လာမည့် ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၉ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင်
ကျင်းပပြုလုပ်မည့် ၂၀၁၅ AFF U-16 Championship ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်
ယူ-၁၆ အသင်းက ၀င်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(ခ)တွင် အိမ်ရှင်ကမ္ဘောဒီးယား၊
စင်ကာပူ၊ ဖိလစ်ပိုင်၊ ဩစတြီးယား အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး
အုပ်စု(က)တွင် လက်ရှိချန်ပီယံမလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အရှေ့တီမော၊ ဘရူးနိုင်းနှင့်
လာအို နိုင်ငံတို့ပါ၀င်ကြသည်။
မြန်မာအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် စင်ကာပူအသင်းနှင့်
လည်းကောင်း၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း၊ ဩဂုတ်လ
၃ ရက်နေ့တွင် ဩစတြီးယားအသင်း နှင့်လည်းကောင်း၊ ဩဂုတ်လ ၅ ရက်နေ့တွင်
အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့် လည်း ကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ်လ ရ ရက် နေ့တွင်လည်းကောင်း၊ ဖိုင်နယ်ပွဲစဉ်နှင့်
တတိယနေရာလုပွဲတို့ကို ဩဂုတ် ၉ ရက်နေ့ တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်
ဖြစ်သည်။ အဆိုပါ AFF U-16 Championship ပြိုင်ပွဲကို ၂၀၀၂ ခုနှစ်ကစတင်၍ ကျင်းပ
ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၁၀ ကြိမ်မြောက် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
မြန်မာအသင်းသည် ၂၀၀၂၊ ၂၀၀၅ ခုနှစ်များ တွင် ချန်ပီယံဖြစ်ခဲ့ပြီး ပြိုင်ပွဲ၏ အအောင်မြင်
ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် AFF U-16 Championship ပြိုင်ပွဲကိုနေပြည်တော်တွင်
အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အိမ်ရှင်မြန်မာအသင်း သည် အုပ်စုအတွင်း နှစ်ပွဲရှုံး၊
နှစ်ပွဲနိုင် ရလဒ် ရရှိကာ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ ရသည်။ လက်ရှိမြန်မာ့လက်ရွေးစင်
ယူ-၁၆ အသင်းကို ပြီးခဲ့သည့် ယူ-၁၅ နီပွန် ဖောင်ဒေး ရှင်းပြိုင်ပွဲမှ ကစားသမားများနှင့်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီ၊ တိုင်းနှင့် ပြည်နယ်တို့မှ အသက် ၁၅ နှစ်အောက်
လူငယ်ကစားသမားများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
နည်းပြချုပ်အဖြစ် ရန်ကုန်ယူနိုက် တက်အသင်း၏ နည်းပြဟောင်းတစ်ဦးဖြစ်သူ
အဲရစ်ဝီလျံက တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်သည်။ အဲရစ်ဝီလျံသည် ရန်ကုန်ယူနိုက်တက်
အသင်းက ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များ တွင် ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင်
ရန်ကုန်ယူနိုက်တက်အသင်းအတွက် ပထမ ဦးဆုံး မြန်မာနေရှင်နယ်လိဂ်ဖလားနှင့်
2011 MFF Max Cement Cup တို့ကို ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံဘောလုံး
အဖွဲ့ချုပ်သည် အဲရစ်ဝီလျံကို တစ်နှစ်စာချုပ် ဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
"မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ကျွန်တော့်ကို ဆက်သွယ်လာ
ပါတယ်။ ဒီအသင်းကို ကိုင်တွယ်ဖို့ပေါ့။ ပြီးခဲ့တဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲနဲ့ ယူ-၂၀
ကမ္ဘာ့ဖလားပြိုင်ပွဲ၊ စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့ ယူ-၂၃ အသင်းတွေရဲ့ ခြေစွမ်းတွေကို
ကြည့်ခဲ့ ရတယ်။ အရမ်းအားရကျေနပ်ဖို့ ကောင်းခဲ့ပါတယ်။ဒီအချက်တွေက ကျွန်တော့်ကို
မြန်မာ လူငယ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ ဆွဲဆောင်နိုင်ခဲ့တယ်။ ဒါကြောင့်
ဒီအသင်းကို ကိုင်တွယ်ခဲ့တာပါ။ မတူညီတဲ့ပုံစံတစ်ခုနဲ့ အကောင်းဆုံးတွေကို ဒီအသင်းနဲ့
လုပ်ဆောင် နိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု အဲရစ်ဝီလျံ က ပြောသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို AFF U-16 ပြိုင်ပွဲ၊ ၂၀၁၆ခုနှစ်တွင် ကျင်းပ
ပြုလုပ်မည့်AFC U-16 ခြေစစ်ပွဲစဉ်များနှင့် ၂၀၁၇ ခုနှစ်အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်
မည့် ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲများ အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။















