့် ခံစစ်ကြောင်း၏ ပျမ်းမျှ အသက်မှာ ၂၆ ဒသမ
၂၅ နှစ်သာရှိသည်။ စီးရီးအေ ထိပ်တန်းအသင်းကြီးများ အနက် လာဇီယို ခံစစ်ကြောင်းသည်
ပျမ်းမျှ အသက် အငယ်ဆုံးဖြစ်နေတာကို တွေ့ရသည်။
သို့ရာတွင် ပြေးအား၊ အချိတ်အဆက်၊ လူကပ်ကစားပုံများ ကောင်းမွန်မြင့်မားသောကြောင့်
လာဇီယိုနောက်တန်းသည် စီးရီးအေ ၃၈၊ပွဲတွင် ၃၈ ဂိုးသာ သွင်းခံရပြီး ၂၀၁၃-၁၄ ရာသီ
ပေးဂိုး ထက် ၁၆ ဂိုး လျော့နည်းခဲ့သည်။ လာဇီယိုကစားကွက်သည် ကွင်းလယ်ကို
အားပြုသည်။ အထူးသဖြင့် တိုက်စစ်ဆင်ရာ တွင် ကွင်းလယ်သည် 'အခရာ'ဖြစ်ပြီး
တိုက်စစ်လမ်းကြောင်း အားလုံးနီးပါးကို အစပြုနိုင် အောင်ပုံဖော်ပေးနိုင်စွမ်းရှိသည်။
တစ်ဖန် လာဇီယို ကွင်းလယ်လူများသည် အရေးပါ သော အဆုံးအဖြတ်ဂိုးများကို
သွင်းယူပေးနိုင်စွမ်းရှိသည်။
ထိုအချက်က တိုက်စစ်မှူးများ ဂိုးမိုးခေါင်သောအခါတွင် များစွာ 'ကာမိ'ပြီး အသင်းအတွက်
လိုအပ်သော ဂိုးသွင်းအား ကို ကွင်းလယ်လူများက ဖြည့်တင်းပေးနိုင် ခဲ့ကြသည်။
ကွင်းလယ်လူများအနက် ကန်ဒရီဗာ (၁၀ ဂိုး)၊ ဖိလစ်အင်ဒါဆန် (၁၀ ဂိုး)၊ ပါကိုပါရိုလို
(၁၀ ဂိုး)၊ စတီဖန်နိုမော်ရီ (ကိုးဂိုး)တို့ သွင်းယူပေးနိုင်ခဲ့သည်။ လာဇီယိုသည် စီးရီးအေတွင်
၇၁ ဂိုး သွင်းယူခဲ့ရာ၌ ထက်ဝက်ကျော်ကို ကွင်းလယ်ကစားသမား လေးယောက်က
သွင်းယူပေးနိုင်သောကြောင့် လာဇီယို ကွင်းလယ်တိုက်စစ် မည်မျှ အစွမ်းထက်မြက်ခဲ့သည်ကို
တွေ့မြင်နိုင်မည် ဖြစ်သည်။ ၄-၃-၃ နှင့် ၄-၂-၃-၁ ကစားကွက်နှစ်မျိုး စလုံးကို ကျင့်သုံးရာတွင်
လာဇီယိုသည် ဘောလုံးပိုင်ဆိုင်မှု (ဘေူူ စသျျနျျငသည) အသာစီးရအောင် ကြိုးပမ်းသည်။
ဘောလုံး ကို ကိုယ့်ခြေထောက်ထဲမှာ ကြာကြာ 'ကိုင်' ထားပြီး၊တောင်ပံကစားသမားများကို၊၊
ခပ် သွက်သွက် ပြေးခိုင်းသည်။ တောင်ပံနှစ်ဖက်တွင် အတက် အဆင်း 'ခေါက်ရေ'များများ
ကစားစေသည်။ ပြိုင်ဘက်တောင်ပံများ ချည့်နဲ့စေသော နည်း ပရိယာယ်ကို ကျင့်သုံးသည်။
ဘောလုံး 'ဖြန့်ထုတ်'ပေးရုံတင်မက ဂိုးသွင်းခွင့် ဖန်တီးပေးခြင်းနှင့် ဘောလုံး 'ခင်း' ပေးရာ
တွင်လည်း လာဇီယိုကွင်းလယ်သည် ထိရောက်ထက်မြက်သည်။ အထူးသဖြင့် အဆုံးသတ်
ဂိုးသွင်းယူနိုင်ရေးအတွက် ကွင်းလယ်လူများ၏ ဖန်တီးပံ့ပိုးပေးမှု ကောင်းမွန်သည်။
လာဇီယိုကွင်းလယ်လူများ ဖြစ်ကြသော ကန်ဒရီဗာ (ကိုးကြိမ်)၊ လူလစ် (ခုနစ်ကြိမ်)၊
ဖိလစ်အန်ဒါဆင် (ခုနစ်ကြိမ်) တို့ ကိုယ်တိုင်ဂိုးသွင်းနိုင်သကဲ့သို့ ကစားဖော်များအတွက်
ဂိုးသွင်းခွင့်များ ဖန်တီးပေးခြင်း မှာ လာဇီယိုအတွက် များစွာအထောက်အကူရသည်။
ကွင်းလယ်တိုက်စစ် ကောင်းမွန်သောကြောင့် လာဇီယိုသည် အခြားထိပ်သီးများကဲ့သို့
ဂိုးရရှိရေး ၀န်ထုပ်ဝန်ပိုးမှာ တိုက်စစ်မှူး များပေါ်တွင် စုပြံုကျရောက်နေခြင်းမရှိဘဲ ကွင်းလယ်
လူနှင့် တိုက်စစ်မှူးများ ခွဲဖြန့်ပြီး အသီးသီး ဂိုးသွင်းယူနိုင်ခဲ့ကြသည်။ လာဇီယိုတွင် ၁၀ ဂိုးနှင့်
အထက် သွင်းယူပေးနိုင်သူပေါင်း လေးဦးရှိနေခြင်းသည် အခြား ထိပ်သီး ပြိုင်ဘက်များထက်
တစ်ပန်းသာစေသော အချက် ဖြစ်သည်။ လာဇီယိုကွင်းလယ်တွင် ဘရာဇီးလ်ကစားသမား
အန်ဒါဆင် (၂၂ နှစ်)သည် ထူးထူးခြားခြား ခြေစွာလာပြီး ပွဲထွက်ကစား သမား ဖြစ်လာသည်။
၂၀၁၃ ခုနှစ် နွေရာသီတွင် လာဇီယိုသို့ ရောက်ရှိလာပြီးနောက် ခြေစွမ်းပြ နိုင်ခြင်းမရှိသော
အန်ဒါဆင်သည် နည်းပြ ပီအိုလီလက်ထက်တွင် ဖူးပွင့်လာပြီး ဒီဇင်ဘာ လမှစတင်ကာ
ပုံမှန်နေရာရလာသည်။ ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း အန်ဒါဆင်သည် ငါးဂိုးသွင်းယူပြီး
ဂိုးသွင်းရန် ဖန်တီးပေးမှု ငါးကြိမ်ရှိခဲ့သောကြောင့် နည်းပြပီအိုလီသည် ၎င်းကို ပွဲထွက်ခွင့်မပေးဘဲ
မနေနိုင်လောက် အောင်ဖြစ် သွားသည်။ ၎င်းနှင့်တွဲဖက်ပြီး အီတလီလက်ရွေးစင် ကွင်းလယ်
တိုက်စစ် သမား ကန်ဒရီဗာကလည်း ခြေစွမ်းပြနိုင်ခြင်း ကြောင့် နည်းပြပီအိုလီသည်
တိုက်စစ်မြားဦးတွင် 'အထောင်' ကစားသမား တစ်ယောက် သာတင်ထားသော ၄-၂-၃-၁
ကစားကွက်ကို လှည့်လည် သုံးစွဲလာနိုင်သည်။
လာဇီယိုတိုက်စစ်တွင် နာမည်ကြီး ကစား သမားဟူ၍ အသက်ထောက်နေပြီဖြစ်သော
ဂျာမန်တိုက်စစ်မှူး ကလိုဆေး (၃၇ နှစ်) တစ်ယောက်သာ ရှိသည်။ သို့ရာတွင် ပြင်သစ်
ပထမတန်း နန့်စ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာသော ဆားဘီးယား
တိုက်စစ်မှူး ဖိလစ်ဂျော်ဂျီဗစ် (၂၇ နှစ်)သည် လာဇီယိုတိုက်စစ်အတွက် အားဆေးတစ်ခွက်
ဖြစ်ခဲ့သည်။
၎င်း၏ ပထမဆုံး ရှစ်ပွဲဆက်တိုက် တွင် ငါးဂိုးသွင်းယူပေးနိုင်ခဲ့သောကြောင့် ၀ါရင့်ဂျာမန်တိုက်စစ်မှူး
ကလိုဆေးပင် အရန်ခုံရောက်သွားသည်။ ဂျော်ဂျီဗစ် ဒဏ်ရာရရှိသောအခါ မခံချင်စိတ်ဖြင့်
ကြိုးစားသော ကလိုဆေးက ခြေစွမ်းပြနိုင်ပြီး အရေးပါသော ဂိုးများ သွင်းယူနိုင်ခြင်းကြောင့်
နည်းပြ ပီအိုလီ အတွက် ရွေးချယ်စရာ ရှိလာသည်။ ကလိုဆေးသည် စီးရီးအေ၌ ၁၃ ဂိုး
သွင်းယူနိုင်ခြင်းကြောင့် လာဇီယိုအတွက် အားထားရဆဲဖြစ်သည်။ ယမန်နှစ်က အရေးပါသော
ပြိုင်ဘက်များဖြစ်သည့် နာပိုလီနှင့် ရင်ဆိုင်ရာ၌ ၎င်းသွင်းယူခဲ့သော ဂိုးသည် လာဇီယိုကို
ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ခွင့်ရရှိစေ ခဲ့သည်ဟု ဆိုနိုင်သည်။
ဆိုရပါလျှင် လာဇီယိုသည် နည်းပြပီအိုလီ လက်ထက်တွင် ပင်ကိုထူးချွန်သော လူငယ်
ကစားသမား အများအပြားရှိနေသောကြောင့် အနာဂတ် စီးရီးအေတွင် အင်အားကြီးထွား
လာနိုင်သည်။ နောက်ခံလူ ဒီဗရစ်ဂျ် (၂၃ နှစ်)၊ ကွင်းလယ်လူများ ဖြစ်ကြသော ကာတယ်ဒီ
(၂၀ နှစ်)၊ အိုနာဇီ (၂၂ နှစ်) နှင့် ဖိလစ်အန်ဒါဆင် (၂၂နှစ်)၊ တိုက်စစ်မှူးကီတာ (၂၀ နှစ်)တို့သည်
လာဇီယိုအသင်း၏ ပွဲထွက် ကစားသမား နေရာစာရင်းထဲ ၀င်ရောက်လာ ကြသည်။ ၎င်းတို့ကို
ကလိုဆေး၊ ကန်ဒရီဗာ၊ ပါအိုလို၊ ဘစ်ဂလီယာတို့လို သမ္ဘာရှိသော ဘောလုံးသမားများနှင့်
အချိုးအစားကျကျ ပေါင်းစပ်နိုင်မည် ဆိုပါက ဂျူဗင်တပ်ကို ခြိမ်းခြောက်နိုင်မည့် အသင်းအဖြစ်
မြင်တွေ့ လာရဖွယ်ရှိ သည်။















