မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော (၄၁)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စစ်
တုရင်ပြိုင်ပွဲတွင် ၀င်းဇော်ထွန်းက သုံးနှစ်ဆက်ချန်ပီယံဖြစ်ခဲ့ပြီး ၎င်း၏ (၆)ကြိမ်မြောက်
အမျိုးသားတံခွန်စိုက်ဆုကို ရယူနိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ အောင်ဆန်းကွင်းရှိ
မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် ၁၆ ဦးက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ
သည်။ ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး အဆင့်(၁)မှ (၄) အထိကို
ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
"ဒီအကြိမ်နဲ့ဆိုရင် အမျိုးသားတံခွန်စိုက် မှာ ချန်ပီယံဖြစ်တာ ခြောက်ကြိမ်ရှိပါပြီ။ နောက်ဆုံး
သုံးကြိမ်မှာ သုံးနှစ်ဆက်ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ နောက်နှစ်တွေမှာ
လည်း ဆက်လက်ယှဉ်ပြိုင် သွားမှာဖြစ်ပြီး ချန်ပီယံဆုတွေ ထပ်ရရှိမယ် လို့ ယုံကြည်ချက်ရှိပါ
တယ်။ ဒီပွဲပြီးရင် မလေးရှားမှာလုပ်မယ့် မာဒေးကားပြိုင်ပွဲ အတွက် ဆက်လက်ပြင်ဆင်ရပါမယ်။
ပြည်တွင်း ပြည်ပပြိုင်ပွဲတွေကိုလည်း ၀င်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားသွားမှာပါ"ဟု ၀င်းဇော်
ထွန်းက မြန်မာတိုင်း(မ်)ကိုပြောသည်။
ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော ၀င်းဇော်ထွန်းကို ငွေကျပ် ငါးသိန်း၊ ဒုတိယရရှိခဲ့သော ၀င်းထွန်းကို
ငွေကျပ် သုံးသိန်း၊ တတိယရရှိခဲ့သော မြင့်ဟန်ကို ကျပ် နှစ်သိန်း၊ စတုတ္ထရရှိခဲ့သော ခင်ကိုကို
ကျပ်တစ်သိန်း ပေးအပ်ခဲ့ပြီး အဆင့်(၁)မှ ၄အထိကို ီွွှ ၃၀၀၀ စစ်တုရင်နာရီတစ်လုံးစီ ပေးအပ်ခဲ့
သည်။ ၀င်းဇော်ထွန်းသည် (၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင်လည်း မြန်မာနိုင်ငံအတွက် ရွှေတံ
ဆိပ်ဆုများကို ဆွတ်ခူးပေးနိုင်ခဲ့သော နိုင်ငံလက်ရွေးစင်တစ်ဦးဖြစ်သည်။ "ဒီနှစ်စင်ကာပူ
ဆီးဂိမ်းမှာတော့ စစ်တုရင် က မပါ၀င်ခဲ့ဘူးပေါ့။ စင်ကာပူက စစ်တုရင် မှာ အားနည်းတဲ့ နိုင်ငံ
ဆိုတော့ စစ်တုရင်ကို မထည့်ဘူးလေ။ ဒါပေမဲ့ မနှစ်က အိမ်ရှင် ဆီးဂိမ်းမှာ ပါ၀င်ယှဉ်ပြိုင်ခဲ့ပြီး
မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်နှစ်ခုနဲ့ ငွေတံဆိပ်တစ်ခု တို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
လာမယ့် ၂၀၁၇ မလေးရှားဆီးဂိမ်းမှာ စစ်တုရင်ပါမယ်ဆိုရင်တော့ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ
ပါ"ဟု ၀င်းဇော်ထွန်းက ဆက်လက်ပြောသည်။
"ဒီအမျိုးသားတံခွန်စိုက် စစ်တုရင် ပြိုင်ပွဲ က နှစ်စဉ်ကျင်းပလာတာပါ။ ဒီနှစ်ဆိုရင်(၄၁)ကြိမ်တောင်
ရှိခဲ့ပါပြီ။ ပြည်တွင်းစစ်တုရင် ကစားသမားတွေ အချင်းချင်း အတွေ့အကြံု တွေ အပြန်အလှန်
ဖလှယ်နိုင်အောင် ရည်ရွယ် ပြီး ကျင်းပတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်က
ပြည်တွင်း ပြည်ပ ပြိုင်ပွဲတွေကို နှစ်စဉ်မပြတ် ကျင်းပနေတာပါ။ လာမယ့် နိုဝင်ဘာလမှာ
အင်တာနေရှင်နယ် အိုပင်းစစ်တုရင် ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပ
သွားမှာပါ။ ဒီပြိုင်ပွဲကြီးမှာ တကယ့်ကမ္ဘာ့အဆင့် ဂရင်း မာစတာ စစ်တုရင်အားကစားသမားတွေ
ပါ၀င်မှာပါ"ဟု မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ် ဥက္ကဋ္ဌဦးမောင်မောင်လွင်က ပြောသည်။
"ကျွန်တော် မနှစ်က စစ်တုရင်အကယ်ဒမီ ကို မန္တလေးမြို့၊ မန္တလာသီရီအားကစားကွင်းကြီးမှာ
ဖွင့်လှစ်ခဲ့ပေမယ့် အဆင်မပြေမှုတချို့ ကြောင့် ခတ္တပိတ်ထားခဲ့ရပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံ
အခြေစိုက် အာဆီယံ စစ်တုရင် အကယ်ဒမီနဲ့ ချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံ မှာ သူတို့ရဲ့
အကယ်ဒမီအခွဲပုံစံမျိုး ဖွင့်လှစ်ပြီး လူငယ်တွေကို သင်ကြားပေးဖို့ စီစဉ်နေပါတယ်။ လောလော
ဆယ် ညှိနှိုင်းဆဲပါ"ဟု ဦးမောင်မောင်လွင်က ပြောသည်။














