အီတလီစီးရီးအေက အလယ်အလတ်အသင်းယူဒီးနိစ်ရဲ့ပိုင်ရှင် ဂျီယန်ပါလိုပေါ့ဇို မိသားစုဟာ
ဘောလုံးနဲ့ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
အီတလီမှာ ယူဒီးနိစ်ကလပ်အသင်း၊ လာလီဂါမှာ ဂရန် နာဒါ၊ ပရီမီယာလိဂ်မှာ ၀က်ဖို့ဒ်အသင်းတွေ
ကို ပိုင်ဆိုင်ထားတဲ့ အီတလီမိသားစုတွေပဲဖြစ်ပါတယ်။ ယူဒီးနိစ်အသင်းကို ၁၉၉၆ မှာ
ပိုင်ဆိုင်ပြီးတော့ ၂၀၀၉မှာ လာလီဂါက ဂရန်နာဒါကိုဝယ်၊ ၂၀၁၂ရောက်တော့ အင်္ဂလန်လိဂ်
ချန်ပီယံရှစ်တန်းက ၀က်ဖို့ဒ်အသင်းကို ၀ယ်ယူရင်း ဘောလုံးစီးပွားရေးနယ်ပယ် ချဲ့ထွင်ခဲ့ကြ
သူတွေပဲ ဖြစ်ပါတယ်။
၂၀၁၅ အရောက်မှာတော့ လိဂ်ချန်ပီယံရှစ်တန်းက ၀က်ဖို့ဒ်အသင်းဟာ ပရီမီယာလိဂ်ကိုတက်
လှမ်း လာနိုင်တဲ့အသင်း ဖြစ်လာခဲ့ပါပြီ။ လိဂ်ချန်ပီယံရှစ်တန်းက အသင်း လေးကို ဈေးချိုချိုနဲ
့ ၀ယ်ယူလိုက် တဲ့ ပေါ့ဇို မိသားစုဟာဝက်ဖို့ဒ်အသင်း ပရီမီယာလိဂ် ရောက်လာတဲ့အတွက်
၂၀၁၅-၁၆ ရာသီမှာတော့ဝက်ဖို့ဒ်ဟာ အဆိုးရွားဆုံးအခြေအနေရောက်ရင်တောင် ပေါင်သန်း
၁၀၀ လောက်ရလာတော့မှာဖြစ်လို့ ဂျီယန်ပါလို ပေါ့ဇို မိသားစုအတွက်တော့ ကြီးမားတဲ့
အမြတ်အစွန်းတွေပိုင်ဆိုင်တော့မှာပဲ ဖြစ်ပါတယ်။
စီးရီးအေမှာ ယူဒီးနိစ်အသင်းဟာ အလယ်အလတ်အဆင့်မှာရှိပြီး ချန်ပီယံဖြစ်နိုင်တဲ့အသင်းတွေရဲ့
ဖျက်မြင်းအဆင့်ရှိတဲ့အသင်းဖြစ်သလို လာလီဂါက ဂရန်နာဒါကတော့ တန်းမဆင်းရအောင်ဘဲ
ထိန်းထားရင်း စီးပွားရေးလုပ်နိုင်စွမ်း ရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။ ၀က်ဖို့ဒ်ကိုလည်း ပရီမီယာလိဂ်ကို
အမြန်ဆုံးတက်နိုင်အောင် ကြိုးပမ်းခဲ့ကြလို့ ၀က်ဖို့ဒ်တန်းမဆင်း ရအောင် ဂျီယန်ပါလို ပေါ့ဇိုမိသားစု
ဘယ်လိုကြိုးစားစီမံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်လာခဲ့ပါပြီ။ ပေါ့ဇိုဆိုတဲ့ အီတလီမိသားစုဟာ
မတူညီ တဲ့ လိဂ်သုံးခုမှာ ကလပ်သုံးသင်းကို ပိုင်ဆိုင်သူဖြစ် လာစေတဲ့ အချက်တွေထဲမှာ အဓိက
အချက်ကတော့ လူငယ်ကစားသမားရှာဖွေရေး နက်ဝပ်ကြီးကို တည်ထောင်ထားခဲ့ခြင်း ကြောင့်
အခုလိုဖြစ်လာခဲ့ရတာပါ။ သူတို့ဟာ မထင်မရှား ကစားသမား တွေကို ရှာဖွေ ခေါ်ယူနိုင်စွမ်းရှိတဲ့ ဘောလုံးစီးပွားရေးကို ကောင်းကောင်းလုပ်တတ်ကြသူတွေပဲ ဖြစ်ပါတယ်။
ဘာစီလိုနာကနေ အာဆင်နယ် ကိုရောက်လာတဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ကို ဥရောပကို
ခေါ်သွင်းလာသူဟာ ယူဒီးနိစ်ပဲဖြစ်ပါတယ်။
ဂျူဗင်တပ်ကို ရောက်သွားတဲ့ အဆာမို၊ အင်တာမီလန်ဂိုးသမား ဟန်ဒါနိုဗစ်တို့ဆိုတာ
ယူဒီးနိစ် နက်ဝပ်က ရှာဖွေခဲ့ကြတဲ့သူတွေဖြစ်ပြီး နောက် တော့ ဈေးကောင်းကောင်းနဲ့
ရောင်းစားရင်း စီးပွားရေးလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ကြီးမားတဲ့ နက်ဝပ်ကြီး
အောင်မြင်လာမှု ကြောင့် ပေါ့ဇိုမိသားစုဟာ ၀က်ဖို့ဒ်ကို ၀ယ်ပြီးတော့လည်း ပရီမီယာလိဂ်ကို
တက်နိုင်ဖို့အတွက် ယူဒီးနိစ်က ကစားသမားတွေဖြစ်တဲ့ အယ်မန် အက်ဒီ၊ ဗီဒရာ၊ အန်ဂျယ်လာ
တို့ကို ၀က်ဖို့ဒ် ကိုပို့ပြီး ၀က်ဖို့ဒ်ကို တွန်းတင်ခဲ့တာဖြစ်ပါတယ်။ ယူဒီးနိစ်ကြောင့် ၀က်ဖို့ဒ်မှာ
အာဂျင်တီးနား၊ အီတလီ၊ ဆွစ်ဇာလန်၊ ချက်၊ ဆွီဒင်ကစားသမားတွေ ကစားနေကြတာပဲ
ဖြစ်ပါတယ်။
ပေါ့ဇိုနဲ့ သားဖြစ်သူ ဂျီနိုတို့ဟာ ၀က်ဖို့ဒ် ပရီမီယာလိဂ် အမြန်ရောက်ဖို့အတွက် ကစား
သမားဖြည့်တင်းပေးနိုင်ခဲ့သလောက် အသင်း က ထင်သလို တက်မလာတဲ့အတွက် နည်းပြတွေ
အများအပြား ပြောင်းလဲပြီးတော့ တွန်းတင်ခဲ့ကြလို့ ၀က်ဖို့ဒ်ဟာ နည်းပြ ပြောင်းလဲမှုများပြားတဲ့
အသင်း ဖြစ်သွားစေခဲ့ ပါတယ်။ ပေ့ါဇိုဟာ ၀က်ဖို့ဒ်ကို ၂၀၁၂ မှာ ၀ယ်ပြီး တော့ အင်္ဂလိပ်
ဘောလုံးလောကမှာ ကျင်လည် ခဲ့တဲ့ အီတလီကစားသမား၊ နည်းပြဇိုလာနဲ့ ၀က်ဖို့ဒ်ကို
ဖြတ်သန်းခဲ့တာပါ။ ဇိုလာနဲ့ အလုပ် မဖြစ်တဲ့အတွက် ဇိုလာနေရာမှာ အော်စကာ ဂါဆီယာနဲ့
အစားထိုးပြီး လိဂ်ချန်ပီယံရှစ်ကို ဖြတ်သန်းခဲ့ပြန်ပါတယ်။ ဒါပေမဲ့ တစ်လ တောင်မကြာခင်မှာပဲ
ဂါဆီယာက ကျန်းမာ ရေးအကြောင်းပြပြီး ၀က်ဖို့ဒ်က ထွက်ခွာသွား လိုက်ပြန်လို့ ပေါ့ဇိုနဲ့
သားဂျင်တိုတို့ဟာ နည်းပြသက်တမ်း ၁၀ နှစ်ရှိတဲ့ စကော့ နည်းပြ မက်ကင်လေနဲ့ ဖြည့်လိုက်ပြီး
လိဂ်ချန်ပီယံရှစ်ကို ဖြတ်သန်းစေခဲ့ကြပါတယ်။
ဒါပေမဲ့ ပေါ့ဇိုကြီးက ထဖောက်ပြီး မက်ကင်လေကိုင်တွယ်တာ နှစ်ပွဲပဲရှိသေးတယ် ထုတ်ပယ်
လိုက်ပြန်ပါတယ်။ ဒီလိုနည်းပြပြောင်းလဲမှုများပြားလွန်း ခြင်းတွေက ပေါ့ဇိုတို့သားအဖရဲ့ စီမံခန့်ခွဲမှု
ပုံစံတွေအပေါ် အထင်သေးစရာဖြစ်စေခဲ့ပါ တယ်။ မက်ကင်လေနေရာကို ဆားဘီးယား နည်းပြ
ဂျိုကာနိုဗစ်နဲ့ အစားထိုးလိုက်တော့မှ စိတ်ကျေနပ်မှုရသွားခဲ့ကာ ၀က်ဖို့ဒ်ဟာလည်း မနှစ်က
အကြိတ် အနယ်ဖြစ်တဲ့ လိဂ်ချန်ပီယံ ရှစ်တန်းမှာ ပြိုင်ပွဲမပြီးခင် နှစ်ပွဲအလိုမှာပဲ ပရီမီယာလိဂ်ကို
တိုက်ရိုက်ဝင်ခွင့်ရရှိသွား ခဲ့ပါတယ်။ ဂျိုကာနိုဗစ်ရဲ့ စွမ်းဆောင်ရည်ကြောင့်ဆိုတာ ထင်ရှားပေမယ့်
မကြာခင်မှာပဲ ဂျိုကာနိုဗစ်နဲ့ ပေါ့ဇိုတို့ သားအဖအဆင်မပြေထပ်ဖြစ်လာခဲ့ပြီး ဂျိုကာနိုဗစ်ဟာ
၀က်ဖို့ဒ်ကို ကျောခိုင်းသွားခဲ့ပြန်လို့ အခုတော့ စပိန်နည်းပြ ဖလောရက်ဇ်နဲ့ ၀က်ဖို့ဒ်ဟာ
ပရီမီယာလိဂ်ကို ဖြတ်သန်းလာတော့မှာဖြစ်ပါတယ်။ ၂၀၁၂ မှာ ပေါ့ဇိုတို့ဝယ် ၀က်ဖို့ဒ်ကို ပြီးတော့
၂၀၁၂-၁၃ ရာသီကိုဖြတ်သန်းရာမှာ ၀က်ဖို့ဒ်ဟာ ပရီမီယာလိဂ်ကို ရောက် လုလုဖြစ်ခဲ့ပြီး
ခရစ္စတယ်ပဲလေ့စ်ကို ရှုံးသွားလို့ ကျန်ရစ်ခဲ့သလို ၂၀၁၃ဪ၁၄ ရာသီမှာတော့ မျှော်လင့်ချက်
မရှိခဲ့ဘဲဖြစ်ခဲ့ရပါတယ်။
၂၀၁၄-၁၅ ရာသီမှာလိဂ်ချန်ပီယံရှစ်တန်းမှာ ဒုတိယရခဲ့လို့ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ပြီး
ပရီမီယာလိဂ်ကို တက်လာခဲ့တာဖြစ် ပါတယ်။ ၀က်ဖို့ဒ်ရဲ့ကစားပုံက တိုက်စစ်ဖွင့် ကစားဟန်ဖြစ်
လို့ ၀က်ဖို့ဒ်ဟာ သွင်းဂိုးအားကောင်း တဲ့အသင်းပဲဖြစ်ပါတယ်။ တိုက် စစ်က ဂိုးသွင်းအားကောင်း
သလိုခံစစ်ကလည်း အားနည်းလို့ ၀က်ဖို့ဒ်ပွဲ တွေက အပြန်အလှန်သွင်းဂိုးတွေများတာကို
တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘောလုံးရာသီက လိဂ်ချန်ပီယံရှစ်တန်းမှာ တတိယအဆင့် ရခဲ့ပြီး
၈၅ ဂိုးသွင်းကာ ၅၈ ဂိုးအသွင်းခံခဲ့ရ ပါတယ်။ ၂၀၁၃-၁၄ ရာသီမှာတော့ အဆင့် (၁၃)သာရပြီး
၇၄ ဂိုးသွင်းကာ၊ ၆၄ ဂိုးအသွင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒုတိယနေရာ ရခဲ့ကာ သွင်းဂိုး
၉၁ ဂိုးတောင်ရှိခဲ့ပါတယ်။ ပေးဂိုးက ၅၀ ပဲရှိခဲ့ပါတယ်။ ပေါ့ဇိုမိသားစုပိုင်ဆိုင်ပြီးနောက်ပိုင်း
ဘောလုံးသုံးရာသီမှာ ၀က်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက အကောင်း ဆုံးရာသီဖြစ်ခဲ့ပါတယ်။ သွင်းဂိုး
၉၁ ဂိုးသွင်း တဲ့နေရာမှာ တိုက်စစ်မှူး ဒီနေး၊ အစ်ဂါလို တို့ဟာ ၀က်ဖို့ဒ်ရဲ့ အဓိကတိုက်စစ်မှူးတွေပဲ
ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းဟာ ၄၁ ဂိုးတောင်ရခဲ့ပါတယ်။ ချက်လက်ရွေးစင် တိုက်စစ်မှူး
ဗစ်ဒရာက ၁၆ ဂိုးသွင်းထားခဲ့ပါတယ်။
ဒီနေးရော၊ ဗစ်ဒရာကိုပါ ၀က်ဖို့ဒ်ဟာစာချုပ်သစ်တွေ ချုပ်ထားခဲ့ကြပြီဖြစ်ပါတယ်။ မန်နေဂျာဖလော
ရက်စ် ရောက်လာပြီး မှာ ၀က်ဖို့ဒ်ဟာ ပရီမီယာလိဂ်မှာ တင်ကျန် နိုင်ဖို့အတွက် ပြင်ဆင်မှုလုပ်ရာမှာ
အဓိက အားနည်းနေတဲ့ နောက်တန်းကို သမ္ဘာရင့် ကစားသမားတွေနဲ့ ဖြည့်တင်းနေတာတွေ့ရ
ပါတယ်။ ဘွန်ဒက်စ်လီဂါ ၀ါဒါဘရီမင်က ဩစတြီးယားနောက်တန်းသမား ပရောက်ဒ်၊ ရိုးမာနောက်
တန်းက ဂရိလက်ရွေးစင် ဟိုလီ ဒက်စ်၊ ဟမ်းဘတ်က ဆွစ်ဇာလန်နောက်တန်း သား ဘရာမီတို့ကို
ခေါ်ယူအားဖြည့်နေတာ တွေ့ရပါတယ်။ ဒီကစားသမားတွေဟာ ပထမ တန်းစား ကစားသမားတွေ
မဟုတ်ဘူး ထင်ရပေမယ့် ဒုတိယတန်းစား ကစားသမားထဲမှာတော့ ထိပ်တန်းနေရာမှာရှိကြတဲ့
သူတွေဖြစ်ကြပါတယ်။
အတွေ့အကြံုရင့်ပြီး ကစားတာမာကျောတဲ့သူတွေဖြစ်ပါတယ်။ စပါး ကွင်း လယ်က ကာဘူး
ကိုလည်း ခေါ်ထားတဲ့အတွက် ၀က်စ်ဟမ်းကွင်းလယ်နဲ့ နောက်တန်းဟာ လိဂ်ချန်ပီယံရှစ်တန်းက
နောက်တန်းထက် ပိုပြီးတောင့်တင်းတဲ့အသင်း ဖြစ်လာမှာ သေချာနေပါတယ်။ တိုက်စစ်မှာ
ဒီနေး၊ အစ်ဂါလို၊ ဗစ်ဒရာ တို့ကတော့ အမာခံ ကစားသမားတွေပဲ ဖြစ်လာဦးမှာပါ။ ၀က်ဖို့ဒ်ကွင်း
လယ်နဲ့ နောက်တန်းထူးခြားတဲ့ အပြောင်းအလဲဟာ လာမယ့်ပရီမီယာလိဂ်မှာ ၀က်ဖို့ဒ်အပေါ်
သတိထားစရာဖြစ်ပါတယ်။ မန်နေဂျာ ဖလောရက်စ်ဟာ ရီးယဲလ်မက်ဒရစ် လူငယ် အသင်းမှာ
နည်းပြစတင်လုပ်ခဲ့သူဖြစ်ပြီး လာလီဂါကလပ် ဂီတာဖေးကို ကိုင်တွယ်ခဲ့ သလို ဗလင်စီယာကို
ပြောင်းရွှေ့ကိုင်တွယ် ခဲ့သူဖြစ်ပါတယ်။ ပြီးတော့ ဘင်ဖီကာကို သွားရောက်ကိုင်တွယ်ခဲ့ကာ
ဘင်ဖီကာကနေ အလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ သူနောက်ဆုံး
ကိုင်တွယ် ခဲ့တဲ့ကလပ်ကတော့ ဂီတာဖေး ပဲဖြစ်ပါတယ်။
မနှစ်က ဂီတာဖေးကို ကိုင်ခဲ့ပြီး ၁၂ ပွဲကစား အပြီးမှာ နုတ်ထွက်ခဲ့လို့ ကလပ်မဲ့ဖြစ်နေချိန်မှာ
၀က်ဖို့ဒ်က ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ပရီမီယာလိဂ်ကို တန်းတက်လာတဲ့ ၀က်ဖို့ဒ် ဟာ
သူတို့ရဲ့ပထမရာသီ ပရီမီယာလိဂ်မှာ အဓိကရည်မှန်းချက်က တန်းမဆင်းရရေး သာပဲဖြစ်ပါတယ်။
အဲဒီအတွက် အားနည်းတဲ့ နောက်တန်းနဲ့ ကွင်းလယ်ပိုင်းကို အားဖြည့် နေတာဖြစ်ပါတယ်။
ဖလောရက်စ်ကလည်း ၀က်ဖို့ဒ်ကို ပရီမီယာလိဂ်မှာ ရမှတ် ၄၀ ကို စောစောစီးစီးရနိုင်ဖို့သာ
အားထုတ်ရမှာဖြစ်လို့ ကြီးမားတဲ့ဖိအားတော့ ရှိမနေခဲ့ပါဘူး။ အဲဒီရမှတ်အတွက် မဆုံးရှုံးသင့်တဲ့
ပွဲတွေမှာ ရမှတ်တွေ ဆုံးရှုံးမယ်ဆိုရင်တော့ ရလဒ်ပိုင်းမှာ အထိမခံတဲ့ ပေါ့ဇိုမိသားစုရဲ့ ထုတ်ပယ်
ခြင်းကိုခံရမှာ သေချာသလောက် ရှိနေပါတယ်။
ဗလင်စီယာ၊ ဘင်ဖီကာတို့နဲ့အတူ ချန်ပီ ယံလိဂ်အတွေ့အကြံုတွေရှိထားသူ၊ ယူရိုပါ လိဂ်ဖလားကို
ရယူထားနိုင်သူ ဖလော ရက်စ်ဟာ ဒီနေး၊ အစ်ဂါလို၊ ဗစ်ဒရာ ဆိုတဲ့ မထင်မရှား တိုက်စစ်မှူးကောင်း
သုံးဦး ရှိထားတဲ့အတွက် ရသင့်တဲ့ အမှတ် တွေကို ရအောင်ယူနိုင်မယ်လို့ မျှော်လင့် စရာဖြစ်ပါတယ်။
ပေါ့ဇိုမိသားစုကလည်း ကလပ်သုံးသင်း ပိုင်ဆိုင်ထားပေမယ့် တကယ်တမ်းမြိုးမြိုးမြက်မြက်
၀င်ငွေရမယ့် ပရီမီယာလိဂ်က ၀က်ဖို့ဒ်အသင်းကိုတန်းမဆင်းရအောင်၊ အသင်းကိုတောင့်တင်း
အောင် အားဖြည့်မှာသေချာပါတယ်။ တကယ် လို့ ရုန်းကန်ရမယ်ဆိုရင်တော့ ယူဒီးနိစ်မှာရှိတဲ့
အမာခံကစားသမားတွေကို အငှားပုံစံနဲ့ ၀က်ဖို့ဒ်အသင်းကို လွှတ်လာမှာ သေချာနေပါတယ်။

ဘောလုံးနဲ့ စီးပွားရှာရာမှာ နောကြေ နေသူ ပေါ့ဇိုမိသားစုဟာ စီးရီးအေမှာ မင်းမူခဲ့ကြတဲ့
အက်ဂ်နယ်လီမိသားစု၊ မိုရက်တီမိသားစု ဆန်စီမိသားစု၊ ဘာလူ စကိုနီမိသားစုတို့ အသီးသီး
ကျရှုံးစပြုလာ ချိန်မှာ သူတို့ကတော့ ဘောလုံးနဲ့ ထိပ်တန်းကို တက်လာနေသူတွေ ဖြစ်လာခဲ့ပါပြီ။
အခု ၀က်ဖို့ဒ်အသင်းကနေ ပေါင်သန်း ၁၀၀ လောက်ရလာမယ့်အခွင့်အရေးက တစ်နှစ်သာခံပြီး
တန်းပြန်ဆင်းရမယ့် အဖြစ်မျိုး ကို သူတို့ဘယ်တော့မှအဖြစ်ခံကြမှာ မဟုတ် ပါဘူး။ ၀က်ဖို့ဒ်ကို
လိဂ်ချန်ပီယံရှစ်ကနေ ပရီမီယာလိဂ်ကို တန်းတက်ချင်လွန်းတဲ့ အတွက်ကြောင့်သာ နည်းပြတွေ
အမျိုးမျိုး ပြောင်းလဲခဲ့ကြတာ ဖြစ်ပါတယ်။
အခုတော့ သူတို့ရောက်ချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ တစ်ရာသီသာ
ခံတဲ့အသင်းမျိုး ၀က်ဖို့ဒ်မှာ မရှိတဲ့အတွက် ၀က်ဖို့ဒ်ဟာ စတုတ်စီးတီး အသင်း ပရီမီယာလိဂ်မှာ
တင်ကျန်အောင်ထိန်းထားသလိုမျိုး၊ ဆွမ်ဆီးအသင်းထိန်းထားသလိုမျိုး၊ ခရစ္စတယ်ပဲလေ့စ်အသင်း
ထိန်းထားသလိုမျိုး ထိန်းထားမယ့်အသင်းလို့ ယူဆနေမိပါရဲ့...။















