ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိမိုးလုံလေလုံ
အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော အာရှလူငယ် နပန်းချန်ပီယံရှစ်ပြိုင်ပွဲတွင်
အိမ်ရှင်မြန်မာနပန်းအသင်းသည် ဆုတံဆိပ် တစ်ခုမျှ ရရှိခဲ့ခြင်းမရှိပေ။
အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမ ဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပ
ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာရှနိုင်ငံပေါင်း ၁၈ နိုင်ငံက အသက် ၁၈ နှစ်အောက် နပန်း
အားကစားသမား ၃၃၀ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံက လူငယ်နပန်း
အားကစားသမား ငါးဦးဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။
မြန်မာနပန်းအသင်းတွင် ဇော်ဇော်အောင် (၁၂၀ ကီလို)၊ ထွန်းလင်းအောင်(၉၆ ကီလို)၊
ဇော်မင်းနိုင် (၈၄ ကီလို)၊ ပိုင်စိုး (၆၇ ကီလို)နှင့် မေသဇင်ဖူး (၆၃ ကီလို)တို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်သည် ၂၀၁၁ ခုနှစ်မှစတင်၍ နိုင်ငံတကာပြိုင်ပွဲများတွင် ၀င်ရောက်
ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် က မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပခဲ့သော
(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်သုံးခုနှင့် ကြေး တံဆိပ်
ခြောက်ခုတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် နပန်းအားကစားနည်းကို
(၂၆)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကတည်းက စတင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။














