အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲအတွက် အမျိုးသမီးအသင်း ပြင်ဆင်လျက်ရှိ

အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲအတွက် အမျိုးသမီးအသင်း ပြင်ဆင်လျက်ရှိ

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ အိုလံပစ်အားကစားပွဲတော် အမျိုးသမီး
ဘောလုံးပြိုင်ပွဲ၏ ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
သည် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။

အဆိုပါ ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များကိုမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ
သွားမည်ဖြစ်ပြီး မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းကြီးတွင် စက်တင်ဘာလ ၁၄ ရက်နေ့မှ
၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဒုတိယအဆင့် ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျော်ဒန်နှင့် တရုတ် (တိုင်ပေ)
အသင်းများ ပါ၀င်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အုပ်စုပထမအသင်းတစ်သင်းတည်း နောက်ဆုံးအဆင့်
ခြေစစ်ပွဲကို တက်ရောက် နိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်
အကြိုပြင်ဆင်မှုဖြစ် တရုတ်နိုင်ငံ တွင် ခြေစမ်းပွဲများ သွားရောက်ကစားမည် ဖြစ်သည်။
၂၀၁၆ အိုလံပစ်အတွက် ပထမအဆင့် ခြေစစ်ပွဲစဉ်များကိုလည်း မန္တလေးမြို့၊ မန္တလာ
သီရိကွင်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အိမ်ရှင်
မြန်မာအမျိုးသမီးအသင်းက ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

အာရှအဆင့်(၁)မှ(၅)အသင်းများနှင့်ဒုတိယအဆင့် ခြေစစ်ပွဲအောင်အသင်းတစ်သင်းစုစုပေါင်း
ခြောက်သင်းတို့သည် နောက်ဆုံးအဆင့် ခြေစစ်ပွဲစဉ်များကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ
အတွင်းတွင် ဂျပန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အာရှဇုန်က အသင်းနှစ်သင်း
ခြေစစ်ပွဲအောင်မြင်မည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ နည်းစနစ်ဒါရိုက်တာ
ဦးအေးမောင်ကြီးက "ပြိုင်ပွဲက တစ်သင်းတည်း တက်ရမှာဆိုတော့ ခက်ခဲပါတယ်။
အိမ်ရှင်ဖြစ်တဲ့ အတွက် အားသာချက်တော့ ရှိတယ်။ ထိုင်းနဲ့ ဗီယက်နမ်တို့လည်း
ပါတယ်ဆိုတော့ ခက်ခဲ နိုင်တယ်။ ဘာပဲဖြစ်ဖြစ် နောက်တစ်ဆင့် အတွက်
အကောင်းဆုံးကြိုးစားသွားမှာပါ"ဟု ဦးအေးမောင်ကြီးက ဆက်လက်ပြောသည်။



ဖတ်ရှုမှုအများဆုံး