နာပိုလီ-ဘိုလော့နာ
နည်းပြ မာရာဇီနှင့် အဓိကတိုက်စစ် မှူး ကာဗာနီတို့ အသင်းပြောင်းသွားကြပြီးနောက် နာပိုလီ
သည် ဆက်လက် ခြေစွမ်းပြနိုင်ပါ့မလား ဆိုသည်မှာ စောင့်ကြည့်စရာ ဖြစ်လာသည်။
သို့ရာ တွင် ဥရောပအတွေ့အကြံုရှိသော ဘင်နီ တက်ဇ်သည် နာပိုလီနည်းပြ ဖြစ်လာပြီးနောက်
အချိန်တိုအတွင်းမှာပင် ကစားသမားများ၏ ယုံကြည်မှုနှင့် အားပေးထောက်ခံမှုတို့ကို ရရှိထားပြီး
ဖြစ်သည်။
တစ်ဖန် ရာသီကြိုခြေစမ်းပွဲများတွင်လည်း နာပိုလီတိုက်စစ်သည် ထက်မြက်နေဆဲဖြစ်ပြီး ဘင်ဖီကာ
ကို ၂-၁ ဖြင့်နိုင်သော ခြေစမ်းပွဲတွင် တိုက်စစ်မှူးသစ် ဟီဂူအင် ခြေစွမ်းပြဂိုးသွင်းနိုင်ခြင်းကြောင့်
မျှော်လင့်ချက် များ အသစ်တစ်ဖန် ကြီးထွားလာသည်။
နာပိုလီသည် နောက်ထပ်တိုက်စစ်မှူး တစ်ယောက် အချိန်မီခေါ်ယူအားဖြည့် ရန် ဈေးကွက်တွင်
လိုက်လံရှာဖွေနေ သည်။ လက်ရှိအချိန်တွင် ဟီဂူအင်ကို 'အထောင်'တိုက်စစ်မှူးနေရာတွင် ထား
ပြီး ၀ါရင့်တိုက်စစ်မှူး ဂိုရန်ပန်ဒက်ဗ်၊ သို့မဟုတ် အသက် ၂၂ နှစ်သာရှိသေး သော အီတလီလက်
ရွေးစင်တိုက်စစ်မှူး အင်ဆစ်ဂ်နီတို့က ပံ့ပိုးထားသည်။
အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင် သည် စီးရီးအေအတွေ့အကြံုမရှိသေး သော အချက်သာ
ထောက်ပြစရာ ဖြစ်သော်လည်း အထိုင်ကျပါက ကာဗာနီအရိုက်အရာကို ဆက်ခံသွား ဖွယ်
ရှိသည်။
ရီးယဲလ်မက်ဒရစ်မှ စပိန်တောင်ပံ ကစားသမား ဟိုဆေးကယ်လီဂျွန်(၂၆ နှစ်)၊ ပီအက်စ်ဗီမှ
ဘယ်လ်ဂျီယံတောင်ပံ တိုက်စစ်သမား ဒရီစ်မာတင်(၂၆ နှစ်) တို့ကို ခေါ်ယူအားဖြည့်ထား
သောကြောင့် ဘင်နီတက်ဇ်၏ အစီအစဉ် အတိုင်းဖြစ်လာပါက နာပိုလီသည် တောင်ပံတိုက်
စစ်အားပြုသော အသင်းဖြစ်လာဖွယ်ရှိသည်။
ကယ်လီ ဂျွန်နှင့် ဒရီစ်မာတင်တို့နှစ်ယောက် စလုံးသည် အသက်အရွယ်ရော၊ အတွေ့ အကြံုပါ
အကောင်းဆုံးအချိန်အပိုင်း အခြားတွင်ရှိရာ ၎င်းတို့သာ အထိုင်ကျ ပြီး အသင်းဖော်များနှင့် အချိတ်
အဆက် မိပါက နာပိုလီ၏ တောင်ပံတိုက်စစ် ကို အလေးထားရမည် ဖြစ်သည်။
နာပိုလီကွင်းလယ်ကစားကွက်ဖန်တီးရှင် ဟမ်ဆစ် (၂၆ နှစ်)သည် ပြီးခဲ့သော ရက်ပိုင်းအတွင်း
စာချုပ် သက်တမ်းတိုးကာ နည်းပြဘင်နီတက်ဇ် ကို ထောက်ခံကြောင်း ပြသလိုက် သည်။ ကွင်း
လယ်တိုက်စစ်သမား ဇီမီလီ (၂၇ နှစ်) ကလည်း ပြီးခဲ့သော ရာသီဝက်လောက်ကတည်းက ခြေ
စွမ်း ပြလာသည်။ ၎င်းတို့နှစ်ယောက်ကြောင့် နာပိုလီကွင်းလယ်တိုက်စစ်ကို လျှော့တွက်လို့မရပေ။
နာပိုလီကွင်းလယ်သည် ကျစ်လျစ် တောင့်တင်းပြီး 'သမ္ဘာ'ရှိသူ အများစုဖြင့် စုဖွဲ့ထားသည်။
အီတလီ လက်ရွေးစင် ဟောင်းများဖြစ်ကြသော ဒိုနာဒယ် (၃၀ နှစ်)၊ မက်ဂျီယို (၃၁ နှစ်)နှင့်
ဒေါ့ဆီနာ (၃၁နှစ်)၊ ဆွစ်ဇာလန် လက်ရွေးစင်များ ဖြစ်ကြသော ဘဟာမီ (၂၈ နှစ်)၊ ဂိုခန် အင်လာ
(၂၉ နှစ်)၊ ကိုလံဘီယာလက်ရွေးစင်များဖြစ်ကြသော ဇူနီဂါ (၂၇ နှစ်)၊ ပက်ဘလိုအာမီယို (၂၆ နှစ်)၊
ဥရုဂွေးလက်ရွေးစင် ဝေါ်လ်တာဂါဂနို (၂၉ နှစ်)တို့ ရှိနေသောကြောင့် အင်အား တောင့်တင်းသည်။
အတွေ့အကြံုများ ပြီး ကွင်းလယ်ကစားကွက်ကို စနစ်တကျ ဖော်ဆောင်နိုင်စွမ်းရှိသည်။ ပြီးခဲ့သော
ရာသီကတည်းက နာပိုလီကွင်းလယ် သည် ထိပ်တန်းအဆင့်တွင်ရှိပြီး တိုက်စစ်မှူး ကာဗာနီကို
စီးရီးအေတွင် ဂိုးသွင်းဘုရင်ဖြစ်အောင် အဓိကပ့ံပိုး နိုင်ခဲ့သည်။ ပြီးခဲ့သောရာသီက ပုံမှန်ခြေစွမ်း
ရရန် ရုန်းကန်ခဲ့ရသော နောက်တန်းကို ရီးယဲလ်မက်ဒရစ်မှ စပိန်လက်ရွေးစင် ရာအူးလ်အဲလ်ဘီ
ယောဖြင့် အားဖြည့် လိုက်သည်။
ပြီးခဲ့သောရက်ပိုင်းအတွင်း ကက်ဂလီယာရီမှ အီတလီ လက်ရွေးစင် နောက်ခံလူ ဒေးဗစ်အက်စတို
ရီ (၂၆ နှစ်)ကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားသည်။ သို့ရာတွင် ၀ါရင့်နောက်ခံလူ ကမ်ပက်
နာရိုသည် အင်တာမီလန်သို့ ပြောင်းသွားသောကြောင့် နာပိုလီခံစစ် ကို အနည်းနှင့်အများ ထိခိုက်
သွားနိုင် သည်။
နည်းပြ ဘင်နီတက်ဇ်အနေဖြင့် နောက်ခံလူများ ထပ်မံခေါ်ယူနိုင်ရန် ကြိုပမ်းလျက်ရှိသည်။ တစ်ဖန်
လီဗာပူး ဂိုးသမား ရေနာနှင့် ဆန်းတော့စ်မှ ဘရာ ဇီးလ်လက်ရွေးစင် ဂိုးသမားရာဖေးလ် တို့ကိုလည်း
ခေါ်ယူထားသည်။
တစ်ဖက်တွင် ဘိုလော့နာသည် မာကျောသည့်အသင်းဖြစ်သော်လည်း အဝေးကွင်းပွဲများတွင်မူ
ပုံမှန်ခြေစွမ်းအောက်ဘက်တွင်သာ ရှိသည်။ ယမန် နှစ်က စီးရီးအေတွင် အဝေးကွင်း ၁၉ ပွဲ ကစား
ခဲ့ရာ ငါးပွဲသာနိုင်ပြီး သုံးပွဲသရေ ကျကာ ၁၁ ပွဲ အရေးနိမ့်သည်။ အထူး သဖြင့် ထိပ်တန်းအသင်း
ကြီးများကို အဝေးကွင်းတွင် ရင်ဆိုင်ရသည့်ပွဲတိုင်း ဘိုလော့နာတို့ ကစားကွက်ပျက်ကာ ခံစစ်ကြောင်း
ဖရိုဖရဲ ဖြစ်ခဲ့ရသည်။ တစ်ဖန် ဘိုလောနာသည် ပြီးခဲ့သော ရာသီ အဝေးကွင်းပွဲစဉ်များတွင် ၁၁ ဂိုး
သာသွင်း နိုင်သောကြောင့် တိုက်စစ် အားပျော့သည်။
ဆိုရပါလျှင် နာပိုလီသည် နည်းပြမာရာဇီ၊ တိုက်စစ်မှူး ကာဗာနီတို့ ခေတ်အလွန်ဖြစ်သောကြောင့်
ယတိ ပြတ် တွက်ချက်ရန် ခက်သော်လည်း နည်းပြသစ် ဘင်နီတက်ဇ်၏ လုပ်ရည် ကိုင်ရည်နှင့်
ကစားသမားများ၏ ထောက်ခံမှု၊ တိုက်စစ်နှင့်တောင်ပံများ တွင် စနစ်တကျ အင်အားဖြည့်တင်း
ထားခြင်း၊ အိမ်ရှင်အားသာချက်ရှိခြင်း တို့ကို ထည့်တွက်ရမည်ဖြစ်သည်။ တစ်ဖန် ဘိုလော့နာ
သည် အိမ်ကွင်း စွာသလောက် အဝေးကွင်းတွင် အသင်း ကြီးများကို ခံကစားနိုင်စွမ်း နည်းပါး
သည်။
သို့ကလိုကြောင့် နာပိုလီကိုရွေးချယ်သင့်သည်။ တိုက်စစ်မှူးသစ် ဟီဂူအင်ခြေတွေ့ပြီး တောင်ပံ
တိုက်စစ်သမားများ အချိတ်အဆက်မိလျှင် အနိုင်ပြတ်သားဖွယ်ရှိသည်။















