ဥရောပသားများသည် နွေအပူလှိုင်းဒဏ်ကို အောင့်အီးသည်းခံနေကြရပြီး ခန္ဓာကိုယ်အလေးချိန်များ
လည်း အနည်းငယ်ကျဆင်း လာကြသည့်နည်းတူ ယခုတစ်ပတ်ပိတ်ရက် တွင် အပူချိန် ၄၀ ဒီဂရီ
အထိ မြင့်တက်လာဖွယ်ရှိနေသည့်အတွက် ဥရောပရှိ ထိပ်သီး အားကစားသမားများသည်
မြင့်တက်နေသည့် အပူချိန်အောက်တွင် အားကစားပွဲများ ကို ဟန်မပျက် ယှဉ်ပြိုင်ကြရတော့
မည်ဖြစ်သည်။
၀င်ဘယ်လ်ဒန်တွင် အပူချိန် ၃၅ ဒသမ ရ ဒီဂရီ ဆဲလ်စီးယပ်အထိ ဗုဒ္ဓဟူးနေ့တွင် စံချိန်
တင်မြင့်တက်ခဲ့ရာ အပူဒဏ်ကြောင့် တင်းနစ် ဘောလုံးကောက်သည့် ကောင်လေးတစ်ဦးကို
မူးလဲကျသွားစေခဲ့သည်။
နယ်သာလန် နိုင်ငံမြို့တော် Utrecht အနီးတစ်ဝိုက်တွင် အစောဆုံးစံချိန်တင်ရန်
ယှဉ်ပြိုင်ကြရမည့် ကမ္ဘာ့ထိပ်တန်း စက်ဘီးစီးအားကစားသမား များသည် စနေနေ့တွင်
ကျင်းပမည့် Tour ပြိုင်ပွဲစတင်ချိန်တွင် အလားတူ မြင့်မားသည့် အပူချိန်မျိုး ကြုံတွေ့နိုင်
သည်ဟု ခန့်မှန်းရသည်။
"စက်ဘီးသမားတွေက အပူဒဏ်နဲ့ ရင်းနှီးပြီးသားသူတွေပါ။ Pyrenees တောင်တန်းကို
ဖြတ်ရတဲ့ တစ်ဆင့်ချင်းစီမှာ အပူဒဏ်ကို ခံရ မှာပဲ"ဟု Tourde France မှ တာဝန်ရှိသူ
တစ်ဦးက အေအက်ဖ်ပီ၏ ဌာနခွဲတစ်ခုဖြစ်သည့် အက်စ်အိုင်ဒီကို ပြောသည်။
သို့သော် ဖရန့်ဖတ်မြို့တွင် တနင်္ဂနွေနေ့ ၌ ကျင်းပမည့် ဥရောပအိုင်ယွန်းမန်းချန်ပီယံရှစ်တွင်
ပါ၀င်မည့်သူများဖြစ်သည့် ၃ ဒသမ ၈ ကီလိုမီတာ ရေကူးခြင်းနှင့် ၁၈၀ ကီလိုမီတာ စက်ဘီး
စီးခြင်းအပြင် ပူလောင်သည့် နေအပူချိန်အောက်တွင် ၄၂ ဒသမ ၁၉၅ ကီလိုမီတာ
မာရသွန်ပြေးခြင်းစသည့် အားကစားသုံးမျိုး ပါ၀င်သော ပြိုင်ပွဲကို ရှစ်နာရီကြာယှဉ်ပြိုင်
ကြမည့် လက်ရွေးစင် အားကစားသမားများ အတွက်မူ စဉ်းစားပေးရန် လိုအပ်သည်။
"ရေကို ပိုသောက်မယ်။ ပြီးတော့ စွမ်းအား ဖြည့်အစာ ဒါမှမဟုတ် သောက်စရာတွေ
ရနိုင်တဲ့ အကူအညီပေးရေးဌာနတွေ တစ်ခု မကျန်ဝင်ပါမယ်"ဟု ဂျာမနီနိုင်ငံ၏ ကမ္ဘာ့
ချန်ပီယံ စီဘတ်ရှန်း ကိုင်လီက ပြောသည်။"ဒီလိုအပူချိန်မျိုးမှာ ပြိုင်ပွဲတွေအများကြီးကို
ဖြတ်ကျော်ခဲ့ဖူးပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြခဲ့သည်။
"တနင်္ဂနွေနေ့ကတော့ အားကစားသမား တွေ သူတို့အစွမ်းကို အကောင်းဆုံးပြသနိုင်
မယ့် နေ့မျိုးတော့မဟုတ်ဘူး"ဟု အားကစားပွဲကျင်းပရေး ဒါရိုက်တာ Bjoern Steinmetz က
ပြောသည်။ Cologne ရှိ ဂျာမနီအားကစား တက္ကသိုလ် လေ့ကျင့်ရေးသိပ္ပံ ဌာနမှူး Joachim
Meter ကလည်း ပြိုင်ပွဲဝင် အားကစားသမားများအတွက် အကြံသုံးခု ပေးထားသည်။
"အလုပ်သင့်ဆုံးကတော့ ရေသောက်ပါ၊ ရေသာက်ပါ၊ ရေသောက်ပါ"ဟု ၎င်းက အကြံပေး
ထားသည်။
နယ်သာလန်နိုင်ငံရှိ ကမ်းခြေဘော်လီဘော ကမ္ဘာ့ချန်ပီယံပွဲတွင် ပြိုင်ယှဉ်နေကြသူများကမူ
ခြေထောက်အောက်ရှိ သဲသောင်ပြင်၏ အပူဒဏ်ကို ကျင့်သားရနေပြီဟု ပြောသည်။
"နောက်နှစ် ရီယိုအိုလံပစ်အတွက် ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှုတစ်ခုပေါ့" ဟု ဂျာမနီ
အားကစားသမား Kay Matysik က ပြောပါတယ်။ ၎င်းသည် လွန်ခဲ့သည့် နှစ်နှစ်တွင်
ကမ္ဘာ့ချန်ပီယံရှစ်ပွဲစဉ်အတွင်း ကြေး တံဆိပ်ဆုရရှိခဲ့ပြီး ရီယိုဒီဂျေနေရိုးတွင် ကျင်းပမည့်
နောက်နှစ်အိုလံပစ်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ရန် မျှော်မှန်းထားသည်။
တနင်္ဂနွေနေ့၌ ဂျာမနီနိုင်ငံ၏ မြို့တော်တွင် ကျင်းပတော့မည့် Modern Pentathlon
World Championships ကို ဖျက်ဆီးနိုင်လောက်သည့် ပြင်းထန်သော မိုးသက်မုန်တိုင်း
ဘာလင်တွင် တိုက်ခတ်မည်ဟု ခန့်မှန်း ထားသည်။
ဘောလုံးရာသီ ပြီးသွားပြီဖြစ်သော်လည်း Bundesliga အသင်း Borussia Dortmund
သည် အနောက်ဂျာမနီမြို့တွင် စနေနေ့၌ မိသားစုပွဲတော် ကျင်းပရန်ရှိရာ ပရိသတ် ၃၅,၀၀၀
တက်ရောက်နိုင်ပြီး ရာသီဥတု အပူချိန်မှာလည်း ၃၆ ဒီဂရီဆဲလ်စီးယပ်စ်ရှိ မည်ဟု ခန့်မှန်းထား
ကာ ရေ၊ ဖျော်ရည်နှင့် ယမကာများ အလုံအလောက်ရှိစေရန် စီစဉ် ထားသည်။
အဆိုပါဘောလုံးအသင်း၏ ၀က်ဘ်ဆိုက် တွင် ပွဲတော်သို့လာရာလမ်းတွင် ပရိသတ်များ
ရာသီဥတု အပူဒဏ်ခံနိုင်စေရန် အခမဲ့ ပို့ဆောင်ရေးအပြင် နေရောင်ကာလိမ်းဆေး နှင့်
အဖျော်ယမကာများ အလျှံပယ် စီစဉ်ပေးထားသည်ဟု ဖော်ပြထားသည်။















