ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ် အေ)ဥက္ကဋ္ဌ ပလာတီနီက ထိပ်တန်းကလပ်
အသင်းများ၏ ကစားသမားကောင်းများကိုသာ အဓိကထားခေါ်ယူနေသည့် အရေ
အတွက်ကို ကန့်သတ်လိုလျက်ရှိသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ကစားသမား စာရင်း ၂၅ ဦး တင်သွင်းရာတွင် ကလပ်၏
လူငယ်စီမံကိန်းများမှ ထွက်ပေါ်လာသည့် ကစားသမားရှစ်ဦးအထိ စာရင်းထည့်သွင်း
ထားသည့် ပုံစံမျိုး ကန့်သတ်လိုခြင်းဖြစ်သည်။ "အသင်းတစ်သင်းထဲမှာ ကစားသမား
ကောင်းတွေချည်းပဲရှိနေတာဟာ အနာဂတ်အတွက် ဘာမှအရေးမကြီးတဲ့အတွက်
အဲဒါကို ကန့်သတ်သင့်ပါတယ်။ ဒါဟာ ပြိုင်ပွဲ အတွက်ပဲ အရေးကြီးတာပါ။ တကယ်လို့
တစ်သင်းထဲမှာ အားလုံးရှိနေမယ်ဆိုရင်တော့ ဒါဟာလုံးဝကို မကောင်းတော့ပါဘူး"ဟု
ဇူလိုင်လထုတ် ျွှသမိူ ှသခခနမ မဂ္ဂဇင်းတွင် ပလာတီနီက ပြောကြားထားသည်။
ထို့ပြင် ပလာတီနီက ဥရောပကလပ် အသင်း တစ်သင်းသင်းတွင် စာချုပ်သက်တမ်း
ပြည့်သွားသော ကစားသမားသည် တခြား ဥရောပကလပ်အသင်းသို့ အလွတ်ပြောင်း ရွှေ့နိုင်သည်ဆိုသော ဘော့စ်မန်နည်းဥပဒေနှင့်လည်း ညွှန်ပြပြောဆိုမှုများ
ပြုလုပ်ခဲ့သည်။
"ဘော့စ်မန် ဥပဒေအရ အကောင်းဆုံး ကစားသမားကောင်းတွေကို အသင်း တစ်သင်းထဲက
ရနိုင်ပါတယ်။ အရင်က စပိန်ကလပ်တွေဖြစ်တဲ့ ရီးယဲလ်၊ အလက် တီကို၊ ဘာစီလိုနာ၊
ဗလင်စီယာစတဲ့ အသင်း ပေါင်းများစွာမှာ ကစားသမားတွေဟာ သီးခြားစီ ရှိနေကြတာပါ။
အခုတော့ အကောင်းဆုံး ကစားသမားတွေဟာ အသင်းတစ်သင်း၊ နှစ်သင်းလောက်မှာပဲ
ရှိတော့ပါတယ်"ဟု ပလာတီနီက ပြောကြား ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် စပိန်လာလီဂါဖလားကို
အလက်တီကိုအသင်း ရယူနိုင်ခဲ့သည်ကလွဲ၍ ယင်းဆုဖလားကို ဘာစီလိုနာ၊ ရီးယဲလ်စသည့်
အသင်းနှစ်သင်းကသာ အလှည့်ကျရရှိသလိုမျိုး ဖြစ်နေသည်။ စီးရီးအေတွင်လည်း ဂျူဗင်တပ်
အသင်းသည် ပြီးခဲ့သည့်ရာသီအထိ အမှတ်ပေးဖလားကို လေးကြိမ်ဆက်ရယူထားနိုင်သည်။
ထို့အတူ ဘိုင်ယန်မြူးနစ်နှင့် ပီအက်စ်ဂျီအသင်းတို့ မှာလည်း အမှတ်ပေးဖလားများကို
သုံးနှစ်ဆက်စီ ရရှိထားကြသည်။
"အကောင်းဆုံး အသင်းတွေဟာ အကောင်းဆုံးကစားသမားတွေ ရရှိဖို့နဲ့ ပြိုင်ပွဲတွေမှာ
အနိုင်ရရှိဖို့ လုပ်ဆောင်နေ တာဟာ လုံးဝမဖြစ်သင့်ပါဘူး။ ငွေကြေး အမြောက်အမြား
တတ်နိုင်တဲ့ ကလပ် အသင်းတစ်သင်းသာ သင့်မှာရှိမယ်ဆိုရင် သင်လည်း အားလုံးကို
ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ထင်ပါတယ်။ ဒီလို လုပ်နိုင်တာဆိုလို့ ဥရောပဘောလုံး
ကလပ် အသင်းလောကမှာ တစ်သင်း၊ နှစ်သင်း၊ သုံးသင်းထက် မပိုပါဘူး"ဟု ပလာတီနီက
ဆက်လက်ပြောကြားသွားသည်။
နာမည်ကြီး ကစားသမားတွေကို ခေါ်ယူ ခြင်းထက် မိမိကလပ်အသင်း၏ လူငယ် စီမံကိန်းမှ
ထွက်ပေါ်လာသည့် ကစားသမား များကို အသင်းတွင် အရေအတွက်နှင့် နေရာပေးနိုင်ရန်
လာမည့် စက်တင်ဘာလ တွင် ကျင်းပမည့် ဥရောပကော်မရှင်ဥက္ကဋ္ဌ နှင့် အစည်းအဝေးပွဲတွင်
ဆွေးနွေးသွား မည်ဖြစ်ကြောင်း ပလာတီနီက ဆိုသည်။















