ပြိုင်ပွဲများကို စည်းကမ်းတကျ ဦးနှောက်သုံးပြီး ယှဉ်ပြိုင်ကစားကြပြီး နိုင်ငံကိုယ်စားပြုအသင်း
ကောင်းတစ်သင်း ဖြစ်ပေါ်လာရေး အစွမ်းကုန် ကြိုးစားအားထုတ်ကြရန် နိုင်ငံတကာပြိုင်ပွဲများ
တွင် ယှဉ်ပြိုင်မည့် ဘောလုံးအသင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က
ဇူလိုင်လ ၂၅ နေ့တွင် တွေ့ဆုံမှာကြားခဲ့သည်။
တရုတ်နိုင်ငံ၌ကျင်းပပြုလုပ်မည့် Weifang Cup 2013 ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ
လက် ရွေးစင်ယူ-၁၉အသင်းနှင့် အာဆီယံယူ-၁၅ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလက်
ရွေးစင်ယူ-၁၅ အသင်းတို့ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ်
ဦးဇော်ဇော်က ထိုကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။
ဦးဇော်ဇော်က မြန်မာလူငယ်ဘောလုံးသမားများအား မြန်မာဘောလုံးလောကအနာဂတ်အတွက် တာဝန်ယူနိုင်သည့်ကစားသမားကောင်းများဖြစ်စေရန်၊နိုင်ငံလက်ရွေးစင် ကစားသမားဖြစ်ရုံနှင့်ကျေ
နပ်မနေပဲ ပြည်ပသို့ထွက်ကစားနိုင်သော နိုင်ငံတကာအဆင့်မှီ ကစားသမားကောင်းများဖြစ်စေရန်၊
ပြိုင်ပွဲများကို စည်းကမ်းတကျ ဦးနှောက်သုံးပြီး ယှဉ်ပြိုင်ကစားကြရန်၊ကစားသမား တစ်ဦးချင်း၏
ကြိုးစားအားထုတ်မူများ စုပေါင်း၍ အသင်းလိုက်ကစားပုံကောင်းသော နိုင်ငံကိုယ်စားပြုအသင်း
ကောင်းတစ်သင်း ဖြစ်ပေါ်လာရေး အစွမ်းကုန် ကြိုးစားအားထုတ်ကြရန် မှာကြားခဲ့သည်။
အဆိုပါလူငယ်ကစားသမားများ၏ အုပ်ချုပ်သူများနှင့်နည်းပြများကိုလည်းကစားသမားတစ်ဦးချင်း
စီ၏ အသက်မှန်ကန်မူကို အဓိကထားစစ်ဆေးကြရန်၊ ပြိုင်ပွဲတိုင်းကို မှန်မှန်ကန်ကန်ဂုဏ်သိက္ခာရှိ
စွာ ယှဉ်ပြိုင်ကြရန်နှင့်ကစားသမားများ ၏စိတ်ဒဏ်များအကောင်းဆုံးဖြစ်အောင် သင်ကြားလေ့ကျင့်
ပေးစေလိုကြောင်း ဦးဇော်ဇော်က မှာကြားခဲ့သေးသည်။
မြန်မာယူ-၁၉အသင်းသည် Weifang Cup 2013 ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ရန် ဇူလိုင်လ(၂၆)
ရက်နေ့တွင် တရုတ်နိုင်ငံသို့ထွက်ခွာမည်ဖြစ်ပြီး မြန်မာယူ-၁၅အသင်းသည်လည်း အာဆီယံယူ-၁၅
ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင် (၂၈)ရက်နေ့တွင် မလေးရှားနိုင်ငံသို့ထွက်ခွာမည်ဖြစ်ကြောင်း
သိရသည်။















