ခြေသလုံးအိမ်တိုင်နည်းပြဘဝက လွတ်နိုင်ပါ့မလား ရေနီယာရီ

ခြေသလုံးအိမ်တိုင်နည်းပြဘဝက လွတ်နိုင်ပါ့မလား ရေနီယာရီ

လက်စတာကို ရေနီယာရီတို့ ကိုင်လိုက်ပြန်ပြီ။ လက်စတာက ရေနီယာရီဆီကနေ ဘယ်လောက်
မျှော်လင့်ထားသလဲ၊ ရေနီယာရီ က သူတို့ကို ဘယ်လောက်အထိ ဆွဲတင် နိုင်မလဲ၊ အီတလီ
သားကြီးကရော ဘာတွေ လုပ်ပြနိုင်မလဲဆိုတာက အရမ်းစိတ်ဝင်စားဖို့ ကောင်းနေတာပေါ့။

ရေနီယာရီရဲ့အကြောင်း ကို နည်းနည်းလောက် စပြီးကြည့်လိုက်ကြရ အောင်။ နာမည်ပြောင်
ကိုက စိတ်ပျက်စရာ လက်စတာရဲ့ နည်းပြသစ်အဖြစ် တာဝန် ယူပြီးတဲ့နောက် ရေနီယာရီက
သူဟာ နိုင်ငံတကာအနှံ့ အသင်းတွေကို လှည့်ပြီး နည်းပြလုပ်နေလို့ ခြေသလုံးအိမ်တိုင်
နည်းပြဆိုတဲ့ ထင်မြင်ယူဆချက်တွေကို ပယ်ချခဲ့ပါတယ်။ သူက လက်စတာနဲ့အတူ
နှစ်ရှည်လများ လက်တွဲသွားလိုတယ်လို့ ပြောခဲ့တယ်။

သူဟာ နည်းပြ သက်တမ်းတစ်လျှောက် ချယ်လ်ဆီး၊ ဂျူဗင်တပ်၊ ရိုးမား၊ အင်တာမီလန်၊ မိုနာကို
စတဲ့အသင်း ကြီးတွေမှာ နည်းပြ လုပ်ခဲ့ပေမယ့် အဲဒီ အသင်းတွေမှာ စွဲစွဲ မြဲမြဲမရှိခဲ့လို့ သူ့ကို
ခြေသလုံးအိမ်တိုင် နည်းပြလို့ နာမည်ပြောင် ပေးထားခြင်းခံခဲ့ရတာပါ။

သူ့ဘဝသူ့အကြောင်းတစေ့တစောင်း
သူ့ကို ၁၉၅၁ အောက်တိုဘာ ၂၀ အီတလီ ရဲ့ မြို့တော်ဖြစ်တဲ့ ရောမမှာမွေးခဲ့ပါတယ်။
ကစားသမား ဘဝတုန်းကတော့ နောက်ခံလူအနေနဲ့ ကစားခဲ့တာပါ။ သူဟာကစားသမား
ဘဝကို ၁၉၇၃ ခုနှစ်မှာ ရိုးမားအသင်းနဲ့ စတင် ခဲ့ပြီး အဲဒီမှာ တစ်ရာသီပဲခံပါတယ်။ နောက်
ကာတန်ဇာယိုအသင်းဆီ ၁၉၇၄ မှာ ပြောင်း ရွှေ့ခဲ့ပြီး ပွဲပေါင်း ၂၂၅ ပွဲ ကစားကာ ရှစ်ဂိုး
သွင်းနိုင်ခဲ့တယ်။ ဒါဟာ သူ့ဘဝရဲ့ အတောက် ပြောင်ဆုံး အချိန်ကာလတွေဆိုလည်း မမှား
ပါဘူး။ ၁၉၈၂ မှာ ကာတာနီးယားကို ပြောင်း ရွှေ့ခဲ့ပြီး ၁၉၈၄ မှာတော့ပါလာမိုအသင်းဆီ
ပြောင်းရွှေ့ခဲ့တယ်။ သူ့ရဲ့ကစားသမားဘဝ ဟာ ၁၉၈၆ မှာ အဆုံးသတ်ခဲ့ရတယ်။

ကစားသမားသက်တမ်းအတွင်း ပွဲပေါင်း ၃၆၃ ပွဲ ကစားကာ ကိုးဂိုးသွင်းယူနိုင်ခဲ့တယ်။
သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေထဲမှာ နာမည်ကြီးအသင်းတွေ ပါ၀င်ပါတယ်။ နည်းပြ
လောကကို ၁၉၈၆ မှာ လာမက်တီနီအသင်း နည်းပြအနေနဲ့ ၀င်ရောက်ခဲ့ပြီး အဲဒီကမှ
တစ်ဆင့် ပွာတိုလာနာအသင်းကို ရောက်သွား ခဲ့တယ်။

ဒီအသင်းတွေက အပျော်တမ်း ကလပ် တွေပါ။ နောက် ကက်ဂလီယာရီ၊ နာပိုလီ၊ ဖီအိုရင်
တီးနား၊ အလက်တီကို၊ ချယ်လ်ဆီး၊ ဗလင် စီယာ၊ ပါးမား၊ ဂျူဗင်တပ်၊ ရိုးမား၊ အင်တာ မီလန်၊
မိုနာကိုနဲ့ ၂၀၁၄ မှာ ဂရိ လက်ရွေးစင် အသင်းကိုတောင် ကိုင်လိုက်သေးတယ်။ အခု
လက်စတာကိုရောက်လာပြန်ပြီ။ သူ ကိုင်တွယ်ခဲ့တဲ့ အသင်းတွေထဲမှာ သက်တမ်း
အကြာဆုံးကိုင်ခဲ့ရတဲ့အသင်းက နှစ်သင်း ပဲရှိပါတယ်။ အဲဒီနှစ်သင်းက ဖီအိုရင်တီးနားနဲ့
ချယ်လ်ဆီး အသင်းတွေပါ။

လေးနှစ်စီ ကိုင်တွယ်ခဲ့ရ တယ်။ ကျန်တဲ့ အသင်းအားလုံးနီးပါးက တစ်ရာသီ၊ နှစ်ရာသီလောက်
ပါပဲ။ ဗလင်စီယာ ကို နှစ်ကျော့ပြန် ပြန်လည်ကိုင်တွယ်ခွင့်ရခဲ့တာ ကတော့ ထူးခြားမှုတစ်ရပ်လို့
ဆိုနိုင်ပါတယ်။

လက်စတာမှာ ပြောပြီ
စကတည်းကတော့ ယဉ်သကိုပါပဲ။ သူက လက်စတာဟာ
ကစားသမားကောင်း တွေနဲ့ တောင့်တင်းတဲ့စုဖွဲ့မှုကို ပိုင်ဆိုင်ထား ပြီးသားဖြစ်လို့ တစ်သင်းလုံး
အပြောင်းအလဲ လုပ်စရာ မလိုပါဘူးလို့ ပြောခဲ့တာပါပဲ။

သူက နည်းပြဟောင်း ပီယာဆင်လက်ထက်မှာ EPLကနေ တန်းမဆင်းရဖို့အတွက်
ရုန်းကန်နိုင်ခဲ့တာကိုက ကစားသမားတွေ အပေါ် ယုံကြည်မှု ရှိတဲ့အကြောင်းနဲ့ သူ့ရဲ့နည်းစနစ်
တွေနဲ့ အံဝင် အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ သူက သူ့ရဲ့နည်းစနစ်ပိုင်းတွေကို
နားလည်မှုရှိပြီး အလျင်အမြန်အသားကျ သွားတာကိုပဲ လိုချင်တယ်လို့ ဆိုတယ်။ ဒါပေမဲ့
သူ့ရဲ့အယူအဆတွေနဲ့ ပတ်သက် လို့ သေသေချာချာတော့ ရှင်းမပြရသေးဘူး လို့လည်း
ပြောပြန်တယ်။ ဒါဆိုရင် သူ့ရဲ့ နည်းစနစ်ပိုင်းက ဘယ်လိုလဲဆိုတာ တစ်ချက်လောက်
ဆန်းစစ် ကြည့်ရအောင်။

ရေနီယာရီရဲ့ နည်းစနစ်ပိုင်း
အော်တိုရီဟာဂျယ်နဲ့ ဆန်းတို့စ်တို့ရဲ့ လက်အောက်မှာ ဂရိလက်ရွေးစင်အသင်းရဲ့ ကစားပုံတွေက
၄-၄-၂၊ တစ်ခါတစ်ရံမှာ၄-၃-၃ ပုံစံတွေကို ကစားတတ်ပါတယ်။ ခံစစ်နဲ့ ကစားရမယ်ဆိုရင်တော့
၅-၃-၂ ပုံစံကိုပြောင်းကစားတတ်ပါတယ်။

ဒါပေမဲ့ ရေနီ ယာရီရဲ့ လက်အောက်မှာတော့ သူက ၄-၂-၄ ပြောင်းလိုက်တဲ့အတွက်
ဘယ်လိုမှ အံမဝင် တော့ပါဘူး။ သူက ကွင်းလယ်မှာ ဂျီယန်နစ် မန်နီတက်စ်နဲ့ တက်ဆီဒစ်တို့ကိုပဲ
ပုံမှန်သုံးစွဲခဲ့ တယ်။ သူ့ရဲ့ခံစစ်ကြောင်းဟာ ထင်သလို အလုပ်မဖြစ်ခဲ့ဘဲ တိုက်စစ်ကလည်း
ဂိုးသွင်းဖို့ ပံ့ပိုးမှုတွေနည်းခဲ့ရပါတယ်။ ဒါကြောင့်လည်း ဖာရိုးကျွန်းစုလို အသင်းငယ်လေးကို
ဂရိ ၀-၁ နဲ့ ရှုံးခဲ့တာပါ။ သူဟာ ဂရိကို ကိုင်တွယ်ခဲ့တဲ့ လေးပွဲစလုံး တစ်ပွဲမှမနိုင်ခဲ့ပါဘူး။ ရှုံးရတဲ့
ပွဲတွေဟာ ဂရိမြေမှာချည်းဖြစ်လို့ သူအထုတ်ခံ ရတာဟာ သိပ်ပြီးတော့ အဆန်းတကြယ်မဖြစ်
လှပါ။

ဒါကြောင့် ပရီမီယာလိဂ်နဲ့ သူ့ရဲ့ နည်းစနစ်ပိုင်း ဘယ်လိုအံဝင်ခွင်ကျဖြစ်မလဲ ဆိုတာကတော့
တော်တော်ကို ခဲယဉ်းနေတာ တွေ့ရပါတယ်။ အသင်းပိုင်ရှင်တွေရဲ့သဘောထား လက်စတာ
အသင်းက သူ့ကို သုံးနှစ် စာချုပ်ထားတာပါ။ သူ့ကို ထိုင်းဘီလျံနာအုပ်စု က အနှစ်သက်ကြီးတော့
မဟုတ်ခဲ့ပါဘူး။ နီဂျယ်ပီယာဆင်ကို ဖယ်ရှားခဲ့ရတာကလည်း သူ့သား က ဘန်ကောက်မှာ
ကောင်မလေးတွေနဲ့ အပျော်ကြူးခဲ့တာကိုထောက်ပြီး ပီယာဆင် ရဲ့ အတွေးအခေါ်တွေဟာ
စီမံအုပ်ချုပ်သူ ဘုတ်အဖွဲ့နဲ့ သဘောထားချင်း မတိုက်ဆိုင် ဘူးလို့ ဆိုကာ ထုတ်ပယ်လိုက်
တာဖြစ်ပါ တယ်။ ဒါကြောင့် ပိုင်ရှင်တွေအနေနဲ့ အရမ်း ရှေးရိုးဆန်းလွန်ပြီး စိတ်လောကြီးတယ်လို့
ဆိုရမှာပါ။ နောက်တစ်ချက်က လက်စတာ အတွက် နည်းပြရှာပုံတော်ဖွင့်ရာမှာ ဂတ်စ် ဟစ်ဒင့်၊
ဆမ်အလာဒိုက်စ်၊ ဒေးဗစ်မိုရက်စ်၊ မိုက်ကယ်လောဒရပ်၊ ဟယ်ရီရက်နက်၊ မာတင်အိုနေးလ်
အစရှိတဲ့ ပရီမီယာလိဂ်ရဲ့ ၀ါရင့်တွေကိုတောင် ပယ်ချပြီး သူ့ကိုရွေးခဲ့တာ က အံ့ဩစရာပါပဲ။
ဟယ်ရီရက်နက်နဲ့ ဟစ်ဒင့် ဆိုရင် chance 4 အထိတောင် သတ်မှတ်ခြင်း ခံထားရသူတွေပါ။ ထိုင်းလုပ်ငန်းရှင်တွေက ဈေးပေါပေါရတဲ့သူကို ရွေးခဲ့လေသလားလို့ တောင် ထင်ရပါတယ်။
သူ့ရဲ့တစ်နှစ်လုပ်ခ လစာက ယူရိုရှစ်သိန်းဖြစ်နေတာက စဉ်းစား စရာအချက်ပါ။

သူက ဂရိအက်ဖ်အေကနေ ယူရို ၁ ဒသမ ၆ သန်း လျော်ကြေးရခဲ့ပါသေးတယ်။ ပိုင်ရှင်တွေက
ဥရောပထိပ်တန်းကလပ် အသင်းတွေကို တာဝန်ယူခဲ့ဖူးတဲ့ သူ့အတွေ့ အကြံုကောင်းတွေက
အသင်းအပေါ် အကျိုး ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ လက်စတာရဲ့ ဒုတိယဥက္ကဋ္ဌ
အီယာဝုဒ်က တော့ ရေနီယာရီရဲ့ အတွေ့အကြံုကောင်း တွေက ရေရှည်အကျိုးပြုနိုင်လိမ့်မယ်လို့
ယုံကြည်နေပါတယ်။

အနီးကပ်ဆုံး ချယ်လ်ဆီးကို ပြန်စောင်းငဲ့ကြည့်
သူချယ်လ်ဆီးကို ကိုင်ပြီး၂၀၀၁ နွေရာသီ ဈေးကွက်မှာ လမ်းပတ်၊ ပီတစ်၊ ဇန်ဒန်း၊ ဂရွန်ဂျာ၊
ဂါးလက်စ်တို့ကို ခေါ်ခဲ့ပြီးသူသုံးခဲ့တာ ပေါင်သန်း ၃၀ အထက်မှာရှိပါတယ်။ အဲဒီ ရာသီအဆုံးမှာ
သူတို့ပိတ်သိမ်းခဲ့တာက အဆင့်(၆)ပါ။ ဒါပေမဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကိုတော့
ပို့ဆောင်ပေးနိုင်ခဲ့သေးတယ်။သူ့ကို ဗြိတိန်မီဒီယာတွေက အသေး အဖွဲတွေလောက်သာ
ပြုပြင်ပြောင်းလဲရေး လုပ်တတ်သူလို့ နာမည်ပြောင်ပေးခဲ့တယ်။ ၂၀၀၃ မှာ ရုရှားဘီလျံနာ
အေဗရာမိုဗစ်ချ်က ချယ်လ်ဆီးကိုလွှဲပြောင်းရယူလိုက်ပြီ။ အဲဒီမှာ သုံးခွင့်ရခဲ့တဲ့ငွေကြေးက
ကြောက်ခမန်း လိလိပါပဲ။

ရုရှားသူဌေးက ပေါင်သန်း ၁၂၀ ထုတ်ပေးခဲ့တယ်။ ၂၀၀၃ နွေရာသီဈေးကွက် မှာ သူဟာ
ဒါမိန်းဒပ်ဖ်ကို ပေါင် ၁၇ သန်း ပေးပြီး ကလပ်စံချိန်တင်ကြေးနဲ့ စဝယ်ခဲ့တယ်။ နောက်
အင်္ဂလန်ကြယ်ပွင့်လူငယ်တွေဖြစ်တဲ့ ၀ိန်းဘရစ်ချ်၊ ဂျိုကိုးလ်၊ ဂလင်းဂျွန်ဆင်၊ နောက်
အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့ ဗီရွန် နဲ့ ခရက်စပို၊ ပြင်သစ်က မက်ခီလီလီ၊
ရိုမေး နီးယားက မူတူး၊ ဒါတွေကို ၀ယ်ခဲ့တယ်။ ပြောရရင် အင်မတန်ကြီးမားတဲ့
စီးပွားရေး မြှုပ်နှံမှုပါပဲ။ ကလပ်ရဲ့ ၄၉ နှစ်တာ သမိုင်းမှာ တကယ့်ကို အရေးအပါဆုံး
ခြေလှမ်းတစ်ရပ် လို့တောင် ဆိုနိုင်တယ်။ ရာသီကုန်မှာ ပရီမီယာလိဂ် ဒုတိယရလို့
တိုက်ရိုက်ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တယ်။ သူဟာ ဆီမီးဖိုင်နယ်အထိပဲ ပို့နိုင်ခဲ့ပြီး မိုနာကို
အသင်း ကို ရှုံးခဲ့ရပြန်တယ်။ ၂၀၀၄ မေ ၃၁ မှာတော့ သူဟာ ချယ်လ်ဆီးကနေ
ထုတ်ပယ်ခြင်း ခံလိုက်ရတယ်။ မော်ရင်ညိုရောက်လာပြီး သူခေါ်ထားတဲ့ ဂါးလက်စ်၊
မက်ခီလီလီ၊ လမ်းပတ်အပြင် တယ်ရီတို့နဲ့ အကောင်းဆုံး ပုံစံလုပ်ပြနိုင်ခဲ့တယ်။

ခြံုငုံသုံးသပ်ချက်
လက်စတာဟာ ချယ်လ်ဆီးလောက် ငွေသုံးနိုင်မှာ မဟုတ်တာ သေချာတယ်။
၂၀၀၃ မှာရခဲ့တဲ့ ပေါင်သန်း ၁၂၀ ဆိုတာ နည်းတဲ့ငွေပမာဏမဟုတ်ပါဘူး။ ဒါတောင်
ရေနီယာရီဟာ ဘာမှအကောင်အထည်ပေါ် အောင် လုပ်မပြနိုင်ခဲ့ဘူး။ သူဟာ အသင်းကို
တည်ဆောက်တတ်သူမဟုတ်ဘဲ သူများထား သွားတဲ့ Squard အပေါ်မှာသာ အကောင်
အထည်ဖော်တတ်သူဖြစ်တယ်။ ဝေဖန်သံတွေ က ခြိမ့်ခြိမ့်ညံနေတယ်။ သူ့ရဲ့ CV အရ လက်
စတာမှာ မခန့်သင့်ဘူးတို့၊ ဂယ်ရီလိုင်နီကာ ကလည်း ပြောင်စပ်စပ်ပုံစံနဲ့ ရေနီယာရီကို
ခန့်လိုက်ပြီ။ ဒါတကယ်ဟုတ်ရဲ့လား၊ အမှန် ပဲလား၊ အတွေ့အကြံုများတာတော့ မှန်ပါတယ်။
ဒါပေမဲ့ လက်စတာမှာ သူအသက်ရှူ မချောင်လောက်ဘူး။ ဒါဟာ အံ့အားသင့်ဖွယ်ရာ
ခေါ်ယူမှုတစ်ရပ်ပဲလို့ ဝေဖန်ခဲ့ပါတယ်။ အသင်းတစ်သင်းမှာ လေးနှစ်လောက်ပဲ လုပ်ရတဲ့
ရေနီယာရီ လက်စတာမှာရော ဘယ်လောက်ခံမလဲ၊ ခြေသလုံးအိမ်တိုင် နည်းပြဘဝက
လွတ်နိုင်မလားဆိုတာကိုတော့ သံသယဝင်နေမိပါရဲ့...။



ဖတ်ရှုမှုအများဆုံး