မန်ယူနည်းပြ ဗန်ဟားလ်သည် အသင်းအတွက် တိုက်စစ် ကစားသမား ခေါ်ယူရန်
ဘာစီလိုနာမှ ပက်ဒရိုနှင့် ဘိုင်ယန်မြူးနစ်မှ သောမတ်စ်မူလာတို့ကို ပစ်မှတ်ထားလျက်
ရှိသည်။
ဗန်ပါစီနှင့် ဖယ်လ်ကာအိုတို့ ထွက်ခွာသွားပြီးနောက် အသင်းတွင် တိုက်စစ်ပိုင်းလျော့
နည်းသွားသော်လည်း ဗန်ဟားလ်က စိုးရိမ်မှုမရှိဘဲ တိုက်စစ်မှူးအသစ်များ ပြန်လည်
အစားထိုးခေါ်ယူနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ လက်ရှိအချိန်တွင် မန်ယူအသင်း၌
တိုက်စစ်ပိုင်း၌ ရွန်နီ၊ ဟာနန်ဒက်ဇ်နှင့် ၀ီလ်ဆင်တို့ သုံးဦးသာရှိသည်။
ပက်ဒရိုသည် ပြီးခဲ့သည့်ရာသီကတည်းကပင် ဘာစီလိုနာအသင်းမှ ထွက်ခွာမည့်အနေ
အထားများ ဖြစ်ပေါ်ခဲ့သည်။ ဘာစီလိုနာတိုက်စစ်တွင် မက်ဆီ၊ နေမာနှင့် ဆွာရက်ဇ်တို့
သုံးဦးရှိနေရာ ပက်ဒရိုမှာ ပုံမှန်ပွဲထွက်ခွင့်ပင်မရခဲ့ပေ။ ထို့ကြောင့် ၎င်းအတွက် ပုံမှန်ပွဲထွက်
ခွင့်ရမည့်အသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့လိုနေသည်။
ဗန်ဟားလ်သည် ၎င်းဘိုင်ယန်အသင်းကို ကိုင်တွယ်စဉ်က အတူလက်တွဲခဲ့ဖူးသည့်
သောမတ်စ်မူလာကိုလည်း မန်ယူ အသင်းထံသို့ ခေါ်ယူလိုလျက်ရှိသည်။
လက်ရှိအချိန်တွင် သောမတ်စ်မူလာနှင့် တစ်သင်းတည်း ကစားဖော်ဖြစ်သော
ရှဝိန်းစတိုင်ဂါကိုလည်း ခေါ်ယူထားနိုင်ပြီ ဖြစ်သည်။
နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ ချယ်လ်ဆီး အသင်းကလည်း
ပက်ဒရိုကို ခေါ်ယူရန် စိတ်ဝင်စားလျက် ရှိပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းနှင့်
ကမ်းလှမ်းရန် စီစဉ်လျက်ရှိသည်။
ထို့ကြောင့် မန်ယူအသင်းသည် ပရီမီယာ လိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းနှင့်
ပက်ဒရိုကို ခေါ်ယူနိုင် ရေးအတွက် အဓိကထားပြိုင်ဆိုင်ရဖွယ် ရှိနေသည်။ မန်ယူအသင်းသည်
ယခုအပြောင်းအရွှေ့ဈေးကွက်တွင် ဒီပေး၊ ဒါမီယန်၊ ရှဝိန်းစတိုင်ဂါနှင့် ရှနိုက်ဒါလင်တို့
လေးဦးကို ခေါ်ယူထားပြီးဖြစ်သည်။














