လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့ထိ ယူအေအီးနိုင်ငံ ဒူဘိုင်း
မြို့တွင် ကျင်းပ ပြုလုပ်မည့် (၁၇)ကြိမ်မြောက် အာရှအမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မြန်မာ
ဘော်လီဘောအသင်း ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း
၂၄ သင်းပါ၀င်ပြီး သုံးသင်းတစ်အုပ်စုဖြင့် ရှစ်အုပ်စုခွဲကာယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
မြန်မာဘော်လီဘောအသင်းသည် အဆိုပါပြိုင်ပွဲ၏ Pool(B) တွင် ဩစတြေးလျအသင်း၊ ဘာရိန်း
အသင်းများနှင့်ကျရောက်လျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဘာရိန်းအသင်းနှင့် စတင်
ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဩစတြေးလျအသင်းနှင့် ထပ်မံ
ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာဘော်လီဘောအသင်းကို ဘရာဇီးလ်လူမျိုးနည်းပြ ဆဘ်သီနီက တာဝန်ယူကိုင်တွယ်လျက်
ရှိပြီး ဘော် လီဘော ကစားသမား ၁၂ ဦး၊ အုပ်ချုပ်သူနည်းပြလေးဦးနှင့် စုစုပေါင်း ၁၆ ဦး ပါ၀င်
သောအဖွဲ့ဖြင့် အဆိုပါပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
"ကျွန်တော်တို့အသင်းက ဒီပြိုင်ပွဲကို ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်မူတစ်ရပ်အနေနဲ့ ၀င်ရောက်
ယှဉ်ပြိုင် သွားမှာပါ။ အုပ်စုတွင်းပြိုင်ဘက်တွေ ဖြစ်တဲ့ ဩစတြေးလျအသင်းနဲ့ကတော့ တစ်ခါမှ
မတွေ့ဆုံဖူးပါဘူး။ ဘာရိန်း အသင်းနဲ့ကတော့ ၂၀၀၆ ခုနှစ်က တစ်ခါယှဉ်ပြိုင်ဖူးပါတယ်။ကျွန်တော်
တို့အသင်းအနေဖြင့် အဆင့်(၉)မှ(၁၆) အတွင်း ၀င်နိုင်ဖို့ အုပ်စုဒုတိယနေရာအတွက် မျှော်မှန်းပြီး
ယှဉ်ပြိုင်သွားမှာပါ"ဟု မြန်မာနိုင်ငံဘော်လီဘော ဒုတိယ ဥက္ကဋ္ဌဦးသိန်းဝင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
မြန်မာဘော်လီဘောအသင်းအနေဖြင့် အဆိုပါအာရှအမျိုးသားတံခွန်စိုက် ဘော်လီဘောပြိုင်ပွဲကို
၂၀၀၉ ခုနှစ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်တွင် ပြိုင်ပွဲဝင် ၁၈
သင်းအနက်မှ အဆင့်(၁၀)ရရှိခဲ့ ကြောင်းသိရသည်။














