အိုလေဂမ်နာဆိုးရှားစ်ဆိုတာ တစ်ချိန် က မန်ယူနဲ့ အောင်မြင်ခဲ့တဲ့ စူပါဆပ်တိုက်စစ်မှူးဖြစ်တယ်
ဆိုတာကိုတော့ အားလုံးက မေ့လျော့ထားခြင်း မရှိသေးပါဘူး။ သူနဲ့ မန်ယူတို့ရဲ့ ကာလတွေက
မှတ်မှတ်ထင်ထင်ရှိနေခဲ့ပါတယ်။
၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲက ပိုပြီးအမှတ်ရ စရာဖြစ်နေကြမှာပါ။ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းကြီး
ထဲမှာ လူစားဝင်ကစား ရင်း မန်ယူအတွက်၊ ဖာဂူဆန်အတွက် အနိုင်ဂိုးကို သွင်းပေးလိုက်လို့
အက်ဖင် ဘတ်လိုဘာဗေးရီးယန်းတွေ ထိုင်ငို သွားကြတာကတော့ ဆိုးရှားစ်ရဲ့ အထင်ရှားဆုံး
ဘဝတစ်ခုပဲ ဖြစ်ပါ တယ်။
၉၆ မှာ မန်ယူကလပ်ကို ပေါင် ၁ ဒသမ ၅ သန်းနဲ့ ရောက်လာခဲ့ပြီး ဖာဂူဆန်အကြိုက်ဆုံးပုံစံနဲ့
နေထိုင်ရင်း ကစားသမားဘဝတစ်ခုကို ကုန်ဆုံးစေ ခဲ့တဲ့ ဆိုးရှားစ်ဟာ အခုတော့ ပရီမီယာ လိဂ်ကို မန်နေဂျာတစ်ယောက်အဖြစ်နဲ့ ပြန်လည်ခြေလှမ်းလှမ်းလာခဲ့ပြီဖြစ်ပါ တယ်။
၁၉၉၅ ကနေ ၂၀၀၇ အထိ အိုးလ်ထရက်ဖို့ဒ်မှာပဲ ခိုလှုံနေထိုင်ခဲ့တဲ့ ဆိုးရှားစ်ဟာ သူ့ရဲ့ မန်နေဂျာ
ဘဝအစ ကို အိုးလ်ထရက်ဖို့ဒ် လူငယ်အသင်းမှာပဲ ဖာဂူဆန်ရဲ့အစီအစဉ်နဲ့ စတင် လိုက်တာ
နှစ်နှစ်ခွဲကြာခဲ့ပါတယ်။
အဲဒီ နောက်မှာ နော်ဝေကလပ် မိုးလ်ကိုနည်းပြအဖြစ် ပြောင်းသွားပြီးနောက် မှာ ဥရောပကလပ်အသင်းတွေရဲ့ စောင့်ကြည့်ခံရသူ ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ဆိုးရှားစ်ဟာ
ပရီမီယာလိဂ်ကလပ် ကာဒစ်ဖ်ကို ရောက်ဖို့ဖြစ် လာခဲ့တာဖြစ်ပါတယ်။ မလေးရှားသူဌေးဟာ
သီတင်း တစ်ပတ်အတွင်းမှာပဲ ဆိုးရှားစ်ကို မန်နေဂျာခန့်လိုက်တာပါ။
ဆိုးရှားစ် ဟာ နော်ဝေကလပ် မိုးလ်ကို နှစ်ပေါင်း ၁၀၀ အတွင်းမရဖူးတဲ့ ချန်ပီယံဖလား ကို
ရယူပေးနိုင်ခဲ့တာကတော့ သူ့ရဲ့နည်းပြဘဝအတွက်တော့ ပြောစရာ မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။
ကာဒစ်ဖ် ကို နည်းပြဖို့အတွက် သူ့ဆရာ ဖာဂူဆန် က လက်မခံဖို့ တားမြစ်ခဲ့တယ်လို့ ကောလာ
ဟလတွေ ထွက်ခဲ့ပေမယ့် ဆိုးရှားစ်ကတော့ "အဓိပ္ပာယ်မရှိတဲ့ စကားတွေဖြစ်ပါတယ်။
အောင်မြင်မှု ရဖို့အတွက်တောင် ဆန္ဒပြုပေးခဲ့သလို လိုအပ်ရင် အကြံတောင်ပေးမယ်လို့ တောင်
ပြောဆိုခဲ့တာပါ" လို့ ပြောဆို သွားခဲ့ပါတယ်။ ထွက်ခဲ့တဲ့ ကောလာ ဟလနဲ့ ဆိုးရှားစ်အပြောတို့
က အတော့် ကို ကွဲပြားနေခဲ့ပါတယ်။ တကယ်တော့ သူဟာ ဖာဂူဆန်ကို တိုင်ပင်ခဲ့ပြီး ဖာဂူဆန်
ကလည်း ထောက်ခံမှုပေးခဲ့တာဖြစ်ပါတယ်။
၂၀၁၂ တုန်းက ဗီလာ ကလပ်ဟာ သူ့ကိုခေါ်ဖို့ ဆွေးနွေးခဲ့သေးပေမယ့် သူကလက်မခံပါဘူး။ အခု
တစ်ကြိမ်မှာတော့ သူဟာစွန့်စားခန်း တစ်ခုကို စတင်လိုက်ခြင်းပဲဖြစ်ပါတယ်။ မန်ယူလူငယ်အသင်း
ကို ကိုင်တွယ် စဉ်ကာလမှာ ဖာဂူဆန်ဟာ သူ့ကိုပုံသွင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
"ကျွန်တော် သူ့ထံက အမငခုျ တွေ အများ အပြားသင်ယူလေ့လာခွင့်ရခဲ့ပါတယ်။ကစားသမား
တစ်ဦးချင်းစီကို စီမံခန့်ခွဲ တဲ့နေရာမှာတော့ ဖာဂီဟာ အကောင်း ဆုံး ဆရာပဲဖြစ်ပါတယ်။
ကျွန်တော်သူ့ထံက အများ အပြားရ ခဲ့ပါတယ်"လို့ဆိုပါတယ်။
"မန်ယူ ကစားသမားဘဝမှာ ကတည်းက သူ့ရဲ့ စီမံမှု ပုံစံတွေ ကို ဒိုင်ယာရီ ရေးပြီး မှတ်တမ်း
တင်ထားခဲ့တာပါ။ ဒါပေမဲ့ ကလပ်အသင်းတစ်သင်းကို ဘယ်လို ကိုင်တွယ်ရမလဲခင်ဗျာဆိုတဲ့
မေးခွန်း မျိုးကိုတော့ တစ်ခါမှ သူ့ထံကနေ အကြံတောင်းတာမျိုးမလုပ်ခဲ့ပါဘူး။ အခုလည်း
ကာဒစ်ဖ်ကို ဘယ်လိုကိုင်ရ မလဲလို့ သူ့ကိုအကြံတောင်းမှာ မဟုတ် ဘူး။ သူနဲ့တော့ ဆက်ဆံရေး
မပြတ်ရှိနေ ခဲ့ပါတယ်''လို့ ဆိုပါတယ်။
ဆိုးရှားစ်ဟာ ဖာဂူဆန်လက်အောက်မှာ ပွဲပေါင်း ၃၆၆ ပွဲကစားခဲ့ပြီး ၁၂၆ ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။
သူဟာ ကာဒစ်ဖ်ကစားခဲ့တဲ့ ဆန်းဒါးလန်းနဲ့ပွဲ၊ အာဆင်နယ်နဲ့ပွဲတွေကို အနီးကပ်လေ့လာသွားခဲ့သူ
ဖြစ်ပါတယ်။ သူ့အတွက် စိန်ခေါ်မှုတွေကတော့ ရှိနေမှာသေချာပါတယ်။ ကာဒစ်ဖ်ဟာ ပရီမီယာ
လိဂ်ရာသီအစမှာ ရလဒ် ကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရလဒ်တွေက အဆိုးဘက်ကို
ရောက် သွားခဲ့ပါတယ်။

အထူးသဖြင့် ခရစ္စတယ်ပဲလေ့စ်ကို ရှုံးပြီးတဲ့နောက်မှာ ဖြစ်ပါတယ်။ ပိုင်ရှင်နဲ့ မန်နေဂျာ မက်ကေး
တို့ ဆက်ဆံရေးပျက်သွား ခြင်းရဲ့ အကျိုးဆက်လို့ ပြောရမှာပဲဖြစ်ပါတယ်။ မိုးလ်ကလပ်အသင်းကို
နော်ဝေအမှတ်ပေးချန်ပီယံ နှစ်ကြိမ် ဖြစ်အောင် စွမ်းဆောင်ပေးနိုင်သူ ဆိုးရှားစ်ကတော့ ကာဒစ်ဖ်
ကို တန်းမဆင်းရဖို့ အတွက် ကူညီပေးနိုင်မယ်လို့ ပြောဆို နေပါတယ်။ သူနဲ့ ခေတ်ပြိုင်ဖြစ်ခဲ့သူ
တင်ရှားဝုဒ်ကတော့ စပါးကိုရလဒ်ကောင်း တွေပေးနေတဲ့အတွက် သူ့ အနေနဲ့ လည်း ကာဒစ်ဖ်ကို
ကယ်တင်နိုင်ဖို့ အလွန် အရေးကြီး နေပါတယ်။ သူဟာ ကာ ဒစ်ဖ်ကို တစ် နှစ်ချင်းစီ စာချုပ်သွား
ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။
နှစ်ရှည် စာချုပ်ကို ချုပ်ဆိုထားခြင်းမရှိခြင်းက ဆိုးရှားစ်ရဲ့ ထူးခြားမှုတစ်ခုဖြစ်နေ ပါတယ်။
ကာဒစ်ဖ်ပရိသတ်ကတော့ မက်ကေးကိုထောက်ခံအားပေးနေတဲ့ အတွက် သူ့ကိုဘယ်လိုတုံ့ပြန်
မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ မှတ်ကျောက် ကောင်း တင်နိုင်
ဖို့ဟာ ဖလားပွဲတွေ ထက် လိဂ်ပွဲတွေမှာပဲဖြစ်ပါတယ်။ သူကတော့ ကာဒစ်ဖ်ပရိသတ်တွေ အတွက်
အမှန်ကန်ဆုံးမန်နေဂျာဖြစ် လာစေရမယ်လို့ ဆိုထားပါတယ်။ သူ့ အတွက် အားရစရာကောင်းတာ
တစ်ခု က မလေးရှားသူဌေးဗင်းဆင့်တန်ဟာ ဆိုးရှားစ်အတွက် ဇန်နဝါရီအပြောင်း အရွှေ့မှာ ကစား
သမားအသစ်တွေ ထပ်ဖြည့်ပေးမယ်ဆိုတဲ့ကတိစကားပဲဖြစ်ပါတယ်။
ဆိုးရှားစ်ဟာ ရောက်ရောက်ချင်း မှာပဲ ပွဲကျပ်တွေနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပထမပွဲဟာ
၀က်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲဖြစ်လို့ ပွဲကျပ်မဟုတ်ဘူး လို့ ဆိုနိုင်ပေမယ့် ဒုတိယပွဲနဲ့ တတိယ ပွဲတွေက
မန်ချက်စတာနှစ်သင်းနဲ့ အဝေးကွင်းပွဲတွေ ကစားရမှာဖြစ်တာ ကတော့ ဆိုးရှားစ်အတွက် မလွယ်
တဲ့ ပွဲတွေပဲဖြစ်ပါတယ်။ ဆိုးရှားစ်အနေနဲ့ မန်နေဂျာဘဝ ကစားသမားကိုင်တွယ် မှုပိုင်းမှာတော့
သဘောထားပျော့ပျောင်း ပြီး လူကြီးလူကောင်းဆန်သူဖြစ်သလို ရည်မှန်းချက်ကြီးကြီးမားမား
ထားသူ တစ်ယောက်ပါဖြစ်တယ်။
"တိုက်စစ်ကို ဦးစားပေး ကစားသူဖြစ်တယ်''လို့ မိုးလ်ကလပ်သင်းနဲ့ နော်ဝေလက်ရွေး စင် ဂိုးသမား
ပက်တာဆန်က သုံးသပ် ပြထားခဲ့ပါတယ်။ "ကစားသမားတွေကို ကြမ်းကြမ်းတမ်းတမ်း ပြောဆို
ဆက်ဆံ ခြင်းမျိုး မရှိသလို ချဉ်းကပ်ပုံပိုင်းလည်း စနစ်တကျရှိတယ်။ ဆုံးဖြတ်ချက်ကို ရဲရဲတင်းတင်း
ချမှတ်တာမျိုးလည်း တွေ့ရတယ်''လို့ ပက်တာဆန်က ဆက်ပြီး သုံးသပ်ပြသွားတာတွေ့ရပါတယ်။
"အိုလေက ပရော်ဖက်ရှင်နယ်ပီသသူတစ်ယောက်၊ ပွဲအပေါ် အာရုံ စူးစိုက်ထားတာမှာ ကစားသမား
ဘဝ ကလိုပဲ မန်နေဂျာဘဝမှာပါ ဒီအတိုင်း ရှိနေတယ်။ လေ့ကျင့်ရေးကွင်းမှာ လည်း မှတ်စုစာအုပ်နဲ့၊
ပွဲကစားတော့လည်း မှတ်စုစာအုပ်နဲ့ပဲ။ အတွင်းရေး ပိုင်းမှာလည်း ဘာပြဿနာမှရှိခဲ့သူ မဟုတ်ဘူး"
လို့ ဖာဂူဆန်ကလည်း ဆိုးရှားစ်ရဲ့ စိတ်ထားပိုင်းနဲ့နေမှုပုံစံ ပိုင်းတွေကို ပြောဆိုသွားခဲ့ပါတယ်။
မိုးလ်ကလပ်ဆိုတာ နော်ဝေမှာ သေးငယ်တဲ့ မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။ လူဦးရေ သုံးသောင်း
၀န်းကျင်မှာပဲ ရှိတဲ့အသင်းဖြစ်ပါတယ်။ အဲဒီ အသင်းလေးဟာ နော်ဝေလိဂ်မှာ အောင်မြင်မှုမရှိခဲ့
တာ သိပ်တော့ မဆန်းပါဘူး။
ဒါပေမဲ့ ဆိုးရှားစ်ရောက် လာတဲ့အခါမှာတော့ နော်ဝေရဲ့ထိပ်သီး ကလပ် ရိုစင်ဘော့ဂ်တောင်
အထိတ် တလန့်ဖြစ်သွားပြီး မိုးလ် (Molde) ကလပ်ဟာလည်း နှစ် ၁၀၀ အတွင်းမှာပထမဆုံး
ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။နော်ဝေလိဂ်ရဲ့ ကလပ်အသင်းလေးကို အောင်မြင်အောင် လုပ်နိုင်ခြင်း
ဟာ ဆိုးရှားစ်အတွက် အောင်မြင်မှုပဲဖြစ်ပါ တယ်။
"လူဦးရေနည်းနည်းပဲရှိတဲ့ မြို့ကလေးကအသင်း ချန်ပီယံဖြစ်သွား တော့ ကျွန်တော့်ကိုအံ့အား
သင့်သွား စေပါတယ်။ အရင်က ဆိုးရှားစ်ဟာ ဒီမြို့လေးမှာ ဟီးရိုးတစ်ယောက်ပါ။မန်ယူကစား
သမားကိုး။ အခုချန်ပီယံ ဖြစ်တော့ ဟီးရိုးကနေ ဂန္ထဝင်ဖြစ်သွား ခဲ့ပါပြီ"လို့ နော်ဝေရုပ်သံက ဘာ့ဂ်
ဂျွန်ဆင်က ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အားသန်မှုက အသင်းကိုတိုက်စစ် ဦးစားပေးကစားစေခြင်းပဲ။
ပြီးတော့ အသင်းလိုက် ကြိုးစားကစားစေခြင်းပဲ။ ဒီအတိုင်းပဲ ပရီမီယာလိဂ်ကို သူဖြတ် သန်း
သွားနိုင်တယ်လို့ ဘာ့ဂ်က သုံးသပ် ထားခဲ့ပါတယ်။ မိုးလ်မှာတုန်းက ဆိုးရှားစ်အနေနဲ့ ထူးခြား
တာက အသင်းကို သူ့စိတ်ကြိုက် ကိုင်တွယ်စီမံခွင့်ရထားခြင်းပဲဖြစ်ပါတယ်။ မိုးလ်ကို သူ့စိတ်ကြိုက်
စီမံခဲ့သလိုမျိုး အခု ကာဒစ်ဖ်မှာ စီမံခွင့်ရမလားဆိုတာကိုတော့ စိုးရိမ်ပူပန်မှုတွေတော့ ရှိထားကြ
ပါတယ်။ သူက ငွေကြေးအများအပြားသုံးခဲ့သူမဟုတ်တော့ အခုကာဒစ်ဖ်မှာရော ဘယ်လိုလုပ်
မလဲဆိုတာ စိတ်ဝင်စား နေခဲ့ကြပါတယ်။ သူဟာ မန်ယူနဲ့အတူ ပရီမီယာလိဂ် ဖြတ်သန်းခဲ့သူဖြစ်
လို့ ပရီမီယာလိဂ်ရဲ့ အနေအထားကို ကောင်းကောင်းသိထားသူဖြစ်နေပါ တယ်။
မိုးလ်ကလပ်မှာတုန်းက ငွေမသုံး နိုင်မှုအောက်မှာ လူငယ်ကစားသမား တွေကိုပဲ နေရာပေးခဲ့လို့
အခုလည်း ကာဒစ်ဖ်က လူငယ်ကစားသမားတွေ ဟာ နေရာပိုရလာနိုင်မယ်လို့လည်း သုံးသပ်နေ
ကြပါတယ်။ ကလေး မျက်နှာနဲ့ ဖာဂူဆန်ရဲ့စူပါဆပ် တိုက်စစ် မှူးတစ်ယောက်အနေနဲ့ မန်ယူမှာ
အောင်မြင်တဲ့ ကစားသမားဖြစ်ခဲ့သလိုမျိုး ကာဒစ်ဖ်စီးတီးမှာလည်း ပရိသတ်ရဲ့အားပေးမှုအပြည့်နဲ့
ပိုင်ရှင် ကျေနပ်လောက်တဲ့ စွမ်းဆောင်ရည် တွေနဲ့ ဖြတ်သန်းနိုင်မယ်ဆိုရင်တော့ သူ့ရဲ့အနာဂတ်
ဟာ အကောင်းဆုံး ပုံစံလိုဖြစ်လာမှာတော့ သေချာနေ ပါရဲ့...။















