ရီးယဲလ်မက်ဒရစ်အသင်းက အသစ် ခေါ် ယူထားသော ဂိုးသမား ကာဆယ်လ်လာက
မိမိသည် နည်းပြဘင်နီတက်ဇ် လက်အောက်တွင် အသင်း၏ ဦးစားပေး ဂိုးသမားဖြစ်လာမည်ဟု
ယုံကြည်ကြောင်း ပြောကြားလိုက်သည်။
ကာဆယ်လ်လာသည် ရီးယဲလ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်ကမှ
အက်စ်ပန်ညို အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ခြောက်သန်းဖြင့်
ပြန်လည်ပြောင်းရွှေ့လာခြင်းဖြစ်သည်။ သို့သော် ကာဆယ်လ်လာသည် ရီးယဲလ်အသင်းတွင်
ပထမနေရာအတွက် ကော်စတာရီကာ ဂိုးသမား နာဗက်စ်နှင့် ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။
နာဗက်စ်သည် ၂၀၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် လက်စွမ်းပြနိုင်ခဲ့ပြီး ပြီးခဲ့သည့် ရာသီကစ၍
ရီးယဲလ်အသင်း ပွဲထွက်စာရင်းတွင် ပါ၀င်လာနိုင်ခဲ့သည်။ ထို့ပြင် ဘင်နီတက်ဇ်ကလည်း
ကာဆယ်လ်လာကို ခေါ်ယူစာမချုပ်မီ အချိန်ထိ နာဗက်စ်သည် အသင်း၏ ဦးစားပေးဂိုး
သမားဖြစ်ကြောင်း ပြော ကြားထားသည်။ လက်ရှိအချိန်တွင် နာဗက်စ်သည် ဒဏ်ရာကြောင့်
အနားယူနေရပြီး အသင်း၏ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ် တွင် ပါ၀င်နိုင်ခြင်းမရှိဘဲ တတိယ
ဂိုးသမား ပါချီကိုနှင့် လူငယ်ဂိုးသမား ရူဘင်ရာနက်စ်တို့သာ အသင်းနှင့် လိုက်ပါသွားသည်။
"ကျွန်တော့ရဲ့ ရည်ရွယ်ချက်က အသင်းရဲ့ ဦးစားပေးဂိုးသမား ဖြစ်ဖို့ပါ။ ဒီအတွက် ကျွန်တော်က
ကွင်းထဲမှာ ကြိုးစားပြရမှာဖြစ်သလို နည်းပြဘက် ကလည်း ကူညီမယ်ထင်ပါတယ်။ အရည်အချင်း
ပြည့်ဝတဲ့ ကစားဖော်တွေနဲ့အတူ လက်တွဲကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ဒီကိုပြန်ရောက်
လာတာဟာ ကျွန်တော့်အတွက် သာယာဖွယ် မိသားစုထံ ပြန်ရောက်လာရသလို ခံစားရပါတယ်။
ဒီမှာရှိတဲ့အရာအားလုံးဟာ ကျွန်တော်နဲ့ ရင်းနှီးပြီး အားလုံးကျေနပ်စရာတွေပါပဲ"ဟု
ကာဆယ်လ်လာက စာချုပ် ချုပ်ဆိုပြီး အသင်း ၀က်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားခဲ့သည်။
ကာဆယ်လ်လာသည် ရီးယဲလ် မက်ဒရစ်အသင်းသို့ ၂၀၀၀ ပြည့်နှစ် အသက် ၁၄ နှစ်အရွယ်တွင်
ရောက် ရှိခဲ့ပြီး ခုနစ်နှစ်အကြာ ၂၀၀၇ ခုနှစ်တွင် အက်စ်ပန်ညိုအသင်းသို့ ပြောင်းရွှေ့သွား
သူဖြစ်သည်။














