ကမ္ဘာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံခန့် သည် မသန်စွမ်းသူများဖြစ်ကြသည်။ ကမ္ဘာ့လူသားတိုင်းသည်
မည်သည့် အသက်အရွယ်တွင်မဆို အကြောင်းအမျိုးမျိုးကြောင့် အချိန်တိုင်း၊ နေရာတိုင်းတွင်
မသန်စွမ်းဖြစ်နိုင်ကြပေသည်။
ယနေ့ကမ္ဘာပေါ်တွင် မသန်စွမ်း သူ ဦးရေ တစ်ဘီလျံအထိ ရှိလာပြီး ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်း
ခန့်ရှိသည်။ မသန်စွမ်းသူများအရေးသည် တစ်ကမ္ဘာလုံးက အထူးအာရုံစိုက်အလေးထားသည့်
ကိစ္စတစ်ရပ်ဖြစ် သည်။
သို့ဖြစ်၍ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့
(International Day of Disabled Persons) ဟု ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက သတ်မှတ်
ထားသည်။
"မသန်လည်းလူ၊ သန်လည်းလူ၊ စွမ်းဆောင်မှုသာအဓိက" ဆိုသည့်အတိုင်း မသန်စွမ်းသူများသည်
လည်း လူသားတစ်ဦးပင်ဖြစ်ပေရာ မိမိတို့ ဘဝရပ်တည်နိုင်ရေးအတွက် ကျန်းမာသန်စွမ်းရန်၊ စိတ်
ဓာတ်ကြံ့ခိုင်ရန်၊ ဉာဏ်ပညာမြင့်မားပြီး ဗဟုသုတ ပြည့်စုံရန် လိုအပ်ပါသည်။
ထို့ကြောင့် မသန်စွမ်းသူများ၏ စိတ်ဓာတ်မြင့်မား ရေး၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရေး အတွက်
ဆေးပညာဖြင့်လည်းကောင်း၊ လူမှုရေးအားဖြင့်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်းကောင်း
ကူညီပံ့ပိုးကာ ပြန်လည်ထူထောင် ပေးလျက်ရှိပါသည်။
မသန်စွမ်းသူများ အတွက် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းပြီး စိတ်ဓာတ်မြင့်မားလာရန် အားကစား
လုပ်ခြင်းဖြင့် မြှင့်တင်နိုင်ပေရာ မသန် စွမ်း အားကစားနည်းများ ပေါ်ပေါက် လာခဲ့သည်။ မသန်စွမ်း
သူများဆိုရာတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ ကိုယ်အင်္ဂါမပြည့်စုံသူများအပြင် ဉာဏ်ရည်မမီသူများ
လည်း ပါ၀င်ကြရာ မိမိတို့ဝါသနာပါရာ အားကစားနည်း များအား လေ့လာ လေ့ကျင့်ပြီး ကျန်းမာ
ပျော်ရွှင်စွာ ရပ်တည်နေထိုင်နိုင်ကြ သည်။
မသန်စွမ်းဖြစ်ရသည့်အကြောင်း ချင်းရာများ မတူညီသကဲ့သို့ မသန်စွမ်း သည့် အနေအထားလည်း
မတူညီကြ ရာ မသန်စွမ်းအားကစားပြိုင်ပွဲများ သည် ခက်ခဲနက်နဲလှသည်။ မြန်မာနိုင်ငံမှ မသန်စွမ်း
အားကစားသမားများအနေဖြင့် လေးနှစ်တစ်ကြိမ် ကျင်းပသည့် အရှေ့ဖျားနှင့် တောင်ပစိဖိတ်ဒေသ
ဆိုင်ရာ မသန်စွမ်းအားကစားပွဲတော် (The Far East & South Pacific Games for the
Disabled-FESPIC) တွင် ၁၉၇၅ ခုနှစ် ပထမအကြိမ်ကျင်းပစဉ်မှ ၂၀၁၂ ခုနှစ် နဝမအကြိမ်အထိ
ပြည်ပပွဲစဉ် တိုင်းကို မပျက်မကွက်ဝင်ရောက် ယှဉ်ပြိုင်ကာ ဆုတံဆိပ်များစွာရရှိခဲ့ သည်။
နိုင်ငံတကာမသန်စွမ်းသူများ၏ အားကစားပြိုင်ပွဲ (The Paralympic Games) များတွင်လည်း
မြန်မာနိုင်ငံမှ မသန်စွမ်းအားကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ နိုင်ငံသည်
အာဆီယံအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပေရာ အာဆီယံ မသန်စွမ်း သူများ အားကစားအဖွဲ့ချုပ်
(ASEAN Para Sports Federation-APSF) ၏ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။
အာဆီယံဒေသတွင်းရှိ မသန်စွမ်း သူများ အားကစားအဆင့်အတန်း တိုးတက်စေရေး၊ ဒေသတွင်းမှ
ချစ်ကြည်ရင်းနှီးမှု တိုးတက်မြှင့်တင်စေရေးတို့ကို ရည်ရွယ်ပြီး ၂၀၀၁ ခုနှစ် မှ စတင်ကာ အာဆီယံ
မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့ သည်။ စတင်ဖွဲ့စည်းသည့် ၂၀၀၁ ခုနှစ်မှာပင်
ပထမအကြိမ် အာ ဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို မလေး ရှား နိုင်ငံတွင် စတင် ကျင်းပ
ခဲ့သည်။
နှစ်ကြိမ် မြောက် အာဆီ ယံ မသန်စွမ်း အား ကစားပြိုင်ပွဲကို ၂၀၀၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊
ဟနွိုင်းမြို့တွင်လည်းကောင်း၊ သုံးကြိမ်မြောက်ကို ၂၀၀၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌လည်းကောင်း၊
၂၀၀၈ ခုနှစ် လေးကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ထိုင်း နိုင်ငံတွင်
လည်းကောင်း၊ ၂၀၀၉ ခုနှစ် တွင် မလေးရှားနိုင်ငံ၌ ငါးကြိမ်မြောက်ပြိုင်ပွဲကိုလည်းကောင်း၊
၂၀၁၁ ခုနှစ် ခြောက်ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ
တွင်လည်းကောင်း အသီသီး ကျင်း ပနိုင်ခဲ့သည်။
မြန်မာနိုင်ငံ တွင်လည်း ပထမဆုံး အကြိမ် အိမ်ရှင် နိုင်ငံအဖြစ် ခုနစ်ကြိမ် မြောက် အာဆီယံ
မသန်စွမ်း အားကစား ပြိုင်ပွဲကြီးကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ
နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအား ကစားရုံကြီး တွင် လက်ခံကျင်းပတော့ မည်ဖြစ် သည်။
အားကစားပြိုင်ပွဲကြီး၏ ရည်ရွယ်ချက် မှာ "ချစ်ကြည် ရင်းနှီးမှု (Friendship)၊ စုစည်းညီညွတ်မှု
(Unity) နှင့် တန်းတူညီမျှမှု (Equality)" ဖြစ်ပါသည်။ အာဆီယံနိုင်ငံသူ နိုင်ငံသားများအချင်းချင်း
ချစ်ခင်ရင်းနှီးမှု၊ အာဆီယံဒေသတွင်းနိုင်ငံများ အချင်းချင်းစည်းလုံးညီညွတ်မှုနှင့် မသန်စွမ်း အား
ကစားသမားများ၏ လူသား တစ်ယောက်ဟူသည့် လူ့အခွင့်အရေးတန်းတူရရှိမှုကို ပြသမည့်ပွဲကြီး
လည်း ဖြစ်ပါသည်။
အဆိုပါ အားကစားပြိုင်ပွဲကြီးတွင် အာဆီယံနိုင်ငံပေါင်း ၁၀ နိုင်ငံမှ အားကစားသမား စုစုပေါင်း
၁,၄၀၀ ကျော်မှ အားကစားနည်း ၁၂ မျိုးကို ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြားပစ်၊ ပြေးခုန်
ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ ဘောလုံးတစ်ဖက် ငါးယောက်၊ ဘောလုံးတစ်ဖက် ခုနစ်ယောက်၊ ဂိုးလ်
ဘော၊ အလေးမ၊ ရေကူး၊ စားပွဲ တင် တင်းနစ်၊ ထိုင်လျက်ဘော်လီဘော၊ ဘီးတပ်ဘတ်စကက်
ဘော ပြိုင်ပွဲများ ဖြစ်ကြသည်။
မြန်မာနိုင်ငံမှလည်း အုပ်ချုပ်သူ နည်းပြများအပါအဝင် မသန်စွမ်းအားကစား သမားပေါင်း ၂၇၀ မှ
ပြေးခုန်ပစ်၊ ရေကူး၊ စစ်တုရင်၊ ဘော်လီဘော စသည့် အားကစားနည်း (၇) မျိုးတွင် ၀င်ရောက်
ယှဉ်ပြိုင်သွား မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း အာဆီယံမသန်စွမ်းသူများအားကစား ပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်
ကြမည့် မြန်မာနိုင်ငံမှ မသန်စွမ်းအားကစား သမား ၂၀၀ ကျော် အားကစားလေ့ကျင့် ရန်ရည်ရွယ်
၍ မသန်စွမ်းအားကစား စင်တာတစ်ခုကို တည်ဆောက်ပံ့ပိုး ပေးပြီး စခန်းသွင်းကာ လေ့ကျင့်ပေး
လျက်ရှိပါသည်။

မသန်စွမ်းအားကစားသမားများကို မသန်သော်လည်း စွမ်းဆောင်နိုင်စေရန် ကာယပိုင်း ဆိုင်ရာ
ကြ့ံခိုင်မှုများအပြင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက ထားလေ့ကျင့်ပေးသည်။ မြန်မာနိုင်
ငံ မသန်စွမ်း အားကစားအဖွဲ့မှ ခုနစ် ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ အကြိုတံ
ခွန်စိုက်ဖလားပြိုင်ပွဲများကို နေပြည်တော်တွင် ဇူလိုင်လအတွင်း ကျင်းပကာ အားကစားသမားများ
ကို အားသစ် လောင်းပေးနိုင်ခဲ့သည်။
ထို့ပြင် (၂၅) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းအားကစားပြိုင်ပွဲများလည်း အောက်တို
ဘာလတွင် ကျင်းပပေးခြင်း ဖြင့် နိုင်ငံတကာအဆင့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက်
အကြိုလေ့ကျင့်နိုင်ခဲ့သည်။ ခုနစ်ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကြီးတွင် ဖွင့်ပွဲ
ပိတ်ပွဲကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းကြီးတွင် မသန်စွမ်းသူများ၏ မသန်စွမ်းတီးဝိုင်း၊
မျက်မမြင် မြန်မာ့ ဆိုင်းဝိုင်းများဖြင့်လည်း ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။
မိမိတို့ ပြည်သူများအနေဖြင့်လည်း မသန်သော်လည်း စွမ်းရည်အပြည့်အဝ ရှိသည့် မသန်စွမ်းအား
ကစားသမား များ၏ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်လို သည့် စိတ်ဓာတ်များ၊ နိုင်ငံ့ဂုဏ်ကို ဆောင်ရန်
ကြိုးပမ်းနေသည့် စေတနာ များအပြင် နိုင်ငံကိုယ်စားပြု အားကစား ပွဲကြီးတွင် ကျရာနေရာမှ
အနုပညာ ကဏ္ဍဖြင့် ပါ၀င်ဖျော်ဖြေသူများ၊ တက်ရောက်အားပေးကြသည့် မသန် စွမ်းသူများ၏
စိတ်ပါ၀င်စားမှုကို အသိအမှတ်ပြု လေးစားဂုဏ်ပြုကြရ မည်ဖြစ်သည်။
မသန်စွမ်းသူများ အပေါ် မမြင်ယောင်မျက်ကွယ်ပြုလေ့ရှိသည့် စရိုက်၊ ဖယ်ကျဉ်လေ့ရှိသည့် အယူ
အဆများကိုပြင်ဆင်ပြီး မသန်စွမ်း သူများတွင် တွေ့ကြံုနေရသည့် အခက် အခဲ အတားအဆီးများ
ကို ကူညီဖယ်ရှား ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပမည့် ခုနစ်ကြိမ်မြောက် အာဆီ ယံ
မသန်စွမ်း အားကစားပြိုင်ပွဲကြီး တွင် မြန်မာ့ဂုဏ်ဆောင် မသန်စွမ်း အားကစား သမားများကို
အင်တိုက် အားတိုက်တတ်နိုင်သည့်ဘက်မှအား ပေးကူညီကြရန် တိုက်တွန်းရေးသား လိုက်ရ
ပါသည်။















