မန်ချက်စတာ ယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် အသင်းတွင် ကစားသမား
အင်အားဖြည့်တင်းလျက်ရှိရာ ယခုချိန်အထိ ကစားသမားသစ်လေးဦး ခေါ်ယူထားနိုင်ပြီ
ဖြစ်ပြီး ၎င်းတို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နီးပါး အသုံးပြုထားသည်။
မန်ယူအသင်းသည် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် စတင်ဖွင့်လှစ်ပြီး ရက်ပိုင်း အတွင်း
နယ်သာလန်ကလပ် ပီအက်စ်ဗီ အသင်းက တောင်ပံကစားသမား ဒီပိုင်းကို ပြောင်းရွှေ့ကြေး
ပေါင် ၂၄ ဒသမ ၆ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် တနင်္ဂနွေ၊ တနင်္လာ
နှစ်ရက်တွင် နောက်ထပ်ကစားသမားသစ် သုံးဦးကို ထပ်မံခေါ်ယူနိုင်ခဲ့သည်။
၎င်းကစားသမားများမှာ တိုရီနို နောက်ခံလူ ဒါမီယန် (ပေါင် ၁၂ ဒသမ ရ သန်း)၊
ဘိုင်ယန်ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ (ပေါင် ၁၄ သန်း)နှင့် ဆောက်သမ်တန် ကွင်းလယ်လူ
ရှနိုက်ဒါလင် (ပေါင် ၂၄ သန်း)တို့ဖြစ်သည်။ မန်ယူအသင်း၏ တိုက်စစ်မှူးများဖြစ်သည့်
ဗန်ပါစီနှင့် ဖယ်လ်ကာအိုတို့ အသင်းကို စွန့်ခွာ သွားကြပြီဖြစ်သည့်အပြင် အာဂျင်တီးနား
တိုက်စစ်မှူး ဒီမာရီယာမှာလည်း ပြင်သစ် ကလပ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု
သတင်းများထွက်ပေါ်နေသောကြောင့် တိုက်စစ်ပိုင်းနေရာကို ထပ်မံအားဖြည့်ရန်
လိုအပ်လျက်ရှိသည်။ မန်ယူအသင်းမန်နေဂျာ ဗန်ဟားလ်သည် ဘင်ဖီကာအသင်းက
ကွင်းလယ်လူ ဂိုင်တန်နှင့် ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးတို့ကိုလည်း
စိတ်ဝင်စားလျက်ရှိသည်။
၎င်းသည် ဒီမာရီယာ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ သွားပါက ဂိုင်တန်ကို
ပြောင်းရွှေ့ကြေးပေါင် ၂၄ ဒသမ ၅ သန်းနှင့် လီဝမ်ဒေါစကီးအတွက် ပေါင် ၄၄
သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်။















