မီလန်မြို့ခံနှစ်သင်းရဲ့ တိုက်စစ်ပိုင်းအပြောင်းအလဲများ

မီလန်မြို့ခံနှစ်သင်းရဲ့ တိုက်စစ်ပိုင်းအပြောင်းအလဲများ

၂၀၁၅-၁၆ ရာသီ စီးရီးအေပြိုင်ပွဲအတွက် မီလန်မြို့အခြေစိုက် ထိပ်သီးနှစ်သင်းဖြစ်သော
အင်တာမီလန်နှင့် အေစီမီလန်တို့၏ ပြင်ဆင်လှုပ်ရှားသံများ ကြားလာရပြီ။

ရာသီကြို ခြေစမ်းပွဲများဖြင့် အသင်းအခြေအနေကို ပြန်လည်သုံးသပ်နေကြပြီဖြစ်သည်။
တစ်ဖက်ကလည်း အသင်းနှင့် အံဝင်ခွင်ကျ မရှိသူများကို ရှင်းထုတ်ပြီး လူသစ်များ ပြန်လည်ခေါ်ယူ
အားဖြည့်ခဲ့ခြင်းကြောင့် အသက်ဝင်လာခြင်းနှင့်အတူ ပရိသတ်များ၏ အားပေးမှုများကို တိုးမြင့်
ရရှိလာသည်။ လာမည့် ရာသီတွင် မီလန်အခြေစိုက် ထိပ်သီးနှစ်သင်းကို ဗိုလ်စွဲနိုင်မည့်အသင်းများ
အဖြစ် တစ်ကြိုပေးမှု နည်းပါးသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ခြိမ်းခြောက်နိုင်သော အသင်း
များအဖြစ် ထင်ကြေးပေးလာကြသည်။

ပြီးခဲ့သောရာသီ သုံးချိုးတစ်ချိုးမှ အင်တာမီလန် နည်းပြမန်စီနီသည် ယခုရာသီတွင် တင်းပြည့်
ကျပ်ပြည့် ကိုင်တွယ်မည်ဖြစ်သောကြောင့် ၎င်းပုံဖော်မည့် အင်တာမီလန်ကို စိတ်ဝင်စားနေကြ
သည်။ အလားတူပင် ဆမ်ဒိုး ရီးယားတွင် အောင်မြင်ခဲ့သော နည်းပြမီဟိုင်း လိုဗစ် ကိုင်တွယ်မည့်
အေစီမီလန်ကိုလည်း ထိပ်တန်းအဆင့်သို့ 'ဆွဲတင်'နိုင်ပါ့မလားဟူသော အမြင်ဖြင့်
စောင့်ကြည့်နေကြပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် နည်းပြမန်စီနီ တည် ဆောက်နေသော
အင်တာမီလန်သည် တဖြည်းဖြည်း ပုံပေါ်လာပြီ ဖြစ်သည်။

ယမန် နှစ်က နည်းပြအပြောင်းအလဲနှင့်အတူ ၄၈ ဂိုး သွင်းခံရသော အင်တာမီလန်ခံစစ်ကြောင်းကို
ယခုရာသီတွင် နည်းပြမန်စီနီက အများဆုံး အာရုံစိုက်ပြီး အပြောင်းအလဲများ ပြုလုပ်ထား သည်။
ယမန်နှစ်က သုံးယောက်ခံစစ်ပုံစံက လေးယောက်ခံစစ်ပုံစံသို့ အကူးအပြောင်းတွင် အင်တာမီလန်
ခံစစ်ကြောင်းသည် တည်ငြိမ်မှု နည်းပါးပြီး လူအပြောင်းအလဲ များလွန်းသည်။ အထူးသဖြင့်
ဗဟိုခံစစ်တွင် အသင်းခေါင်းဆောင် ရာနော့ချီယာနှင့် ၀ါရင့်ခံစစ်မှူး ဗီဒစ်တို့ ရှိသော်လည်း
အင်တာမီလန် ခံစစ်ကြောင်း 'ပွင့်'ထွက်ခဲ့သည်။ အဓိက 'ပျော့ ကွက်'မှာ တောင်ပံခံစစ်ဖြစ်သည်။
တောင်ပံ များတွင် ဒေးဗစ်ဆန်တန်၊ ဒီအမ်ဘရိုစီယို၊ ဒိုဒို၊ ဂျိုနသန်၊ နာဂါမိုတိုနှင့် ကမ်ပါနာရိုတို့ကို
လှည့်သုံးခဲ့ပေမယ့် ခံစစ်မလုံခြံုဘဲ ထိုးဖောက် ခံရသည်။ နည်းပြမန်စီနီသည် အင်တာမီလန် ခံစစ်
ကြောင်းတွင် အပြောင်းအလဲများ ပြုလုပ် သည်။ ယမန်နှစ်က ခြေစွမ်းမပြနိုင်ခဲ့သော ကမ်ပါနာရို၊
ဂျိုနသန်၊ ဖိလစ်တို့ကို အသင်း ပြောင်းရွှေ့ခွင့်ပြုလိုက်ပြီး စပိန်လိဂ်တွင် ကစားနေသူ ခံစစ်သမား
များကို ခေါ်ယူ အားဖြည့်သည်။ ကိုလံဘီယာနောက်ခံလူ မူရီ လို (ဂရန်နာဒါ၊ ၂၃ နှစ်)၊ ဘရာဇီးလ်
နောက်ခံလူ မီရန်ဒါ (အလက်တီကို၊ ၃၀ နှစ်)၊ စပိန် နောက်ခံလူ မွန်တိုယာ (ဘာစီလိုနာ၊ ၂၄ နှစ်)
တို့ကို ပြန်လည်ခေါ်ယူထားသည်။

ကွင်းလယ်တွင် အဓိကခေါ်ယူမှု အနေဖြင့် မိုနာကိုတွင် ခြေစွမ်းပြနေသော ပြင်သစ်လက်ရွေးစင်
ကွန်ဒိုဘီယာ (၂၂ နှစ်)ကို ခေါ်ယူ ထားသည်။ ယမန်နှစ်က ချီယေဗိုကို အငှားချ ထားသော
ရှလော့တို၊ ဆက်စူလိုကို အငှားချ ထားသော တိုင်ဒါတို့ကို ပြန်လည်ခေါ်ယူ လိုက်သည်။ နည်းပြ
မန်စီနီသည် ကွင်းလယ်ကို ထပ်မံအားဖြည့်ရန် ၀ုဖ်ဘတ်က ခရိုအေးရှား ကွင်းလယ်စတား ပါရီဆစ်
(၂၆ နှစ်)၊ ဇင်းနစ်က အီတလီလက်ရွေးစင် ခရစ်စီတိုနှင့် ဂါလာတာစာရေးမှ ဘရာဇီးလ်ကွင်းလယ်လူ
ဖိလစ် မယ်လိုတို့ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည်။ တစ်ဖက်ကလည်း ပါရီဆစ်သာ ရောက်ခဲ့ပါက
ဆွစ်ဇာလန် ကွင်းလယ်တိုက်စစ်သမား ရှာကွီရီကို ရောင်းထုတ်ဖွယ်ရှိသည်။ ပါရီဆစ်သည်
တောင်ပံတိုက်စစ်တွင် ကစားပုံ ကောင်း မွန်ပြီး အမြင့်ဘောများ ကျွမ်းကျင်နိုင်နင်းသည်။

မာကျောပြီး 'တိုး'နိုင်သကဲ့သို့ ကန့်လန့် ဖြတ် ကန်တင်ပေးပို့မှု ထိရောက်သောကြောင့် ၎င်းသာ
ရောက်ရှိလာပါက အင်တာမီလန်၏ တောင်ပံတိုက်စစ် အားကောင်းလာနိုင်သည်။
အင်တာမီလန်ရှေ့တန်းတွင် မန်စီးတီး တိုက်စစ်မှူး ဂျိုဗီတစ် (၂၅ နှစ်)၊ ပါးမားတိုက်စစ်မှူး ဘီယာ
ဘီယန်နီ (၂၇ နှစ်)တို့ကို ခေါ်ယူ ထားသည်။ တစ်ဖန် ယမန်နှစ်က အတွဲမိပြီး အားထားရသော
အာဂျင်တီးနားတိုက်စစ်မှူး များဖြစ်သည့် အိုင်ကာဒီ (၂၂ နှစ်)၊ ပလာစီယို (၃၃ နှစ်)တို့
ရှိနေသောကြောင့် အင်တာမီလန်တိုက်စစ်သည် ထက်မြက်လာဖွယ်ရှိသည်။ အထူးသဖြင့်
အင်တာမီလန်ကွင်းလယ်တွင် တိုက်စစ်ပုံဖော်ပေးနိုင်သည့် ကိုဗာဆစ် (၂၁ နှစ်)၊ ဘရာဇီးလ်
လက်ရွေးစင် ဟာနန်နက်စ် (၃၀ နှစ်)တို့အပြင် ကိုလံဘီယာလက်ရွေးစင် ဂူအာရင် (၂၉ နှစ်)၊
အာဂျင်တီး နားလက်ရွေးစင် အဲလ်ဗာရက်ဇ် (၂၇ နှစ်)တို့ ရှိနေသောကြောင့် အင်အားတောင့်
တင်းပြီး အချိတ်အဆက်မိ ပါက ကစားကွက် ပုံဖော်ခြင်း၊ ဘောလုံး ပိုင်ဆိုင်မှုကို ထိန်းထားခြင်း၊
ဂိုးသွင်းခွင့်များ ဖန်တီးပေးခြင်းများကို စနစ်တကျ ပ့ံပိုးပေး နိုင်စွမ်းရှိသည်။

ခြံုကြည့်လျှင် လာမည့်ရာသီတွင် အင်တာမီလန်တိုက်စစ်သည် ကြောက်ခမန်းလိလိ အစွမ်း
ထက်မြက်လာဖွယ်ရှိသည်။ တစ်ဖက်တွင် အေစီမီလန်သည်လည်း ရာသီသစ်အတွက် ပြင်ဆင်
ထားပြီ ဖြစ်သည်။ ပြီးခဲ့သောရာသီက နာမည်ကျော် တိုက်စစ်မှူး အင်ဇာဂီကို နည်းပြခန့်ကာ
စွန့်စားမှုရှိခဲ့သော် လည်း မအောင်မြင်သောကြောင့် မီဟိုင်းလိုဗစ် ဖြင့် အစားထိုးလိုက်သည်။
မီဟိုင်းလိုဗစ်သည် ဆမ်ဒိုးရီးယားကို ကိုင်တွယ်ရာ ၌ အောင် မြင်ခဲ့ သောကြောင့် ၎င်းရောက်
လာချိန်တွင် အေစီမီလန် ပရိသတ်များ၏ မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာသည်။
မီဟိုင်းလိုဗစ်သည် ဆမ်ဒိုးရီးယားကို ကိုင်တွယ်စဉ်က 'မာကျော'ပြီး အကြိတ်အနယ် ရှိသော
အသင်းအဖြစ် တည်ဆောက်နိုင်ခဲ့ သောကြောင့် အေစီမီလန်ကဲ့သို့ အစဉ်အလာ ကြီးမားသော
အသင်းမျိုးကို ကိုင်တွယ်သည့် အခါ ထင်ကြေးပေးခံရသည်မှာ မထူးဆန်းပေ။ ၎င်းကိုယ်တိုင်က
ပြိုင်ဘက်တိုင်း ကြောက်ရွံ့ ရသော တစ်ချိန်က အေစီမီလန်ကဲ့သို့ အသင်း မျိုး ပြန်ဖြစ်အောင်
တည်ဆောက်မည်ဟု ကြံုးဝါးထားသည်။ ရာသီမစမီ ကစားသမား သစ်များ ခေါ်ယူရာ၌ အေစီမီလန်
သည် ယူရိုသန်း ၆၀ နီးပါး သုံးစွဲထားပြီး ဖြစ်သည်။

ကျွမ်းကျင်သူများက အေစီမီလန်သည် အသင်းတစ်ခုလုံးနီးပါးကို ပြုပြင်ပြောင်းလဲ ထားသောကြောင့်
နည်းပြမီဟိုင်းလိုဗစ်အတွက် အထိုင်ကျရန် အချိန်သိပ်မကျန် တော့ကြောင်း ထောက်ပြခဲ့သည်။
မီဟိုင်းလိုဗစ်သည် အေစီမီလန်ရှေ့တန်း တွင် 'မြေလှန်'စနစ်ဖြင့် အားလုံးနီးပါး အပြောင်း
အလဲလုပ်ထားသည်။ အီတလီလက်ရွေးစင် တိုက်စစ်မှူးများဖြစ်ကြသော အဲလ်ရှော်ရေး၊
ဒက်စထရိုနှင့် ပါဇီနီတို့ကို ရှင်းထုတ်လိုက် သည်။ လူဟောင်းထဲတွင် ဂျပန်တိုက်စစ်မှူး ဟွန်ဒါတစ်ယောက်ကိုသာ အေစီမီလန်ရှေ့တန်းတွင် ပြန်လည် မြင်တွေ့ရသည်။ တစ်ဖက်တွင်
ဆီဗီလာက ကိုလံဘီယာတိုက်စစ်မှူး ကားလို့စ်ဘက်ကာ (၂၈ နှစ်)ကို ယူရိုသန်း ၃၀ ဖြင့်
ခေါ်ယူလိုက်သည်။

တစ်ဖန် ရှက်တာဒိုးနက်မှ ဘရာဇီးလ်တိုက်စစ်မှူး အက်ဒရီယာနို (၂၈ နှစ်)၊ ဂျူဗင်တပ်မှ အီတလီ
တိုက်စစ်မှူး မာထရီ (၃၀ နှစ်)၊ ဂျီနိုအာသို့ အငှားချထားသော ပြင်သစ်တိုက်စစ်မှူးလေး နီအန်း
(၂၀ နှစ်) တို့ကို ခေါ်ယူအားဖြည့် ထားသည်။ အီတလီသတင်းများတွင် ဖော်ပြချက်အရ
တစ်ချိန်က အေစီမီလန်တွင် ခြေစွမ်းပြခဲ့သော ဆွီဒင် တိုက်စစ်မှူး ဇလေတန် (၃၃နှစ်)ကို
ပြန်လည်ခေါ်ယူရန် သဘောတူညီထားသည်။ အေစီမီလန်တိုက်စစ်တွင် ကစားသမား
အဝင်အထွက် အနည်းဆုံး ခုနစ်ယောက်ရှိသောကြောင့် စီးရီးအေ၌ တိုက်စစ်အပြောင်း
အလဲ အများဆုံးအသင်းဖြစ်ပြီး မှန်းဆရခက်သည်။

သို့ရာတွင် အချိန်တိုအတွင်း အထိုင် ကျပြီး နားလည်ချိတ်ဆက်မှု ကောင်းမွန်ပါက ပြိုင်ဘက်
နောက်တန်းတိုင်းကို ခြိမ်းခြောက် နိုင်သော တိုက်စစ်အင်အားစုအဖြစ် ပေါ်ထွက် လာနိုင်သည်။
အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်သည် ရှေ့တန်းကဲ့သို့ပင် ကွင်းလယ်တွင်လည်း အပြောင်းအလဲများ
ပြုလုပ်ထားသည်။ အစော ပိုင်းက ရောင်းချမည်ဟု သတင်းထွက်နေသော နယ်သာလန်ကွင်း
လယ်လူ ဒီဂျောင်းကို ခေါ်ယူဆွေးနွေးပြီးနောက် လိုချင်သောပုံစံကို အံဝင်ခွင်ကျ ကစားမည်
ဆိုသောကြောင့် ၎င်းကို ၀န်းရံပြီး အေစီမီလန် ကွင်းလယ်ဗဟိုချက်ကို တည်ဆောက်ဖွယ်ရှိသည်။
သို့ ကလိုကြောင့် ၎င်းနှင့် ကစားပေါက် ထပ်နေသူများ၊ အတွဲအဖက်မညီသည့် မွန်တာရီ၊
အက်ဆီယံ၊ ဘာရှာတို့ကို ရှင်းထုတ်လိုက်ပြီး ချယ်လ်ဆီးမှ အငှားခေါ်ယူထားသူ နယ်သာလန်
လက်ရွေးစင် ဗန်ဂျင်ကယ်ကိုလည်း မိခင် အသင်းထံ ပြန်ပို့လိုက်သည်။ ကွင်းလယ်တိုက်စစ်နှင့်
ကစားကွက် ဖန်တီးမှုတွင် အသင်းခေါင်းဆောင် မွန်တိုလီဗို (၃၀ နှစ်)က ဦးဆောင်မည် ဖြစ်သည်။
၎င်းတို့ ကို ကွင်းလယ်ဗဟိုချက်မှ ဒီဂျောင်းတို့က ပံ့ပိုး ပေးမည် ဖြစ်သောကြောင့် အေစီမီလန်
ကွင်းလယ်စုဖွဲ့မှုသည် ယမန်နှစ်ကထက် ပိုမိုကောင်းမွန်လာဖွယ်ရှိသည်။

ဒီဂျောင်း၊ မွန်တို လီဗိုတို့နှင့်အတူ အီတလီလက်ရွေးစင်များ ဖြစ်ကြသော အင်ဒရီယာပိုလီ (၂၅ နှစ်)၊
အလက်စီယိုကာချီ (၂၈ နှစ်)၊ နိုဆာရီနို (၃၀ နှစ်)၊ ဘူနာဗန်တူရာ (၂၅ နှစ်) တို့သာ အထိုင်ကျပြီး
အချိတ်အဆက်မိပါက အေစီမီလန်ကွင်းလယ်သည် မာကျောလာမည် ဖြစ်သည်။ ကွင်းလယ်
အင်အားဖြည့်တင်းမှုအနေဖြင့် အေစီ မီလန်သည် ရိုးမားကွင်းလယ်စတား ဘာတိုလက်ချီ
(၂၄ နှစ်)ကို ယူရိုသန်း၂၀ ဖြင့် ခေါ်ယူလိုက်သည်။ တစ်ဖန် ပါးမားကွင်းလယ် လူများဖြစ်သော
၀ါရင့်ကစားသမား နိုဆာရီနို (၃၀ နှစ်)နှင့် လူငယ်ခြေတက် ဟိုဆေးမော်ရီ (၁၉ နှစ်)၊ အမ်ပိုလီတွင်
ခြေစွမ်းပြခဲ့သော ဗာဒီ(၂၃ နှစ်) တို့ကို ခေါ်ယူထားသည်။ ရှိရင်းစွဲ လူဟောင်းများနှင့် အသစ်ရောက်
လာသူများသာ ပေါင်းစပ်မိပြီး အချိတ်အဆက် မိပါက အေစီမီလန်ကွင်းလယ်သည် အားပြည့်
သွားနိုင်သည်။

နည်းပြမီဟိုင်းလိုဗစ်သည် ရှေ့တန်းနှင့် ကွင်းလယ်ကို အပြောင်းအလဲ ပြုလုပ်သကဲ့သို့ ခံစစ်ကြောင်း
ကိုလည်း အလွတ်မပေးခဲ့ပေ။ စီးရီးအေတန်းတက် ကာပီအသင်းမှ ဂိုးသမား ဂါဘရီရယ်ကို
ခေါ်ယူလိုက်သည်။ နည်းပြ မီဟိုင်းလိုဗစ်သည် အေစီမီလန် နောက်တန်းကို အထိုင်ချရန် ရိုးမား
နောက်ခံလူ ရိုမက်နိုလီ (၂၀ နှစ်)ကို နှစ်ကြိမ်တိုင် တိုးမြှင့် ကမ်းလှမ်းထားသည်။ ပြီးခဲ့သော
ရာသီများတွင် အေစီမီလန်ဗဟိုခံစစ် အဓိကလူသော ၀ါရင့်ပြင်သစ် ခံစစ်မှူး မက်ဆက်ကိုမူ နည်းပြ
မီဟိုင်းလိုဗစ်က နှစ်ခြိုက်ပုံမရသောကြောင့် ခံစစ်ကြောင်းတွင် အပြောင်းအလဲများ ဖြစ်လာနိုင်သည်။

ဆိုရပါလျှင် ၂၀၁၅ဪ၁၆ ရာသီတွင် မီလန်ထိပ်သီး နှစ်သင်းဖြစ်သော အေစီမီလန်နှင့်
အင်တာမီလန်တို့သည် ချန်ပီယံလိဂ်ဝင်ခွင့် ကို စိန်ခေါ်နိုင်သည့် အသင်းများဖြစ်သောကြောင့်
စီးရီးအေသည် ယခင်နှစ်များထက် ပို၍ အကြိတ်အနယ်ရှိလာမည်ဟု ယူဆ မိပါသည်။



ဖတ်ရှုမှုအများဆုံး