၂၀၁၃-၁၄ ရာသီပွဲစဉ်ဇယား ထွက်ပေါ်လာခြင်းနှင့်အတူ အီတလီစီးရီးအေ အမှတ်ပေးပွဲသည်
သက်ဝင်လှုပ်ရှားစ ပြုလာပြီဖြစ်သည်။ တစ်ဖက်တွင် စီးရီးအေထိပ်တန်းအသင်းကြီးများ၏ ရာ
သီကြိုခြေစမ်းပွဲများကလည်း တစ်စ တစနှင့် အရှိန်မြင့်တက်လာသည်။
တစ်ဖန် ဘောလုံးရာသီအကြို စီးရီးအေ ထိပ်သီးများ၏ ကစားသမား အရွှေ့ အပြောင်းနှင့် လူအင်
အားခေါ်ယူ ဖြည့်တင်းပုံများကလည်း ပရိသတ် များ၏ စိတ်ဝင်စားမှုကို တွန်းတင်ပေးလိုက်သကဲ့
သို့ ရှိသည်။
ရာသီကြို ခြေစမ်းပွဲများတွင် စီးရီးအေ ထိပ်တန်း အသင်းကြီးများသည် 'သွေးပူ လေ့ကျင့်ခန်း' ပြု
လုပ်ရင်း တစ်ဖက်မှ လည်း လာမည့်ရာသီသစ်အတွက် ကျင့်သုံးမည့် နည်းဗျူဟာနှင့် ကစား သမား
စမ်းသပ်မှုများ၊ အသစ်ခေါ် ယူ ထားသူများကို နေရာချစမ်းသပ်မှုများ ကို ပြုလုပ်နေကြပြီ ဖြစ်သည်။
ရာသီကြိုခြေစမ်းပွဲများ ကစားပြီး နောက် စီးရီးအေထိပ်သီးအသင်း အတော်များများ၏ နည်းပြများ
သည် မိမိတို့အသင်းအပေါ် အကောင်းဘက် က မြင်ကြသည်ကသာ များကြသည်။ ခြွင်းချက်
အနေဖြင့် အင်တာမီလန် နည်းပြ မက်ဇာရီသာ သူ့အသင်းသည် အခက်အခဲများကြားမှ ရုန်းကန်ရ
မည်ဆိုသော သဘောထားမှတ်ချက်ပေး သွားသည်။
လာမည့်ရာသီတွင် စီးရီးအေထိပ်သီး အသင်းများကို ခြံုကြည့်လျှင် လက်ရှိချန်ပီယံ ဂျူဗင်တပ်၊
အေစီမီလန်၊ ဖီအိုရင်တီးနားနှင့် လာဇီယိုတို့သည် ယမန်နှစ်က ကိုင်တွယ်ခဲ့သောနည်းပြ များနှင့်
ဆက်လက် 'စခန်းသွား' ကြမည် ဖြစ်သည်။
ယမန်နှစ်က ဒုတိယရခဲ့သော နာပိုလီ၊ ကိုပါအီတာလျံဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ခဲ့သော
ရိုးမားနှင့် နာမည်ကျော် အင်တာမီလန်တို့တွင် နည်းပြသစ်များ ရောက်လာကြသည်။
တိုက်ဆိုင်မှုတစ်ခုမှာ နာပိုလီနည်းပြ မက်ဇာရီသည် အင်တာမီလန်နည်းပြ ဖြစ်လာပြီး တစ်ချိန်က
အင်တာမီလန် နည်းပြဖြစ်သူ ဘင်နီတက်ဇ်သည် နာပိုလီနည်းပြ ဖြစ်လာသည်။ ရိုးမားကို တော့
ပြင်သစ်ပထမတန်းတွင် လိုင်လီ အသင်းအား အမှတ်ပေးချန်ပီယံဖြစ် အောင် စွမ်းဆောင်ပေးခဲ့သော
နည်းပြဖြစ်သူ လူးဝစ်ဂါစီယာကိုင်တွယ်မည် ဖြစ်သည်။
ထိပ်သီးအသင်းများ၏ နည်းပြများအနက် စီးရီးအေအတွေ့ အကြံုမရှိသူဟူ၍ ရိုးမားနည်းပြတစ်ဦး
သာ ပါ၀င်သည်။ ခြံုကြည့်လျှင် ယမန်နှစ်က ထိပ်သီး အသင်းကြီးများ၏ နည်းပြများအကြား တွင်
'ကွာဟမှု' ကြီးမားသော်လည်း ယခု ရာသီတွင်မူ ထိပ်သီးအသင်း နည်းပြများအကြားတွင်
'ကွာဟမှု' ကျဉ်းမြောင်း လာသည်။
သို့ကလိုကြောင့် ပြိုင်ဆိုင်မှု ပိုမိုမြင့်မားလာပြီး အမှားမခံတော့ဘဲ တစ်သင်းနှင့်တစ်သင်း အပြန်
အလှန် စောင့်ကြည့်ပြီး 'တစ်ကွက်မှား'သည် နှင့် 'ချက်ကောင်း'ထိုးခံရဖွယ်ရှိသည် ဟု အကြမ်း
ဖျင်း ကောက်ချက်ဆွဲ နိုင်သည်။
တစ်ဖန် ယခုနှစ် အပြောင်းအရွှေ့ ဈေးကွက်တွင် ဂျူဗင်တပ်နှင့် နာပိုလီ တို့သည် အာဂျင်တီးနား
လက်ရွေးစင် တိုက်စစ်မှူးနှစ်ယောက်ဖြစ်သော တေဗက်ဇ်နှင့် ဟီဂူအင်တို့ကို ခေါ်ယူနိုင် ခြင်းကြောင့်
စီးရီးအေအပေါ် စိတ်ဝင် စားမှုသည် အထိုက်အလျောက် မြင့်တက်လာခြင်းနှင့်အတူ 'စီးရီးအေပုံရိပ်
နှင့် ဂုဏ်သိက္ခာ'တို့လည်း အထိုက် အလျောက်တော့ မြင့်တက်လာသည် ဟု ဆိုရမည် မဟုတ်ပါ
လား။
တေဗက်ဇ်နှင့် ဟီဂူအင်တို့အပြင် မာရီယိုဂိုမက်ဇ်နှင့် ဂျို့အာကွင်း (ဖီအိုရင်တီးနား)၊ လော်ရန်တေး
(ဂျူဗင်တပ်)၊ ကီဗင်စထရုမန်း (ရိုးမား)၊ ကယ်လီဂျွန်(နာပိုလီ)၊ ဖိလစ်ပီအင်ဒါဆင် (လာဇီယို) အစရှိသော ပြည်ပ ဘောလုံးသမားမျာကို ခေါ်ယူနိုင်ပြီး နောက်ထပ်လည်း ရောက်ရှိလာမည့်
သတင်းများ ထွက်ပေါ်လာခြင်းကြောင့် စီးရီးအေကို ကမ္ဘာတစ်ဝန်းမှ ပရိသတ်စိတ်ဝင်စားမှု များ
ပြားလာဖွယ်ရှိသည်။
တစ်ဖန် ပြီးခဲ့သောဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဆုကြေးငွေ ခွဲဝေ ရရှိမှုတွင် ဂျူဗင်တပ်သည်
ဗိုလ်စွဲ သွား သော ဘိုင်ယန်မြူးနစ်ကို ကျော်လွန်ကာ အများဆုံး ဖြစ်နေသည်။ ထိုအချက်က လည်း
စီးရီးအေအတွက် 'ရှိစုမဲ့စု' ဂုဏ်ယူစရာလေး ဖြစ်ခဲ့ရသည်။ စီးရီးအေနှင့် ပတ်သက်သော လှုပ်လှုပ်
ရှားရှားဖြစ်ခဲ့ရသည့် အကြောင်းအရာတစ်ခုကို မကြာသေးမီကလည်း အီတလီမီဒီယာအချို့က
မီးမောင်းထိုးပြခဲ့သည်။
ယင်းမှာ အာဂျင်တီးနား ဘောလုံးအကျော်အမော် မာရာဒိုနာက အာဂျင်တီးနားလက်ရွေးစင်တိုက်
စစ်မှူး နှစ်ယောက် စီးရီးအေသို့ ပြောင်းရွှေ့ လာခြင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေး ခဲ့သည်။
မာရာဒိုနာသည် အာဂျင်တီးနား ဘောလုံးလောကတွင် ဩဇာကြီးမား သကဲ့သို့ အီတလီဘောလုံး
လောက တွင်လည်း အရှိန်အဝါရှိသည်။ အထူး သဖြင့် သူခြေချကစားခဲ့သော နာပိုလီ တွင် မာရာ
ဒိုနာသည် ဩဇာရော၊ အရှိန် အဝါပါ ကြီးမားသည်။
သို့ကလိုကြောင့် အာဂျင်တီးနားတိုက်စစ်မှူးနှစ်ယောက် ပြောင်းရွှေ့လာခြင်းပေါ်တွင် မာရာဒိုနာ
မှတ်ချက်သည် အတိုင်းအတာတစ်ခုထိ 'တာသွား'သည်။ အထူးသဖြင့် မာရာဒိုနာ၏ မှတ်ချက်
သည် 'ပုံရိပ်' ပြန်တည်ဆောက်နေရ သော လက်ရှိအီတလီဘောလုံးလောက ကို လှုပ်လှုပ်ရှား
ရှား ဖြစ်သွားစေသည်။
မာရာဒိုနာက 'အာဂျင်တီးနားသား စစ်စစ်မှန်ရင် ဂျူဗင်တပ်မှာ ဘယ်တော့ မှ မကစားဘူး' ဆိုသော
မှတ်ချက်ဖြစ် သည်။ မာရာဒိုနာ ဆိုသကဲ့သို့ ဂျူဗင်တပ်နှင့် အာဂျင်တီးနား ဘောလုံးသမားတို့ သည်'
ဓာတ်မတည့်' ဟုပင်ဆို နိုင်သည်။
ဂျူဗင်တပ်သမိုင်းတစ်လျှောက်တွင် အာဂျင်တီးနားလက်ရွေးစင်များ လာ ရောက်ခြေချကစားရင်း
အောင်မြင် ကျော်ကြားသွားသူမှာ အလွန်ရှားပါး သည်။ အထူးသဖြင့် မာရာဒိုနာခေတ် နောက်ပိုင်း
တွင် အာဂျင်တီးနား အကျော်အမော် လက်ရွေးစင် မည်သူမျှ ဂျူဗင်တပ်တွင် ခြေချကစားခြင်းမရှိ
ဘူး လို့တောင် ဆိုနိုင်သည်။ မာရာဒိုနာ၏ မှတ်ချက်ကြောင့် ဂျူဗင်တပ်ဘက်က 'ဆတ်ဆတ်ခါ'
သွား သည်။
တေဗက်ဇ်ကလည်း စီးရီးအေ တွင် ခြေစွမ်းပြနိုင်ဖို့ ယတိပြတ် မပြော နိုင်သေးသလို မာရာဒိုနာ၏
ဩဇာ အရှိန်အဝါကို မကျော်နိုင်သောကြောင့် ယင်းမှတ်ချက်အပေါ် တုံ့ပြန်ခြင်းမပြုဘဲ ရေငုံနှုတ်ပိတ်
ခဲ့သည်။
သို့ရာတွင် လာဇီယို၊ ပါးမား၊ အင်တာ မီလန်နှင့် အေစီမီလန် အစရှိသော စီးရီး အေထိပ်သီးအသင်း
များတွင် ခြေချ ကစားခဲ့သော အာဂျင်တီးနားလက် ရွေးစင် တိုက်စစ်မှူးဟောင်း ဟာနန်ခရက်စပို
ကမူ တေဗက်ဇ်နှင့် ဟီဂူအင် တို့နှစ်ယောက် ပြောင်းရွှေ့ လာခြင်းကို ကြိုဆိုလိုက်ပြီး စီးရီးအေသည်
သူတို့ ခြေချကစားစဉ်ကကဲ့သို့ 'နာမည်ကျော်များ အခြေချရာလိဂ်'အဖြစ် ပြန်လည်မြင်တွေ့ရဖို့
လမ်းစပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ လာမည့်ရာသီတွင် စီးရီးအေထိပ်သီး သုံးသင်းဖြစ်
သော ဂျူဗင်တပ်၊ နာပိုလီ နှင့် အေစီမီလန်တို့သည် ချန်ပီယံလိဂ် ပြိုင်ပွဲသို့ ၀င်ရောက်မည်ဖြစ်သော
ကြောင့် ၎င်းတို့ သုံးသင်းအနေအထား ကို အီတလီမှာသာမက ဥရောပ ပြိုင်ဘက်အသင်းများကပါ
စိတ်ဝင်စား ကြသည်။
ထိုသုံးသင်းတွင် နာပိုလီ တစ်သင်းသာ နည်းပြသစ် ဘင်နီတက်ဇ် ကိုင်တွယ်မည်ဖြစ်ပြီး ဂျူဗင်
တပ်နှင့် အေစီမီလန်တို့ကို ယမန်နှစ်က နည်းပြများဖြစ်သော ကွန်တီနှင့် အယ်လီဂရီ တို့သာ ဆက်
လက်ကိုင်တွယ်မည် ဖြစ်သည်။
ကွန်တီသည် ဂျူဗင်တပ်နည်းပြ ဖြစ်လာပြီးနောက် ဗွေဆော်ဦးနှစ်မှာ ပင် အမှတ်ပေးချန်ပီယံဖြစ်ခဲ့
သည်။ တစ်ဖန် ပြီးခဲ့သော ရာသီကလည်း ဂျူဗင်တပ်ပင် ဆက်လက်ဗိုလ်စွဲခဲ့သော ကြောင့် ကွန်
တီသည် ဂျူဗင်တပ်နည်းပြ ဖြစ်လျှင်ဖြစ်ချင်း နှစ်နှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဖြစ်အောင်
ကိုင်တွယ်နိုင်သူအဖြစ် မှတ်တမ်းဝင်သွား သည်။
သို့ကလိုကြောင့် ကွန်တီတွင် ယုံကြည်မှုနှင့် အတွေ့အကြံုများအပြင် 'အောင်မြင်မှုအတွက် အိုင်ဒီ
ယာ' အပြည့်ရှိသည်ဆိုသောအချက်ကို မည်သို့မျှ ငြင်းဆန်လို့မရပေ။ အေစီမီလန်နည်းပြ အယ်လီ
ဂရီ သည် အေစီမီလန်ကို ယခုရာသီတွင် လေးနှစ်မြောက် ကိုင်တွယ်ခြင်းဖြစ် သောကြောင့် ထိပ်
တန်းအသင်းများတွင် သက်တမ်းအရှည်ဆုံးသော 'ဖိုးသက်ရှည်နည်းပြ' ဖြစ်သည်။
ဂျူဗင်တပ် နည်းပြ ကွန်တီခဲ့သို့ပင် အယ်လီဂရီသည်လည်း အေစီမီလန်နည်းပြဖြစ်ပြီး ဗွေဆော်
ဦးနှစ်မှာပင် စီးရီးအေတွင် ဗိုလ်စွဲခဲ့သည်။ ယင်းနောက်ပိုင်း ဘောလုံးရာသီများတွင် အေစီမီလန်
ဗိုလ်စွဲနိုင်ခြင်းမရှိသော်လည်း ချန်ပီယံ လိဂ်ဝင်ခွင့်ကိုတော့ မပျက်မကွက် ရယူ ပေးခဲ့သည်။
ဂျူဗင်တပ်နှင့် အေစီမီလန်တို့ထက် စာလျှင် မှန်းဆရခက်နေသည်မှာ နာပိုလီဖြစ်သည်။ နာပိုလီ
သို့နည်းပြသစ် ရာဖာဘင်နီတက်ဇ်ရောက်လာသည်။ ဘင်နီတက်ဇ်သည် ဗလင်စီယာ၊ လီဗာပူး၊
ချယ်လ်ဆီးတို့နှင့်အတူဆုဖလားပေါင်း များစွာ ဆွတ်ခူးခဲ့နိုင်သည်။ အထူး သဖြင့်လီဗာပူးနှင့်
ချယ်လ်ဆီးတို့ကို ကိုင်တွယ်ခဲ့ရာတွင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို ဗိုလ်စွဲခဲ့သော
ကြောင့် ဥရောပပြိုင်ပွဲ အတွေ့အကြံုများသူ ဖြစ်သည်။ ဘင်နီတက်ဇ်၏ တစ်ပွဲထိုး ဗျူဟာများ
သည် ဥရောပပြိုင်ပွဲများ၌ နာမည်ကြီးသည်။
သို့ရာတွင် ဘင်နီတက်ဇ်သည် ၂၀၁၀တွင် အင်တာ ကို ကိုင်တွယ်ရာ၌မော်ရင်ဟိုလောင်းရိပ် မိကာအခြေမလှဘဲခြောက်လအကြာတွင်အသင်းမှထုတ်ပယ်ခံခဲ့ရသည်။ သို့ကလို နောက်ကြောင်း
နှင့်မှတ်တမ်း များကြောင့် ဘင်နီတက်ဇ်ကို တွက်ဆရ ခက်နေသည်။ ဘင်နီတက်ဇ်ကို တွက်ရခက်
သလို နာပိုလီကိုလည်း တွက်ရခက်ပြန်သည်။
နာပိုလီသည် အဓိကတိုက်စစ်မှူး ကာဗာနီကို ပီအက်စ်ဂျီသို့ ယူရို ၆၄ သန်း ဖြင့် ရောင်းချလိုက်
သည်။ ပြီးခဲ့သော နှစ်များအတွင်း နာပိုလီကို ယခုကဲ့သို့ အသင်းကြီးအနေအထားရောက်အောင်
'ဆွဲတင်' နိုင်ခဲ့သူများအနက် အဓိက ကျသူနှစ်ယောက်ရှိသည်။ တစ်ဦးမှာ နည်းပြမက်ဇာရီဖြစ်
သည်။
ကျန်တစ်ဦး မှာ ကာဗာနီဖြစ်သည်။ လာမည့်ရာသီ တွင်မူ မက်ဇာရီရော ကာဗာနီပါ မရှိ တော့
သောကြောင့် နာပိုလီအနေအထားသည် မှန်းဆရခက်သွားသည်။ ဘင်နီတက်ဇ်၏ အစီအစဉ်
များ အတိုင်း ချောချောမွေ့မွေ့ဖြစ်ခဲ့လျှင် နာပိုလီသည် အီတလီမှာသာမက ဥရောပပြိုင်ပွဲများ
တွင်ပါ အဓိက စောင့်ကြည့်ရမည့် ပြိုင်ဘက်အသင်း ဖြစ်လာနိုင်သည်။
သို့ရာတွင် ဘင်နီတက်ဇ် မျှော်လင့်ထားသလို ဖြစ်မလာခဲ့လျှင် 'ဘယ်နှယ့်ရှိစ' ဆိုသည်မှာလည်း
စဉ်းစားစရာ ဖြစ်လာသည်။ ဘင်နီတက်ဇ် သည် အင်တာမီလန်ကို ကိုင်တွယ်စဉ်က အရာရာ
အဆင်မချောဘဲ ခြောက်လ နှင့် ထုတ်ပယ်ခံလိုက်ရသည်။ ယခု တစ်ဖန် အင်တာမီလန်တွင်
ဖြစ်ခဲ့သလို မျိုးမဖြစ်ပါဟု ပြောလို့မရသေး။
သို့ရာတွင် ကာဗာနီခေတ်လွန် (စသျအ ဃလေညေင) နာပိုလီသည် ရည်မှန်း ချက် ကျဆင်း
သွားခြင်းမရှိဘဲ စီးရီးအေ နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲနှစ်ခု ၀င်ရောက် ရန် လုံလောက်သော ကစား
သမားဖြည့်တင်းမှုများကို ပြုလုပ်ထားပြီဖြစ် သည်။
ကာဗာနီကို ရောင်းချရာမှ ရလာ သည့် ယူရို ၆၄သန်းကို နဂိုကတည်းက သုံးစွဲဖို့လျာထားသည့်
ယူရို သန်း ၆၀ ၀န်းကျင် ထပ်မံဖြည့်စွက်ပြီး နာပိုလီ သည် အသင်းတည်ဆောက်ရေး အတွက်
ယူရိုသန်း ၁၂၀ သုံးစွဲသွားမည် ဟု အသင်းပိုင်ရှင် ဒီလော်ရန်တစ်ကိုယ်တိုင် ပြောဆိုထားသည်။
အခြား ရှုထောင့်တစ်ခုမှကြည့်လျှင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်မည့် စီးရီးအေ ထိပ်သီးသုံးသင်းပိုင်ဆိုင်
ထားသော တိုက်စစ်အင်အားစုပိုင်းတွင် အေစီ မီလန်သည် အကောင်းဆုံးအနေအထား တွင် ရှိ
နေသည်။
အေစီမီလန်တိုက်စစ် တွင် ဘာလိုတယ်လီနှင့် အဲလ်ရှာဝီတို့ သည် ကလပ်အသင်းမှာလည်း
အတူတူ၊ လက်ရွေးသင်အသင်းမှာလည်းအတူတူ၊ ကစားသမားတစ်ယောက်နှင့် တစ်ယောက်
အကြား အပြန်အလှန်လေးစား မှုရှိသော တိုက်စစ်တွဲ ဖြစ်သည်။
ဂျူဗင်တပ်နှင့် နာပိုလီတိုက်စစ်တွဲ များသည် အေစီမီလန်တိုက်စစ်တွဲကဲ့သို့ နားလည်မှုကောင်းပြီး
'အသားကျ' နေသော တိုက်စစ်တွဲမဟုတ်သေးသည် ကို တွေ့ရသည်။ ဂျူဗင်တပ်ခေါ်ယူ လိုက်
သော တေဗက်ဇ်နှင့် လော်ရန်တေး အတွဲသည် ယခုမှ စတင်တွဲကစားရမည့်သူများဖြစ်ရုံသာမက
စီးရီးအေ အတွေ့အကြံုလည်း မရှိကြ။
တစ်ဖန် နာပိုလီသည် အပြောင်း အရွှေ့ဈေးကွက်မပိတ်မီ နောက်ထပ် တိုက်စစ်မှူးတစ်ယောက်ခေါ်
ယူဦးမည် ဖြစ်သောကြောင့် ဟီဂူအင်နှင့်တွဲဖက် မည့် တိုက်စစ်မှူးကို ယခုချိန်ထိ ရှင်းလင်းပြတ်သား
စွာမရှိတာကို တွေ့ရသည်။
သို့ကလိုကြောင့် ၂၀၁၃-၁၄ စီးရီးအေ ရာသီ သစ်တွင် နည်းပြသစ်၊ ကစား သမားသစ်များဖြင့်
မြိုင်နေဦးမှာ သေချာနေသည်။















