ပထမအကြိမ်အရှေ့တောင်အာရှ အလေးမပြိုင်ပွဲတွင် မြန်မာငွေတစ်ခုနှင့်ကြေးသုံးခု ဆွတ်ခူး

ပထမအကြိမ်အရှေ့တောင်အာရှ အလေးမပြိုင်ပွဲတွင် မြန်မာငွေတစ်ခုနှင့်ကြေးသုံးခု ဆွတ်ခူး

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင်ကျင်းပပြုလုပ်ခဲ့သော
ပထမအကြိမ် အရှေ့တောင်အာရှ အလေးမပြိုင်ပွဲတွင် မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ
ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခုတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံအလိုက်ရပ်တည်မှုတွင်
အဆင့် (၅)ရခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အရှေ့တောင်အာရှ နိုင်ငံပေါင်း ရှစ်နိုင်ငံက အလေးမအားကစား သမား ၅၉ ဦးက
၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံက အမျိုးသားလေးဦး၊ အမျိုး သမီးသုံးဦး စုစုပေါင်း
အားကစားသမား ခုနစ်ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များကို
အမျိုးသမီး ၄၈ ကီလိုတွင် မိုင်ဇင်ပွင့်ဖြူက ငွေတံဆိပ်၊အမျိုးသား ရ၇ ကီလိုတွင် ကျော်မိုးဝင်း၊
အမျိုးသား ၉၄ ကီလိုတွင် ၀င်းနိုင်ထွန်း၊ အမျိုးသမီး ၆၉ ကီလိုတွင် မိုးသူဇာတို့က ကြေးတံဆိပ်များ
အသီးသီး ဆွတ်ခူးခဲ့ကြသည်။

ပြိုင်ပွဲကို အာဆီယံ အလေးမအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သည့် (၂၈)ကြိမ်မြောက်
စင်ကာပူဆီးဂိမ်းတွင် အလေးမ အားကစားနည်း မပါ၀င်သောကြောင့် အာဆီယံ အလေးမ
အားကစားသမားများ အတွက် ရည်ရွယ်၍ ပထမဆုံးအကြိမ်အဖြစ် စီစဉ်ကျင်းပခြင်း
ဖြစ်သည်။ "ဒီနှစ် စင်ကာပူဆီးဂိမ်းမှာက အလေးမ အားကစားနည်း မပါဘူးလေ။ ဒါကြောင့်
အာဆီယံအလေးမအဖွဲ့ချုပ်က ကြီးမှူးပြီး ဒီပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပတာပါ။
နောက်နှစ်တွေမှာလည်း နှစ်စဉ် ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အထူးသဖြင့်
အလေးမ အားကစားနည်း မထည့်သွင်းတဲ့ ဆီးဂိမ်းတွေမှာ ကျင်းပသွား ဖို့ ရွည်ရွယ်တာပေါ့။
ဒီပြိုင်ပွဲလေး ကျင်းပပေး တာကောင်းပါတယ်။ အလေးမ အားကစား သမားတွေအတွက်
နိုင်ငံတကာပြိုင်ပွဲတွေ မပြတ်တော့ဘူုးပေါ့။ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံ က လက်ရွေးစင်အားကစား
သမားတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဆီးဂိမ်းမှာ မပါခဲ့ဘူးဆိုပေမယ့် လေ့ကျင့်မှုတွေကိုတော့
စဉ်ဆက်မပြတ် ပြုလုပ်နေခဲ့တာပါ"ဟု မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး
ဦးမြင့်ဆွေက မြန်မာတိုင်း(မ်)ကိုပြောသည်။

ပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းနိုင်ငံက ရွှေ တံဆိပ် ကိုးခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ် တစ်ခုနှင့်
ပထမရရှိခဲ့ပြီး ဗီယက်နမ်က ရွှေ တံဆိပ် သုံးခု၊ ငွေတံဆိပ် ခုနစ်ခု၊ ကြေးတံဆိပ် တစ်ခုနှင့်
ဒုတိယရရှိခဲ့ကာ မြန်မာနိုင်ငံက ပြိုင်ပွဲဝင် ရှစ်နိုင်ငံအနက် အဆင့် (၅) ရရှိခဲ့သည်။ မြန်မာနိုင်ငံ
အလေးမအဖွဲ့ချုပ်သည် လာမည့် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အာရှ
အလေးမပြိုင်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ဆက်လက်ပြင်ဆင်သွားမည်
ဖြစ်ကြောင်းပြောသည်။

"လာမယ့်စက်တင်ဘာလမှာ ထိုင်းနိုင်ငံ မှာ ကျင်းပပြုလုပ်မယ့် အာရှအလေးမပြိုင်ပွဲ အတွက်
ဆက်လက်လေ့ကျင့်သွားပါမယ်။ ပြီးတော့ အိုလံပစ်အတွက် လက်ရည်စစ်ပွဲ တွေလည်း
၀င်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ် ရှိပါတယ်"ဟု ဦးမြင့်ဆွေက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၃
ခုနှစ်က မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ သော (၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင်
အလေးမ အားကစားနည်းကို ထည့်သွင်း ကျင်းပခဲ့ရာ မြန်မာနိုင်ငံက ရွှေတံဆိပ်တစ်ခု၊
ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ကို ရယူနိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး