မြန်မာ့ရိုးရာခြင်းလုံး တိုးတက်ရန်ရည်ရွယ်၍ အင်္ဂလိပ် ဘာသာဖြင့် စာအုပ်ရေးသား ထုတ်ဝေခဲ့တဲ့ ဦးဝင်းကို

မြန်မာ့ရိုးရာခြင်းလုံး တိုးတက်ရန်ရည်ရွယ်၍ အင်္ဂလိပ် ဘာသာဖြင့် စာအုပ်ရေးသား ထုတ်ဝေခဲ့တဲ့ ဦးဝင်းကို

မြန်မာနိုင်ငံ ရိုးရာခြင်းလုံးလောကတွင် အောင်မြင်ကျော်ကြားခဲ့သော နိုင်ငံ့ လက်ရွေးစင်ဟောင်း
ပီကင်းပြန် ဦးဝင်းကိုသည် မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းကို နိုင်ငံတကာတွင် လက်ခံသော အားကစားနည်းတစ်ခု ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာခြင်းလုံးအားကစားအကြောင်း
စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနိုင်ခဲ့သည်။

အဆိုပါစာအုပ်တွင် ရိုးရာခြင်းလုံး အားကစားနည်း၏ သမိုင်းကြောင်းများ၊ အမှတ်ပေးစည်းမျဉ်းများ၊
နည်းစနစ် များ၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားဟောင်းများ၏ သမိုင်းကြောင်း များပါ၀င်ပြီး
နိုင်ငံတကာက မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းကို လေ့လာချင်သူများအတွက် အထူးကောင်း
မွန်သော စာအုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ၂၀၀၉ ခုနှစ်တွင် မြန်မာဘာသာဖြင့် ပထမဦးဆုံး ထုတ် ဝေခဲ့ပြီး မြန်မာ့ရိုးရာခြင်း
လုံး အား ကစားဝါသနာရှင်များကြားတွင် ထင်ရှားကျော်ကြားခဲ့သည်။

ထိုစာအုပ်ဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ထွန်းဖောင်ဒေးရှင်း မှ ချီးမြှင့်သော ယဉ်ကျေးမှုဘာသာ ရပ်ဆိုင်
ရာ စာပေဆုကို ရရှိခဲ့သည်။ ယခုအခါ နိုင်ငံတကာက ခြင်းလုံး ၀ါသနာရှင်များအတွက် ရည်ရွယ်၍
အင်္ဂလိပ်ဘာသာဖြင့် ထပ်မံထုတ်ဝေ ခြင်းဖြစ်သည်။

"မြန်မာ့ရိုးရာခြင်းလုံးကို ကမ္ဘာ့နိုင်ငံ တော်တော်များများက စိတ်ဝင်စားကြပါတယ်။ ပြီးခဲ့တဲ့ ဆီးဂိမ်း
ပြိုင်ပွဲမှာ လည်း ပထမဦးဆုံးအကြိမ် ထည့်သွင်းကျင်းပနိုင်ခဲ့တာကြောင့် မြန်မာ့ရိုးရာခြင်းလုံးအား
ကစားကို နိုင်ငံတကာက ပိုမိုစိတ်ဝင်စားလာကြပါပြီ။ ဒီစာအုပ် ထဲမှာ မြန်မာ့ရိုးရာခြင်းလုံးနဲ့ပတ်
သက် တဲ့ အချက်အလက်တွေ အစုံအလင် ပါ၀င်တဲ့အတွက် နိုင်ငံတကာက ခြင်းလုံး အားကစား
ကို စိတ်ဝင်စားပြီး ကစား ချင်တဲ့လူတွေ ဒီစာအုပ်ထဲက နည်းစနစ် တွေလေ့လာမယ်ဆိုရင်
အများကြီး အကျိုးရှိမှာပါ"လို့ ဦးဝင်းကိုက မြန်မာတိုင်း(မ်)ကို ပြောသည်။

"နောက်ပြီး မြန်မာ့ရိုးရာ စစ်စစ်ဖြစ် တဲ့ ခြင်းလုံးအားကစားနည်းကို နိုင်ငံတကာကို ဖော်ပြနိုင်မယ်။
မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကိုလည်း ရိုးရာမပြတ် ထိန်းသိမ်းဆောင်ရွက်နိုင်မယ်၊ ခြင်းလုံး
ကို စိတ်ဝင်စားတဲ့ လူငယ်တွေဟာ ဒီစာအုပ်ကို ဖတ်ပြီး နည်းစနစ်မှန်မှန် ကြိုးစားလေ့ကျင့်နိုင်
မယ်၊ အမှတ်ပေးစည်းမျဉ်းတွေလည်း ပြည့်စုံစွာပါ၀င်ပါတယ်"ဟု စာအုပ် ထုတ်ဝေရခြင်း ရည်ရွယ်
ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

"ဒီစာအုပ်ကို မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကို ဘာသာပြန် ထုတ်ဝေနိုင်ဖို့ အချိန်သုံးနှစ်
ယူခဲ့ရပါ တယ်။ ဘာကြောင့်လဲဆိုတော့ ခြင်းလုံး ရဲ့ ရိုးရာအခေါ်အဝေါ်တွေကို ဘာသာပြန်တဲ့နေ
ရာမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ နောက်ပြီး နိုင်ငံ တကာက စာဖတ်ပရိသတ်နားလည်
အောင် ခြင်းလုံးအခေါ်အဝေါ်ရဲ့ အဓိပ္ပာယ်ရှင်းလင်းချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။

စာဖတ်သူသေချာရှင်းလင်းနားလည်နိုင်အောင် လို့ပါ။ ဒီစာအုပ်ကို မြန်မာလို ထုတ်ဝေ ခဲ့စဉ်က
စာအုပ်အားလုံး ရောင်းကုန်ခဲ့ ပါတယ်။ ဒီစာအုပ်ကို ထုတ်ဝေတဲ့ နေရာမှာ နည်းစနစ်တွေ မှန်ကန်
ဖို့၊ လူတိုင်း တတ်သိနားလည်နိုင်ဖို့ ကြိုးစားရေးသားခဲ့တဲ့အတွက် အခက်အခဲတွေ အများကြီးရှိပါ
တယ်"ဟု စာအုပ်ထုတ်ဝေရာတွင် တွေ့ကြံုခဲ့ ရသည့် အခက်အခဲကိုလည်း ပြောကြား ခဲ့သည်။


 

"ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ ရိုးရာခြင်းလုံးဝါသနာရှင် အား ကစားသမားတွေအတွက်
ခြင်းလုံး သင်တန်းကျောင်းတစ်ကျောင်းဖွင့်ပြီး ကိုယ့်မှာရှိတဲ့ ပညာတွေကို သင်ကြား ပေးချင်ပါ
တယ်။ ဒါမှ မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းမှာ မျိုးဆက် သစ်လူငယ်တွေ ထွက်ပေါ်လာမှာ
ပါ"ဟု ထပ်မံပြောကြားခဲ့သည်။

"မြန်မာ့ရိုးရာခြင်းလုံးအားကစားကို (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ
ပထမဦးဆုံး အကြိမ်အဖြစ် ထည့်သွင်းကျင်းပနိုင် ခဲ့ခြင်းက အရမ်းကောင်းမွန်တဲ့အချက် ပါပဲ။
မြန်မာ့ရိုးရာခြင်းလုံးအားကစား သမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုပါ
တယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ ထည့်သွင်းကျင်းပ ခဲ့တဲ့ ခြင်းလုံးအားကစားက မြန်မာ့ ရိုးရာနဲ့ မကိုက်
ညီတဲ့ အချက်တွေ လည်း ရှိပါတယ်။ ဥပမာဪ စည်းဝိုင်းအပြင်ထွက် တာတို့၊ တချို့ခြင်းလုံး
အခေါ်အဝေါ်တွေ ပေါ့လေ။ ဒါပေမဲ့ သူတို့နောက်ဆိုရင် တော့ ပြင်ဆင်သွား နိုင်မယ်လို့ ထင်ပါ
တယ်။

ဆီးဂိမ်းမှာ နိုင်ငံတကာ က ၀င်ရောက်ယှဉ်ပြိုင်နိုင် အောင် ခြင်းလုံးအခြေခံအဆင့် တွေကိုပဲ ထည့်
သွင်းကျင်းပခဲ့ပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေကတော့ အရမ်း အဆင့်မြင့်ပါတယ်။ တကယ့်ရိုးရာ
ခြင်းလုံးအားကစားကို ယှဉ်ပြိုင်ကြတာပါ။ မြန်မာ့ရိုးရာခြင်းလုံးအားကစားက အရမ်းနက်နဲပါတယ်။

အခြေခံအဆင့် ကို ပိုင်နိုင်ဖို့နဲ့ နည်းစနစ်မှန်ဖို့က အရေး ကြီးပါတယ်"ဟု မြန်မာ့ရိုးရာခြင်းလုံး အား
ကစားနည်းအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ "ဒီစာအုပ်ကို နိုင်ငံတကာ ဖြန့်ဝေခွင့် လိုင်
စင်ရရှိပြီးသားဖြစ်တာကြောင့် နိုင်ငံတကာဖြန့်ဝေနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒါမှ
ကိုယ့်ရိုးရာအားကစားနည်းကို နိုင်ငံတကာက စိတ်ဝင်စားလာမှာပါ။ ဒီလို ထုတ်ဝေနိုင်ဖို့ အခွင့်
အရေးတွေ၊ကမ်းလှမ်းမှုတွေ ရှိလာမယ်ဆိုရင်တော့ မြန်မာ့ ရိုးရာအားကစားကို နိုင်ငံ တကာက
လေ့လာခွင့်ရ တော့မှာပါ။ကျွန်တော့် အနေနဲ့ကတော့ ဒီစာအုပ်က နိုင်ငံ တကာကို ပျံနှံ့ သွား
မယ်လို့ ထင်ပါတယ်။ဘာဖြစ် လို့လဲ ဆိုတော့ မြန်မာ့ ရိုးရာခြင်းလုံး အားကစား နည်းအကြောင်း
ကို ပထမဦးဆုံး အကြိမ် အင်္ဂလိပ်လို ထုတ်ဝေတာ ဆိုတော့ အောင်မြင်မယ်လို့ မျှော်လင့် ထား
ပါတယ်"ဟု ပြောကြားခဲ့သည်။

ပီကင်းပြန် ဦးဝင်းကိုသည် ၁၉၄၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၅ နှစ်အရွယ် တွင် လက်ဦးဆရာအဖြစ်
ဖခင်ဖြစ်သူ ဦးအောင်သိန်းထံမှ အခြေခံခြင်းရိုး ရှစ်မျိုး၊ ခြင်းကြီး ၁၀ မျိုးနှင့် ခြင်းလေး၊ ခြင်းလတ်
ခတ်ကွက်များကို သင်ယူ ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မန္တလေးမြို့ရှိ နေပြည်တော်ရွှေတံဆိပ်ရ ခြင်း
ပါမောက္ခ ဦးဘသိန်းကြီးထံတွင် ခြင်းလုံးပညာ များကို ဆက်လက်သင်ယူလေ့ကျင့် ခဲ့သည်။

ထို့နောက် မြစ်ငယ်မြို့ မီးရထား ခြင်းလုံးအသင်းမှ ဦးလှသောင်၊ ဦးညွန့်မောင်တို့ထံ ဆက်လက်
သင်ယူ ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးအောင်ကိုး ထံမှ ခြင်းလုံး
ခတ်ပညာများကို ဆက်လက်သင်ယူခဲ့သည်။ ဦးဝင်းကို၏ မြန်မာ့ရိုးရာခြင်းလုံး အားကစားသမား
ဘဝတစ်လျှောက်တွင် မျိုးမြန်မာခြင်းလုံးအသင်း၊ နေပြည်တော်ခြင်းလုံးအသင်း၊ မြစ်ငယ် မီးရထား
ခြင်းလုံးအသင်း အစရှိသော ခြင်းလုံးအသင်းကြီး ၁၁ သင်းပါ၀င် ကစားခဲ့ပြီး ၁၉၆၂ ခုနှစ်မှ စတင်၍
မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အကြီး တန်း သရုပ်ပြလက်ရွေးစင် အားကစား သမားအဖြစ် ပါ၀င်ခတ်
ကစားခဲ့ကာ ရိုးရာခြင်းလုံးအားကစားနည်းဖြင့် ဆုတံဆိပ်များစွာကို ဆွတ်ခူးနိုင် ခဲ့သည်။

ဦးဝင်းကိုအနေဖြင့် ဘဏ္ဍာအခွန် ခြင်းလုံးအသင်းကြီးကို ၁၉၇၉ ခုနှစ် တွင် စတင်တည်ထောင်နိုင်
ခဲ့ပြီး အောင် ပွဲများစွာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ သည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ် အထိ
မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အမှုဆောင်အနေဖြင့် ပါ၀င်ဆောင်ရွက် ခဲ့သည်။ မြန်မာနိုင်ငံရိုးရာခြင်းလုံး
အဖွဲ့ချုပ်တွင် ပြိုင်ပွဲစည်းမျဉ်းဥပဒေများ ရေးဆွဲအကြံပြုခဲ့သည်။

၁၉၆၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်တွင် နိုင်ငံ့လက်ရွေးစင်အဖြစ် မြန်မာပြည်အနှံ့
ခြင်းလုံးသရုပ်ပြအားကစားသမားအဖြစ် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။လက်ရှိတွင် ဦးဝင်းကိုသည် ခြင်းလုံး၊ ခြင်းခတ်ဖိနပ်၊ ခြင်းလုံးနှင့်ပတ်သက် သော အားကစားပစ္စည်းများ ရောင်း
ချ ၍ အသက်မွေးဝမ်းကျောင်းပြုနေလျက် ရှိသည်။



ဖတ်ရှုမှုအများဆုံး