ပွဲပန်းမှုဒဏ်တွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပင် ဆုံးရှုံးခဲ့ရသည့် နာပိုလီ

ပွဲပန်းမှုဒဏ်တွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပင် ဆုံးရှုံးခဲ့ရသည့် နာပိုလီ

၂၀၁၃-၁၄ ရာသီကုန်တွင် တတိယချိတ်ခဲ့ သော နာပိုလီကို ပြီးခဲ့သောရာသီမစတင်မီ ချန်ပီယံ
ဂျူဗင်တပ်အပေါ် ဖိအားပေးနိုင်မည့် အဓိကပြိုင်ဘက်အဖြစ် ထင်ကြေးပေးခဲ့ကြသည်။ နည်းပြ
ဘင်နီတက်ဇ် ကိုင်တွယ်ခဲ့သော နှစ်နှစ်အတွင်း နာပိုလီသည် ခံစစ်အားပြု သော အီတလီ
ကစားဟန်မှ တိုက်စစ်အားပြု သော စပိန်ကစားဟန်သို့ စနစ်တကျ ကူးပြောင်း နိုင်ခဲ့သောကြောင့်
စီးရီးအေတွင် ထူးခြား သောအသင်း ဖြစ်ခဲ့သည်။

သို့ရာတွင် ဘင်နီတက်ဇ် စိုးရိမ်သည့်အတိုင်းပင် နာပိုလီခံစစ် ကြောင်းသည် သူ့အတွက်
'ခေါင်းကိုက်'စရာ ဖြစ်ခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သောရာသီက နာပိုလီကို ချန်ပီယံပြေးလမ်းပေါ်က
ခပ်စော စော တွန်းချခဲ့သော အချက်က ခံစစ်မလုံခြုံ မှုပင် ဖြစ်သည်။ ချန်ပီယံလိဂ် အုပ်စုအကြို
play-off အဆင့်တွင် နာပိုလီသည် စပိန်ကလပ် ဘီလ်ဘာအိုနှင့် ထိပ်တိုက် တိုးခဲ့ရာ၌ နှစ်ပွဲပေါင်း
၄-၂ ဖြင့် အရေးနိမ့်ခဲ့သည်။

စပိန်နည်းပြက စပိန်အသင်းကို နိုင်အောင်မကစားနိုင်ခဲ့ခြင်း ကြောင့် ဖိအားနှင့် ဝေဖန်မှုများကို
ရင်ဆိုင်ခဲ့ရသည်။ နည်းပြဘင်နီတက်ဇ်သည် နာပိုလီ ခံစစ်ကြောင်းကို စိတ်မချသောကြောင့်
အားဖြည့်ရန် ဘယ်လ်ဂျီယံထိပ်တန်းကလပ် ဂျန့်အသင်းက ပြင်သစ်နောက်ခံလူ ကူလီဘာလေကို
ခေါ်ယူခဲ့သော်လည်း လုံလောက်မှု မရှိခဲ့ပေ။ ဘင်နီတက်ဇ်သည် နာပိုလီနည်းပြဖြစ် လာပြီးနောက်
ခံစစ်အသင်းက တိုက်စစ်အသင်းသို့ ကူးပြောင်းရာတွင် ပထမရာသီ၌ အောင်မြင်ခဲ့သည်။

သို့ကလိုကြောင့် ယုံကြည်မှု မြင့်မားလာပုံရသည်။ ဒုတိယရာသီဖြစ်သော ၂၀၁၄-၁၅ ရာသီမစမီ
၀ါရင့်နောက်ခံလူ အချို့ကို 'ရှင်းထုတ်' လိုက်ရာတွင် အသင်း၏တည်ငြိမ်မှု ပျက်ပြားသွားသည်။
နာပိုလီခံစစ်ကြောင်းသည် စီးရီးအေထိပ်သီးများအနက် ပျမ်းမျှအသက် အငယ်ဆုံးဖြစ် သည်။
ကစားအား၊ ပြေးအားကောင်းသည်။ 'ပါ၀ါဂိမ်း'များ ကစားနိုင်သည်။ သို့ရာတွင် သမ္ဘာရင့်ကျက်မှု
နည်းပါးပြီး အသစ်ရောက် လာသည့် ပြင်သစ်နောက်ခံလူ ကူလီဘာလေ ကို ဗဟိုခံစစ်တွင်
'အထိုင်' ချလိုက်သောကြောင့် တည်ငြိမ်မှု လျော့ကျသွားသည်။ တစ်ဖန် တောင်ပံခံစစ်သမား
(wing-back)များသည် တိုက်စစ်တွင် လိုက်ပါကစားလိုစိတ် ပြင်းပြ သောကြောင့်
တောင်ပံတိုက်စစ်နှင့် down the line ကစားရာတွင် ဘောလုံးပိုင်ဆိုင်မှုရော တိုက်စစ်အားပါ ကောင်းမွန်သည်။ တောင်ပံနှစ်ဖက်တွင် ဘောလုံးဖြန့်ကြက် ကစားရာ၌
နာပိုလီတို့ ကျွမ်းကျင်သည်။ တောင်ပံတွင် ဘောလုံး ပိုင်ဆိုင်မှု ( flank ball possession )
အသာစီးရအောင် ကစားနိုင် သည်။ သို့ရာတွင် ကိုယ့်ခြေထောက်ထဲ ဘောလုံးမရှိသောအခါတွင်
နာပိုလီကစားသမားများသည် လူခွဲနေရာယူခြင်း၊ ပိတ်ဆို့ ဖြတ်တောက်ခြင်းများ အားနည်းသည်။
ခံစစ် ဖျက်ထုတ်ရာ၌ သေသပ်မှု နည်းပါးသည်။

ထို့ကြောင့် ဘောလုံးဆုံးရှုံးသောအခါတွင် ဖရိုဖရဲဖြစ်ကာ ပြိုင်ဘက်တိုက်စစ်သမားများ အတွက်
နေရာကွက်လပ် (space) များ ဖြစ်ပေါ်လာသည်။ တစ်ဖန် နာပိုလီခံစစ်ကြောင်းနှင့် ကွင်းလယ်
ကြားတွင် link-man ကစားသမား မတည်ငြိမ်သောကြောင့် ခံစစ်ကြောင်းကို အကာအကွယ်ပေးနိုင်
မှု နည်းပါးသည်။ ခံစစ်ကြောင်းနှင့် ကွင်းလယ်တို့ ချိတ်ဆက်မှု အားပျော့ သွား သောကြောင့်
ခံစစ်ဇုန်အစပ်နားတွင် 'ပျော့ ကွက်' တစ်ခု ဖြစ်လာသည်။ ပြိုင်ဘက်အတော်များများသည်
တန်ပြန်တိုက်စစ်က တစ်ဆင့် ယင်းပျော့ကွက်ကို အမိအရ အသုံးချကြသောကြောင့်
နာပိုလီခံစစ်ကြောင်းသည် ပေးဂိုးများခဲ့သည်။ စီးရီးအေ ၃၈ ပွဲ ကစားခဲ့ရာ၌ နာပိုလီတို့
၅၄ ဂိုး သွင်းခံရသည်။

ထိုပမာဏသည် ဗိုလ်စွဲသွားသော ဂျူဗင်တပ်၏ ပေးဂိုး ၂၄ ဂိုးနှင့် နှိုင်းယှဉ် လိုက်ပါက
နှစ်ဆမက များပြားလွန်းနေသည်ကို တွေ့ရသည်။ ချန်ပီယံလိဂ်ဝင်ခွင့်ရသည့်
အသင်းများဖြစ်ကြသော ရိုးမား (၃၁ ဂိုး)၊ လာဇီယို (၃၈ ဂိုး) တို့သည် နာပိုလီခံစစ်ကြောင်းနှင့်
နှိုင်းယှဉ် လိုက်ပါက ပေးဂိုးနည်းပါးသည်။ အကယ်စင်စစ် နာပိုလီခံစစ်ကြောင်းသည်
စီးရီးအေအပေါ် ပိုင်း ၁၀ သင်းအနက် ပေးဂိုးအများဆုံး ဖြစ်နေ သည်။ ခံစစ်မလုံခြံုခြင်းကြောင့်
နာပိုလီသည် အောင်မြင်သင့်သလောက် အောင်မြင်မှု မရှိခဲ့ သောအသင်း ဖြစ်သည်။
သို့ရာတွင် တိုက်စစ် ပိုင်းတွင်တော့ နာပိုလီသည် အခြားစီးရီးအေ ထိပ်တန်းအသင်းကြီးများနှင့်
သူတင်ကိုယ်တင် တိုက်စစ်ဆင် ကစားနိုင်စွမ်းရှိသကဲ့သို့ ဂိုးသွင်းအားလည်း ကောင်းမွန်သည်။

စီးရီးအေ ၃၈ ပွဲတွင် ဂိုးပေါင်း ရ၀ သွင်းယူနိုင်ခြင်းကြောင် ဂျူဗင်တပ် (၇၂ ဂိုး)နှင့် လာဇီယို
(၇၁ ဂိုး)တို့ပြီးလျှင် ဂိုးအများဆုံး သွင်းယူနိုင် သောအသင်း ဖြစ်သည်။ အထူးသဖြင့်
တောင်ပံတိုက်စစ် (wide man) နေရာတွင် ထိရောက်ကျွမ်းကျင်စွာ ကစားနိုင်သော
ဟိုဆေး ကယ်လီဂျွန် (၂၈ နှစ်)၊ ဒရီစ်မာတင် (၂၈ နှစ်)၊ ဂတ်ဘီယာဒီနီ (၂၃ နှစ်)၊
အင်ဆစ်ဂနီ (၂၄ နှစ်)တို့ ပါ၀င်နေသောကြောင့် နာပိုလီ တောင်ပံတိုက်စစ်သည် စီးရီးအေတွင်
ထိပ်တန်းအဆင့်ရှိသည်။ နာပိုလီတောင်ပံတိုက်စစ် ထိရောက်ထက်မြက်မှုရှိသော အချက်ကို
ယင်းကစားသမားများ သွင်းယူခဲ့သော ဂိုးများနှင့် ဂိုးသွင်းခွင့် ဖန်တီးပေးမှုများက သက်သေ
ထူနေသည်။ တစ်ဖန် ၎င်းတို့ငါးယောက်သည် ဂိုးသွင်း ခွင့် စုစုပေါင်း ၂၃ ကြိမ် ဖန်တီးပေးခဲ့
သည်။ အထူးသဖြင့် ဂတ်ဘီယာဒီနီသည် ဆောင်းရာသီ အပြောင်းအရွှေ့ကာလတွင် နာပိုလီသို့
ပြောင်းရွှေ့လာပြီးနောက် စီးရီးအေပွဲပြည့် ရှစ်ပွဲကစားခွင့် ရရှိရာ၌ ရှစ်ဂိုးသွင်းယူနိုင် ခြင်းကြောင့်
လာမည့်ရာသီတွင် အဓိက စောင့်ကြည့်ရမည့် တိုက်စစ်မှူး ဖြစ်လာသည်။

နာပိုလီတိုက်စစ်တွင် အာဂျင်တီးနား လက်ရွေးစင် ဟီဂူအင်ကို 'အထောင်'ကစားသမားအဖြစ်
မြားဦးတင်ထားသည်။ ဟီဂူအင် သည် နာပိုလီဂိုးရရှိရေးအတွက် အားထားရသော
တိုက်စစ်မှူးဖြစ်ပြီး စီးရီးအေပြိုင်ပွဲ တစ်ခုတည်းတွင် ၁၈ ဂိုး အပါအဝင် ပြိုင်ပွဲ အရပ်ရပ်၌
၂၈ ဂိုး သွင်းယူပေးခဲ့သည်။ သို့ရာ တွင် ဟီဂူအင် သွင်းယူခဲ့သော ဂိုးအတော် များများသည်
တောင်ပံတိုက်စစ်မှူးများ၏ ကန့်လန့်ဖြတ် ဖန်တီးပေးပို့မှုများကတစ်ဆင့် သွင်းယူနိုင်ခဲ့ခြင်း
ဖြစ်သည်။

ကွင်းလယ်ကစားသမားများ အပါအဝင် နာပိုလီ တိုက်စစ်သမားများသည် အမြင့်ဘော၊
အပေါ်ဘောများကတစ်ဆင့် ဂိုးသွင်းယူရာတွင် 'ပိရိ'သည်။ မှတ်တမ်းများအရ နာပိုလီသည်
စီးရီးအေတွင် ဂိုးပေါင်း ရ၀ သွင်းခဲ့ ရာ၌ ၁၄ ဂိုးသည် set-piece များကတစ်ဆင့် သွင်းယူနိုင်ခဲ့ခြင်း
ဖြစ်သည်။ တောင်ပံတိုက်စစ်မှူးများနှင့် တောင်ပံ ခံစစ်သမားများသည် စနစ်တကျ ချိတ်ဆက်
ထိုးဖောက်နိုင်ခြင်းကြောင့် တောင်ပံတိုက်စစ် သည် နာပိုလီ၏ 'အား' ဖြစ် သည်။ ဘောလုံးကို
တောင်ပံသို့ ကြိမ်ဖန်များစွာ ဖြန့်ထုတ်ကစား နိုင်စွမ်းရှိသည်။ 'အထောင်' တိုက်စစ်မှူး
ဟီဂူအင်ကလည်း စနစ်တကျ ရွေ့လျားနေရာ ယူနိုင်ခြင်းကြောင့် နာပိုလီတိုက်စစ်သည်
ချိတ်ဆက်မှုကောင်းသည်။ ပရိယာယ်ကြွယ် သည်။ ပြိုင်ဘက်နောက်ခံလူ အတော်များများ
သည် နာပိုလီတိုက်စစ်သမား၏ လှည့်စား ခြင်း၊ လူခွာထွက်သွားခြင်းများကို ခံရတတ်သည်။

နာပိုလီ တောင်ပံတိုက်စစ်သမားများနှင့် 'အထောင်' တိုက်စစ်မှူး ဟီဂူအင်တို့အကြား အဓိက
ချိတ်ဆက်ပေးသူမှာ ကွင်းလယ် တိုက်စစ်ဗိသုကာ ဟမ်ဆစ် ဖြစ်သည်။ ဟမ်ဆစ်သည်
စီးရီးအေ ၂၈ ပွဲ ကစားခဲ့ရာ၌ ခုနစ်ဂိုးသွင်း ယူနိုင်ပြီး ဂိုးသွင်းခွင့်ဖန်တီးမှု (၁၀)ကြိမ်ရှိ
သောကြောင့် ပျမ်းမျှအားဖြင့် နှစ်ပွဲလျှင် တစ်ဂိုး နှုန်းကျ ကိုယ်တိုင်သွင်းယူခြင်း (၀ါ)ဖန်တီးပေး
ခြင်းကို လုပ်ဆောင်နိုင်သည်။ ၂၀၁၄-၁၅ ရာသီက နာပိုလီသည် ဥရောပ ပြိုင်ပွဲအပါအဝင်
ပြိုင်ပွဲသုံးခု ၀င်ရောက်ခဲ့ရာ ၌ ထိခိုက်ဒဏ်ရာ၊ ပွဲပယ်နှင့် ပွဲပန်းမှုများ ကြောင့် ရုန်းကန်ခဲ့ရသည်။
အထူးသဖြင့် မတ်လ ၂ ရက်က ဧပြီ ၉ ရက်အထိ ရက်သတ္တ ငါးပတ်အတွင်း စီးရီးအေ၊
ကိုပါအီတာလျံ ဖလားနှင့် ယူရိုပါလိဂ်ပြိုင်ပွဲသုံးရပ်၌ ကိုးပွဲ ကစားခဲ့ရာတွင် နိုင်ပွဲတစ်ပွဲသာရရှိခဲ့
သည်။ ထိုကာလအတွင်း နာပိုလီသည် ကိုပါ အီတာလျံဖလားက ထွက်လိုက်ရသည်။ စီးရီးအေ
ငါးပွဲကစားရာတွင် နှစ်ပွဲသရေကျပြီး သုံးပွဲ အရေးနိမ့်ခဲ့သောကြောင့် နှစ်မှတ်သာ ရခဲ့သည်။

ဧပြီလလယ်ပိုင်းတွင် နာပိုလီတို့ ဆက်တိုက် ခြေပြန်တက်လာသည်။ ထိုကာလအတွင်း
ခုနစ်ပွဲကစားရာ၌ ၂၁ ဂိုး သွင်းယူနိုင်ခြင်း ကြောင့် နာပိုလီသည် တစ်ပွဲပျမ်းမျှ သုံးဂိုး
သွင်းယူနိုင်သည်ကို တွေ့ရသည်။ သို့ရာတွင် ရာသီပန်းဝင်ချိန် နောက်ဆုံး နှစ်ပွဲ၌ နာပိုလီ
သည် ချန်ပီယံဂျူဗင်တပ်၊ လာဇီယိုတို့နှင့် ဆက်တိုက်ရင်ဆိုင်ခဲ့ရသည်။ ယင်းနှစ်ပွဲစလုံးတွင်
နာပိုလီသည် ဂျူဗင်တပ် ကို ၃-၁၊ လာဇီယိုကို ၄-၂ ဖြင့် အရေးနိမ့်ခဲ့သောကြောင့် ချန်ပီယံ
လိဂ်ပြိုင်ပွဲကို လွဲချော် ခဲ့ရသည်။ အထူးသဖြင့် စီးရီးအေ နောက်ဆုံးပွဲစဉ် ဖြစ်သော လာဇီယိုနှင့်
ပွဲကို အရေးနိမ့်ခဲ့ခြင်း သည် နာပိုလီအတွက် များစွာနစ်နာသည်။ အကယ်၍ လာဇီယိုကိုသာ
အနိုင်ရခဲ့ပါက ရမှတ်တူညီသွားမည် ဖြစ်သော်လည်း စီးရီးအေ ပြိုင်ပွဲစည်းကမ်းအရ
၎င်းတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမှု ( head-to-head) ရလဒ်တွင် နာပိုလီက
နှစ်ပွဲစလုံးနိုင်သောကြောင့် တတိယနေရာ ရကာ ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ၀င်ရောက်ခွင့်
ရရှိမည် မဟုတ်ပါလား။



ဖတ်ရှုမှုအများဆုံး