ဘာစီလိုနာ ဥက္ကဋ္ဌရွေးကောက်ပွဲက ပြီးသွား ပါပြီ။ ဥက္ကဋ္ဌအဖြစ် ဘာတိုမြူက
ဘာစီလိုနာ အသင်းကို ခြောက်နှစ်ကြာ ကိုင်တွယ် ထိန်းသိမ်းခွင့်ရသွားခဲ့တယ်။
ဘာစီလိုနာဥက္ကဋ္ဌရွေးပွဲကို မဲပေးနိုင်သူ တစ်သိန်းခွဲကျော်လောက် ရှိခဲ့တဲ့အနက်
မဲပေးသူက ၄၇,၂၇၀ ပဲရှိခဲ့ပြီး ၄၃ ဒသမ ၁၂ ရာခိုင်နှုန်းလောက်က မဲပေးခြင်းမရှိခဲ့ကြဘူး။
ဒီအရေအတွက်မှာ ဘာတိုမြူက ထောက်ခံမဲ ၂၅,၈၂၃ မဲ(၅၄ ဒသမ ၆၃ ရာခိုင်နှုန်း) ရရှိခဲ့ပြီး
အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ လာပေါ်တာကတော့ ထောက်ခံမဲ ၁၅,၆၁၅ မဲ (၃၃ ဒသမ ၀၃
ရာခိုင်နှုန်း)သာ ရခဲ့လို့ ဥက္ကဋ္ဌသစ်နေရာကို အရယူနိုင်ခဲ့တာပါ။ ဒီတော့ ဘာတိုမြူလက်ထဲကို
ဘာစီလိုနာ ကို ပြန်အပ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်။
ဘာတိုမြူဟာ အရင်ဥက္ကဋ္ဌဟောင်းရိုဆဲလ်ရဲ့ နေမာ အပြောင်းအရွှေ့အရှုပ်အထွေးသတင်း
တွေနဲ့အတူ ရာထူးက နုတ်ထွက်သွားပြီးတဲ့ နောက်မှာ အသင်းကို ယာယီဥက္ကဋ္ဌအဖြစ်
၀င်ပြီး တာဝန်ယူပေးခဲ့ရတဲ့သူပါ။ ၂၀၁၄ ဇန်နဝါရီမှာ ဘာစီလိုနာရဲ့ ယာယီဥက္ကဋ္ဌ ဖြစ်လာတဲ့
ဘာတိုမြူဟာ ရိုဆဲလ်ရဲ့အရှုပ်တော်ပုံတွေကို တစ်ဖက်မှာ ဖြေရှင်းခဲ့ရတဲ့အပြင် အခြား
တစ်ဖက်မှာလည်း လူငယ် ကစားသမား ခေါ်ယူမှုတွေနဲ့ ဖီဖာရဲ့ ပြစ်ဒဏ်ချမှုခံရတဲ့ အထိ
ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ကြားထဲမှာ အသင်းကို ထိန်းသိမ်းခဲ့ရသူ ဖြစ်လို့
ဥက္ကဋ္ဌရွေးပွဲမတိုင်မီကတော့ သူ့ကိုအရှုပ်အထွေးတွေနဲ့ ပါ၀င်ပတ်သက်သူအဖြစ်
မြင်ခဲ့ ကြတယ်။
ဒီအချက်ကိုပဲ ပြိုင်ဘက် ဥက္ကဋ္ဌလောင်းတွေက ဘာတိုမြူရဲ့ အားနည်းချက်တစ်ခုအဖြစ်
ထိုးနှက် တိုက်ခိုက် ခဲ့ကြတယ်။ ဥက္ကဋ္ဌ ရွေးပွဲ မတိုင်မီ ဘာတို မြူရဲ့ ရေပန်းစားမှုကလည်း
လာပေါ်တာရဲ့ နောက် ဒုတိယနေရာ မှာသာ ရှိခဲ့ပေမယ့် တကယ်တမ်း မဲပေးမှု ရလဒ်တွေ
ထွက်လာတဲ့အခါမှာတော့ ရေပန်းစားသူ လာပေါ်တာဟာ ဘာတိုမြူကိုမယှဉ် နိုင်ခဲ့ဘဲ
ဘာတိုမြူကပဲ ဥက္ကဋ္ဌရာထူးကို ဆက်ခံ သွားနိုင်ခဲ့တယ်။ ဘာစီလိုနာရဲ့ ဥက္ကဋ္ဌသစ်အဖြစ်
ဘာတိုမြူ ရွေးချယ်ခံရခြင်းနောက်မှာ ဘာတွေမြင်တွေ့ နိုင်ခဲ့ရပါသလဲ။ မဲပေးခွင့်ရှိသူ
တစ်သိန်းခွဲကျော်အနက် ရာခိုင်နှုန်း ၆၀ ကျော်ကသာ မဲပေးခဲ့ကြတာဖြစ်ပေမယ့် ဒီမဲပေးသူ
အများစု ကတော့ တခြားအကြောင်းအရာတွေအကုန် လုံးကို မေ့ထားပြီး အသင်းကောင်းဖို့ဆိုတဲ့
အချက်တစ်ချက်တည်းကိုသာ အဓိကထားပြီး မဲပေးခဲ့ကြတယ်ဆိုတာ မြင်သာသွားခဲ့တယ်။
ဥက္ကဋ္ဌရွေးပွဲမစမီ ဥက္ကဋ္ဌလောင်းတွေ အပြိုင်အဆိုင်မဲဆွယ်ကြရာမှာ နည်းလမ်း မျိုးစုံကို
အသုံးချခဲ့ကြတယ်။
ရေပန်းစားမှုမှာ ထိပ်ဆုံးနေရာကို ရောက်ခဲ့တဲ့ လာပေါ်တာ ဆိုရင် နိုင်ငံရေး၊ လူမျိုးရေးတွေနဲ့
မဲဆွယ်ခဲ့တဲ့အပြင် တစ်ဖက်မှာလည်း အသင်းအတွက် မက်လုံးပေးမဲဆွယ်မှုတွေကို
ပြုလုပ်နိုင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ သူဟာ ဘာတိုမြူကို မယှဉ်နိုင်ခဲ့ပါဘူး။
ဘာစီလိုနာရဲ့ မဲပေးနိုင်ခွင့်ရှိတဲ့ သူအများစုရဲ့ အတွေးအမြင်တွေထဲ မှာ အသင်းကောင်းမွန်ရေး
ဆိုတဲ့ စိတ်ပဲ ရှိခဲ့ကြပုံရပါတယ်။ ဒီအချက် ကို ဘာတိုမြူကလည်း သူဥက္ကဋ္ဌ ရွေးချယ်ပွဲအတွက်
ယာယီ ဥက္ကဋ္ဌရာထူးက နုတ်မ ထွက်မီအချိန်တွေမှာ အကောင်းဆုံး အသုံးချ သွားနိုင်ခဲ့တယ်။
အောင်မြင်နေတဲ့ အသင်းတစ်သင်းကို မဖျက်ဆီးပစ်နဲ့ ဆိုတဲ့ စကားအတိုင်း ဘာတိုမြူဟာ
သူ့လက်ထဲမှာ ဖလားသုံးလုံး ရယူပြီး အောင်မြင်မှုရခဲ့တဲ့ ဘာစီလိုနာကို အစည်းပြေမထွက်
သွားအောင် ကြိုးစား လုပ်ဆောင်ပြနိုင်ခဲ့တယ်။
ဘာစီလိုနာ ဖလား သုံးလုံးရတဲ့အချိန်အထိ သူ့ရဲ့အနာဂတ် မသေချာပါဘူးလို့ ပြောနေတဲ့
အသင်းရဲ့ အဓိက ပဲ့ကိုင်ရှင်နည်းပြအင်းနရစ်ကို အသင်းမှာ ဆက်ရှိအောင်ဆွဲဆောင်နိုင်ခဲ့ပြီး
စာချုပ်သစ် အမြန်ဆုံးချုပ်ဆို နိုင်ခဲ့သလို အသင်းမှထွက် ပါတော့မယ်လို့ တဖွဖွပြောနေတဲ့နောက်
ခံလူ အဲလ်ဗက်စ်ကိုလည်း ဆုံးဖြတ်ချက်ပြောင်းပြီး အသင်းနဲ့ စာချုပ်သက်တမ်းထပ်တိုးဖို့
ချက်ချင်းလုပ်ဆောင်ပြနိုင်တာတွေက ဘာတို မြူရဲ့ အရည်အချင်းတွေကို မြင်သာနိုင်ခဲ့တယ်။
ဒါ့ပြင် အသင်းက ထွက်ဖို့ရှိနေတဲ့ အဲလ်ဗက်စ်နေရာအတွက် အစားထိုးနိုင်မယ့် ဆီဗီလာက
ဗီဒယ်လ်ကိုလည်း စောစောစီးစီး ခေါ်ယူစာချုပ် ချုပ်ပြခဲ့တာ၊ အသင်းကထွက်နိုင် ခြေရှိနေတဲ့
ပက်ဒရိုနေရာအတွက် ရန်ထား နိုင်ဖို့လည်း အလက်တီကိုက အာဒါတူရန်ကိုလည်း
ခြေမြန်လက်မြန်ပဲ ခေါ်ထားနိုင်ခဲ့ တာတွေက ဘာတိုမြူရဲ့အကွက်မြင်မှုတွေလို့ ပြောနိုင်တယ်။

လတ်တလောအနေအထားအရ အသင်းက ဇာဗီထွက်ခွာသွားတာလောက် ပဲ ရှိနေသေးပြီး
ကျန်တဲ့ကစားသမားအများစု ကို ထိန်းသိမ်းထားနိုင်သေးတဲ့အပြင် အသင်း ကိုလည်း
ငွေကြေးအကျိုးအမြတ် ယူရို ၆၀၈ သန်းလောက် အမြတ်ထွက်အောင် ဖန်တီးပြထားနိုင်မှုတွေက
ပရိသတ်တွေအတွက် ဘာတိုမြူကို မျက်စိပိုကျ စရာဖြစ်သွားစေခဲ့ပါတယ်။ လာပေါ်တာကတော့
နိုင်ငံရေး၊ လူမျိုးရေးတွေနဲ့နွှယ်ပြီး မဲပေးနိုင်တဲ့ သူတွေကို ဆွဲဆောင်သိမ်းသွင်းခဲ့တယ်။
အထူးသဖြင့် အရှေ့အလယ် ပိုင်းဒေသနဲ့ နီးစပ်မှုတွေပိုရှိလာတဲ့ အပေါ် ဝေဖန်ထောက်ပြပြီး
လူမျိုးရေးနဲ့ အကြောင်းပြကာ သူ့အတွက် နေရာတစ်နေရာ သေချာအောင် ကြိုးစားခဲ့တယ်။
ဒါပေမဲ့ တစ်ဖက်မှာ ပြန်ကြည့်ရင်တော့ သူကိုယ်တိုင် လည်း အသင်းတွင်းမှာ ငွေကြေးအရှုပ်
အထွေး ကိစ္စတွေပေါ်လာခဲ့ပြီးနောက် အသင်းရဲ့ ဥက္ကဋ္ဌရာထူးက နုတ်ထွက်ခဲ့သူဖြစ်လို့ သူ့ကို
မယုံကြတော့တဲ့ ပရိသတ်တွေလည်း ရှိနေကြ သေးတယ်ဆိုတာ ဥက္ကဋ္ဌရွေးကောက်ပွဲရလဒ်က
ဖော်ပြသလိုဖြစ်သွားခဲ့တယ်။ ဒီဥက္ကဋ္ဌရွေးပွဲမှာ ဘာစီလိုနာ ပရိသတ်တွေရဲ့ အမှန်တရားတစ်ခု
အပေါ်ရှာဖွေနိုင်မှု အတွက် ချီးကျူးစရာကောင်းတာတော့ အမှန် ပဲ။ ဘာစီလိုနာဟာ
လက်ရှိအချိန်မှာ ငွေကြေး ပြဿနာရော၊ လူမှုရေးပြဿနာတွေပါ ရှုပ်ထွေးနေတဲ့ အချိန်မျိုးဖြစ်တယ်။
ဒီလို အရှုပ်အထွေးတွေကြားထဲမှာပဲ အသင်းကိုတည်ငြိမ်အောင် ဦးဆောင်ပြနိုင်ခဲ့တာက
ဘာတိုမြူအပေါ် ပရိသတ်တွေပိုပြီး လက်ခံနိုင်သွားလောက်တဲ့ အချက်တစ်ခုဖြစ်ခဲ့သလို
အသင်းမှာရှိတဲ့ အရှုပ်အထွေးတွေကိုလည်း ဒီအရှုပ်အထွေးရဲ့ အနီးဆုံးနေရာမှာ ရှိနေခဲ့တဲ့
ဘာတိုမြူကပဲ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပြီး သူ့ကိုပဲ ဆက်ပြီး တာဝန်ပေးလိုက်
ကြတဲ့သဘောမျိုးလည်းပါနေတယ်။
တကယ်လို့ လာပေါ်တာကိုများ ၀ုိင်းပြီး မဲပေးခဲ့ကြရင် ဘယ်လိုဖြစ်သွားနိုင်သလဲ။
လာပေါ်တာဟာ အသင်းဆီကို အသစ်ပြန် ရောက်လာတာနဲ့အမျှ သူ့လက်ထဲမှာ အသင်းကို
အပြောင်းအလဲတွေလုပ်ပစ်ဖို့ ကြိုးစား တော့မှာသေချာတယ်။ သူ့ရဲ့ မဲဆွယ်မှုမှာပဲ သူသာ
ဥက္ကဋ္ဌဖြစ်ခဲ့ရင် ဂျူဗင်တပ်က ပေါ့ဂ်ဘာ လိုကစားသမားမျိုးကို အရခေါ်ပေးမယ်ဆိုတဲ့ အပြောမျိုးနဲ့
ထပ်တူဖြစ်အောင် သူလုပ်ပြရ တော့မယ်။ ဒီလိုလုပ်ခဲ့ရင် အောင်မြင်မှုတွေ ရထားတဲ့
အသင်းတစ်သင်းဟာလည်း အပြောင်းအလဲတွေဖြစ်ကုန်ဖို့ ရှိနေတယ်။ နောက်ပြီး နဂိုကတည်း
ကမှ ငွေကြေးအရှုပ် အထွေးတွေကို မဖြေရှင်းနိုင်ခဲ့လို့ ဘေးထွက်ရှောင်ခဲ့တဲ့ သူ့အနေနဲ့
ဘာစီလိုနာအသင်း လက်ရှိကြံုတွေ့နေရတဲ့ အရှုပ်အထွေးတွေကိုလည်း ခေါင်းခံပြီး
ဖြေရှင်းပေးနိုင်မယ့် အနေအထားမျိုးမရှိနိုင်ပါဘူး။ ဒါဆိုရင် အောင်မြင်မှုတွေနဲ့ အရှိန်မှန်မှန်
သွားနေတဲ့ ဘာစီလိုနာဟာ လာပေါ်တာရဲ့လက်ထဲမှာ အလှည့်အပြောင်းတွေနဲ့ အကွေ့
အကောက်တစ်ခုကို ကြံုတွေ့ရတာမျိုးဖြစ်သွားနိုင်တယ်။ ဒါကို ဘာစီလိုနာရဲ့အမာခံ ပရိသတ်
တချို့ က တွေ့မြင်ခဲ့ကြပုံပဲ။
ဒါကြောင့် အောင်မြင် နေတဲ့ အသင်းတစ်သင်းကို မပျက်စီးစေဘဲ ပုံမှန်ဆက်သွားနိုင်ဖို့
ရွေးချယ်မလား၊ အသင်း ကို အပြောင်းအလဲတွေနဲ့အတူ အစကနေ ပြန်သွားကြမလား
ဆိုတဲ့ ရွေးချယ်မှုနှစ်ခုနောက်မှာ ဘာစီလိုနာပရိသတ်တွေဟာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကို
၀ုိင်းပြီး ရွေးချယ်ပေးလိုက်တာပဲဖြစ်တယ်။ ဒီတော့ ဘာစီလိုနာရဲ့ နောက်ထပ် ခြောက်
နှစ်ကြာအနာဂတ်တစ်ခုဟာ ဘာတိုမြူ လက်ထဲပြန်ရောက်လာခဲ့ပါပြီ။ ပရိသတ်တွေရဲ့
သူ့အပေါ် ယုံကြည်မှုတစ်ခုကို ပျက်စီးမသွား အောင်လည်း သူလုပ်ပြရပါတော့မယ်။















