ရုရှားမြို့တော် မော်စကိုက Olympic Stadium မှာ ကျင်းပသွားခဲ့တဲ့ ကမ္ဘာ့ လက်ဝှေ့အဖွဲ့ချုပ်
WBO, WBA နဲ့ IBF ချန်ပီယံရွှေခါးပတ်လုပွဲဟာ ယူကရိန်းကြိုးဝိုင်းဘုရင် ဝေါဒီမီရာ ကလစ်ရှ်ကို
နဲ့ စိန်ခေါ်လာသူ ရုရှားခြင်္သေ့ဖြူ ပိုဗက်ကင်တို့ရဲ့ အကြိတ်အနယ် ယှဉ်ပြိုင် ထိုးသတ်မှုကြောင့်
ပရိသတ်အကြိုက် ဖြစ်ခဲ့ရပြီး ရုပ်သံကတစ်ဆင့် ကြည့်ရှုတဲ့ ပရိသတ်ပမာဏကလည်း အရင်ပွဲ
တွေ ထက်ကို ပိုမိုများပြားခဲ့တာတွေ့ရပါ တယ်။
လက်ဝှေ့ပရိသတ် ၁၄,၀၀၀ လာရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ ဒီဗဲဟီးဝိတ်သရဖူလုပွဲမှာ ယူ
ကရိန်းလက်ဝှေ့ကျော် ကလစ်ရှ်ကိုက ပွဲချိန် တော်တော်များများမှာ အသာစီးယူ ထိုးသတ်နိုင်
ခဲ့သလို ပွဲချီ(၃)နဲ့ ပွဲချီ(၇) တို့မှာ ပိုဗက်ကင်ကို ကြိုးဝိုင်းကြမ်းပြင် ပေါ် ပြိုလဲအောင် စွမ်းဆောင်
နိုင်ခဲ့ပေမယ့် ၂၆ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန် တင်ထားသူ ခြင်္သေ့ဖြူရဲ့ မလျှော့တဲ့ဇွဲကြောင့် ပွဲချီ
ပြည့်ထိုးသတ်ခဲ့ရပြီး ခုနစ်မှတ်အသာနဲ့ လက်ရှိဟဲဗီးဝိတ် ကြိုးဝိုင်းဘုရင်သရဖူကို ဆက်လက်
ကာကွယ်နိုင်ခဲ့ခြင်းကို ယူကရိန်း မီဒီယာတွေက ကောင်းချီးပေးနေကြပါတယ်။
WBO, WBA, IBF ကြိုးဝိုင်းဘုရင် ကလစ်ရှ်ကိုဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝတစ်
လျှောက်မှာ စိန်ခေါ်ပွဲပေါင်း ၆၄ ပွဲ နွှဲခဲ့ရာမှာ နိုင်ပွဲ ၆၁ ပွဲ၊ အလဲထိုးပွဲ ၅၁ ပွဲ စံချိန်တင်ထား သူ
သံမဏိလူသားတစ်ဦးဖြစ်ပြီး သရဖူ ကာကွယ်ပွဲပေါင်း ၁၅ ပွဲကိုလည်း အောင်အောင်မြင်မြင်နွှဲ
ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ဟဲဗီးဝိတ်လက်ဝှေ့ လောကကို ယူကရိန်းအမြွှာညီအစ်ကို နှစ်ဦးကပဲ ကြီးစိုးထားတာကို ရုရှား
ခြင်္သေ့ဖြူ ပိုဗက်ကင် ချေဖျက်ဖို့ ကြိုးစား ခဲ့ပေမယ့် အရေးမလှခဲ့ဘဲ ပွဲချီ(၇)မှာ အလဲထိုးခံရပြီ
လို့ အများစုက ယူဆခဲ့သော်ငြားလည်း ၁၂ ချီပြည့် တောင့်ခံ ထိုးသတ်နိုင်ခဲ့ပြီး ဒိုင်သုံးဦးစလုံးရဲ့
ပေးမှတ် (၁၁၉-၁၀၄)နဲ့ ကလစ်ရှ်ကိုဟာ ဟဲဗီးဝိတ်ချန်ပီယံရွှေခါးပတ်ကို ဆက်လက်ပိုင်ဆိုင်ခွင့်ရ
ခဲ့ခြင်းပဲဖြစ်ပါတယ်။
အခုစိန်ခေါ်ပွဲမှာ အနိုင်ရခဲ့သူ ကလစ်ရှ်ကို ရရှိတဲ့ ဆုကြေးပမာဏဟာ လည်း ဒေါ်လာ ၁၇ သန်းရှိခဲ့
တာကြောင့် လက်ဝှေ့သမိုင်းမှာတော့ စံချိန်တင်ဆုကြေးတစ်ရပ်လို့ ဆိုနိုင်ပါတယ်။
ကမ္ဘာကျော် မိုက်တိုင်ဆန်နဲ့ လင်းနော့ လူးဝစ်တို့ပွဲကပေးတဲ့ ဆုကြေးဒေါ်လာ ၂၂ သန်းပြီးရင် အခု
ပွဲက ကမ္ဘာ့ ဒုတိယ ဆုကြေးအများဆုံးစိန်ခေါ်ပွဲပဲဖြစ်ပါတယ်။ Dr.Steel Hammer လို့ လက်ဝှေ့
ပရိသတ်ကြားမှာ ကျော်ကြားသူ ကလစ်ရှ်ကိုထံက ဟဲဗီးဝိတ်သရဖူကို လက်လွှဲယူဖို့ ခြင်္သေ့ဖြူ
ပိုဗက်ကင် ကြိုးစားခဲ့ပေမယ့် တကယ်တမ်း ပွဲအစ အဆုံး လက်စွမ်းပြနိုင်ခဲ့တာက ယူကရိန်း လက်
ဝှေ့ကျော်ပဲဖြစ်ပါတယ်။
ပွဲချီမှာ တင် ကလစ်ရှ်ကိုရဲ့ ညာဝိုက်လက်သီး ချက်ဟာ ပိုဗက်ကင်ကို လဲပြိုစေခဲ့သလို ပွဲချီတိုင်း
ဟာလည်း ကလစ်ရှ်ကိုရဲ့ လက်သီးချက်တွေက လွှမ်းမိုးခဲ့တာ တွေ့ရပါတယ်။ သတ္တမမြောက်ပွဲချီ
ကတော့ ရုပ်အပျက်ဆုံးလို့ဆိုနိုင်ပြီး သုံးကြိမ်သုံးခါ ကြိုးဝိုင်းကြမ်းပြင်ပေါ် ပိုဗက်ကင်ပြိုလဲခဲ့ရပြီး ပွဲ
ချီပြည့် တောင့်ခံထိုးသတ်နိုင်တဲ့ ဇွဲ၊ သတ္တိက တော့ လေးစားချီးကျူးစရာလို့ ဆိုရမှာပါပဲ။
ဒိုင်သုံးဦးစလုံးရဲ့ တညီတညွတ် တည်း ဆုံးဖြတ်ချက်နဲ့ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံသရဖူကို
ကာကွယ်နိုင်ခဲ့သူ ကလစ်ရှ်ကိုကလည်း "အလက်ဇန်းဒါး ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ပြိုင်
ဘက်တစ်ဦးပါပဲ။ အကြိမ်ကြိမ် လဲပြိုခဲ့ပေမယ့် သူအားမလျှော့ဘဲ ပွဲစဉ် ဆုံးတဲ့အထိ တောင့်ခံ
သွားနိုင်တာကို ချီးကျူးပါတယ်။ လာမယ့်သရဖူကာကွယ်ပွဲတွေကိုလည်း အခုလိုပဲ အောင်အောင်
မြင်မြင် နွှဲနိုင်ဖို့ ကြိုးစားသွားပါမယ်"လို့ ရုပ်သံအင်တာဗျူးမှာ ပွင့်ပွင့် လင်းလင်းပြောသွားခဲ့ပါတယ်။
ဟောလိ၀ုဒ်မင်းသမီးချော ကေဒင်ပင်နက်တီရာနဲ့ တွဲနေသူ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ကလစ်ရှ်
ကိုဟာ သူရရှိခဲ့တဲ့ အိုလံပစ်ရွှေတံဆိပ်ကို လေလံတင် ရောင်းချခဲ့ပြီး ရရှိခဲ့တဲ့ ဒေါ်လာ တစ်သန်းကို
ဇာတိမြေ ယူကရိန်း ကလေးငယ်များ ဖွံ့ဖြိုးရေးစီမံ ကိန်းအတွက် လှူဒါန်းခဲ့တာကြောင့် လည်း
ဇာတိမြေမှာတော့ သူရဲကောင်း တစ်ဦးပါပဲ။ လက်ရှိ ျွှဗြယ ျွှြဥယ IBF, IBO ဟဲဗီးဝိတ်ချန်ပီယံဖြစ်သူ
ကလစ်ရှ်ကိုဟာ အဆိုပါဟဲဗီးဝိတ်ရွှေခါးပတ်တွေကို အရှည်ကြာဆုံးပိုင်ဆိုင် ခွင့်ရထားသူ ကြိုးဝိုင်း
ဘုရင်အဖြစ်နဲ့လည်း စံချိန်သစ်တစ်ရပ်တင်ရှိထားနိုင်ခဲ့ပြီပဲ ဖြစ်ပါ တယ်။ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ
တွေထဲမှာ လည်း ကလစ်ရှ်ကိုဟာ စိန်ခေါ်ပွဲ အများဆုံး နွှဲထားသူ ဖြစ်ခဲ့ရပါတယ်။
ဂန္ထဝင် မိုဟာမက်အလီက ၂၄ ပွဲ၊ ဂျိုးလူဝစ္စက ၂၆ ပွဲနဲ့ လက်ရှိ ကမ္ဘာ့ချန်ပီယံက ၂၂ ပွဲ နွှဲထားတာ
ကြောင့် ဂန္ထဝင် နှစ်ဦးပြီးရင် သူဟာ ပွဲအများ ဆုံး ယှဉ်ပြိုင်ထားသူ ကြိုးဝိုင်းဘုရင်ပဲဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံးဟဲဗီးဝိတ်လက်ဝှေ့ စိန်ခေါ်ပွဲကို ပြပါဆိုရင်တော့
ပူပူနွေးနွေးယှဉ်ပြိုင်သွားခဲ့တဲ့ Dr. Steel နဲ့ ခြင်္သေ့ဖြူတို့ရဲ့ အကြိတ်အနယ်ပွဲကိုပဲ လက်ညှိုးညွှန်ရ
မှာပဲမဟုတ်ပါလား...။















