ဘလတ္တာအနေနဲ့ ဂန္ထဝင်ဘောလုံးသမားကြီး ပီလီက ရှန်ပိန်ကိုထောက်ခံလိုက်ခြင်းဟာလည်း
ထိုးနှက်မှုပဲဖြစ်ပါတယ်။ ရှန်ပိန်ကတော့ တိုက်ကြီးလေးတိုက်ရဲ့ ထောက်ခံမှုကိုရထားပြီ လို့လည်း
ဆိုနေပါတယ်။
တောင်အမေရိက တိုက်၊ အာဖရိကတိုက်တို့ရဲ့ ထောက်ခံမှုတွေဘလတ္တာဆုံးရှုံးနိုင်ဖွယ်ရှိနေသလို
အာရှတိုက် ရဲ့ ထောက်ခံမှုဆိုတာကလည်း မရေမရာဖြစ်နေ မှာ သေချာပါတယ်။ အာရှဘောလုံး
အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းဘင်ဟာမန်းကို အပြုတ်တိုက်ထုတ် လိုက်မှုဟာ ဒီတစ်ကြိမ်မှာ အာရှရဲ့
ထောက်ခံမှု ကို ရနိုင်ဖို့ ခက်ခဲနိုင်ခြေပဲဖြစ်ပါတယ်။
ပါလက် စတိုင်း ဘောလုံးအဖွဲ့ချုပ်၊ ပါလက်စတိုင်း အိုလံပစ်ကော်မတီ ထဲထဲဝင်ဝင်ရှိအောင်
ကူညီနိုင်မှုဟာ အာရပ်ကမ္ဘာရဲ့ ထောက်ခံမှုကို ရရှိစေမှာ သေချာနေပါတယ်။
၂၀၁၀ မှာ ဖီဖာ ကနေ ထွက်ခွာပြီး ၂၀၁၅ မှာ ဖီဖာဥက္ကဋ္ဌဝင်အရွေးခံဖို့ ပြင်ဆင်မှုကိုကြည့်လိုက်ရင်
ရှန်ပိန် ဟာ မဟာဗျူဟာမြောက်ပြင်ဆင်ပြီးမှ ၀င်ရောက် လာသူဖြစ်တယ်ဆိုတာ ထင်ရှားနေခဲ့ပါ
တယ်။ 'တိုက်ကြီးများအလိုက် ဆက်ဆံမှု မမျှတနေခြင်း ကို ရင်ကြားစေ့ပေးဖို့လိုအပ်နေပြီ'ဆိုတဲ့
စကား ကလည်း သူ့ကိုထောက်ခံလာနိုင်တဲ့စကားတွေ ပဲဖြစ်ပါတယ်။ သူက ဖီဖာမှာ ပြောင်းလဲ
တိုးတက်ခြင်းကို လိုလားသူတွေ လိုအပ်နေတယ်။
ခွဲခြား ဆက်ဆံခြင်းနဲ့ ရေရှည်အကျိုးကို မကြည့်ဘဲ ရေတိုချက်ချင်းအလုပ်ဖြစ်မယ့် အလုပ်တွေကို
ဦးစားပေးလုပ်ဆောင်နေသူတွေ ဘေးဖယ်သင့် ပြီလို့လည်း ပြင်းပြင်းထန်ထန်ဝေဖန်လျက် လည်း
ရှိနေသူဖြစ်ပါတယ်။ ဒီစကားဟာဘလတ္တာကို သိသိသာသာကြီး ထိုးနှက်လိုက် ခြင်းလည်း ဖြစ်ပါ
တယ်။ သူဟာ ဥရောပတိုက် ပေါ်က ပြင်သစ်တစ်ယောက်ကို ယှဉ်ပြိုင်ရမှာ ဖြစ်နေတဲ့အတွက်
လည်း အတားအဆီးဖြစ်လာနိုင်ပါတယ်။ ဘလတ္တာအနေနဲ့ ဒီတစ်ကြိမ်ပြိုင်ပွဲ ဟာ မလွယ်သော
ပြိုင်ပွဲဆိုတာ သေချာနေပါ တယ်။
ဆိုက်ပရပ်စ်နိုင်ငံမှာ ဂရိဆိုက်ပရပ်စ် ဘောလုံးအဖွဲ့ချုပ်နဲ့ တူရကီဆိုက်ပရပ်စ် ဘောလုံးအဖွဲ့ချုပ်
ဆိုပြီး နှစ်ဖွဲ့ကွဲနေတာ ၁၉၅၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒီပြဿနာကို ဘလတ္တာဟာ ဖြေရှင်း
နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီအတိုင်းပစ်ထားခဲ့တာကို ရှန်ပိန် ဟာ ၀င်ရောက်စည်းရုံးဖျန်ဖြေ ပေးလိုက်နိုင်
ပါတယ်။ ဒါဟာဥရောပတိုက်ပေါ်မှာ ရှန်ပိန်ရဲ့အောင်မြင်မှုကြီး ဖြစ်လာခဲ့ပါတယ်။
ပြီးတော့ အင်္ဂလန်ရဲ့ ဘလတ္တာအပေါ် မကျေလည်မှုက လည်း ဒီတစ်ကြိမ်မှာတော့ အင်္ဂလန်နဲ့
အင်္ဂလန်ရဲ့ မဟာ မိတ် ဘောလုံးအဖွဲ့ ချုပ် နိုင်ငံတွေရဲ့ ထောက်ခံမှုဟာ ရှန်ပိန် ဘက်မှာ ရှိလာ
မှာက သေချာနေပါတယ်။ ပြင်သစ်လူမျိုး ပလာ တီနီ ဥရောပဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ အရွေးခံ
တုန်းက အရှေ့ဥရောပ ရဲ့ အားတွေကို ရယူနိုင်ခဲ့သလိုမျိုးပဲ ရှန်ပိန်ဟာ ဖီဖာဥက္ကဋ္ဌအရွေးခံဖို့
အတွက် ပြင်ဆင်မှုမှာ စနစ်တကျရှိနေတယ်ဆိုတာ သိသာနေခဲ့ပါ တယ်။
ဘလတ္တာအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြိုင်မယ့်သူမရှိဘူးလို့ တွက်ဆထားပြီး ရှန်ပိန် ဟာ
အခုလိုဝင်လာမယ်လို့ မျှော်လင့်ထားပုံမရ ပါဘူး။ အခုတော့ သူ့အနေနဲ့ ဖုတ်ပူမီးတိုက်ပြင်ဆင်
မှုတွေ လုပ်ရတော့မယ့် အချိန်မျိုးဖြစ် လာခဲ့ပြီဖြစ်ပါတယ်။ ရှန်ပိန်အနေနဲ့ စိုးရိမ်စရာ ရှိတာက
ဘောလုံးအဖွဲ့ချုပ်တွေအပေါ်မှာ ပျားရည်နဲ့ ၀မ်းချခဲ့ဖူးတဲ့အရိပ်တွေ စိုးမိုးထား ခြင်းပဲဖြစ်ပါတယ်။
မဲပေးရမယ့် ၂၀၉ နိုင်ငံက ဥက္ကဋ္ဌတွေ အူကြောင်ကြောင်မဖြစ်ဖို့ပဲ အရေးကြီး နေပါတယ်။ ကမ္ဘာ့
ဖလား ပြိုင်ပွဲတွေ ကို တိုက်ကြီးများအလိုက် ခွဲတမ်းချကျင်းပခွင့် ပြုခြင်းဆိုတဲ့ဘလတ္တာရဲ့ အစီ
အစဉ်ဟာ ၂၀၀၂ တောင်ကိုရီးယားဪဂျပန် ပြိုင်ပွဲမှာ ကြီးမားတဲ့ ပြဿနာမရှိခဲ့ပေမယ့် ၂၀၁၀
တောင်အာဖရိက ကမ္ဘာ့ဖလားပွဲ၊ မကြာမီမှာကျင်းပမယ့် ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားပွဲတွေက
ဘလတ္တာကို မှေးမှိန်စေသလို ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲ ကို ဆောင်းရာသီမှာ ပြောင်းလဲကျင်း
ပရတော့ မလိုလို ဖြစ်နေခြင်းကလည်း လာမယ့်ဖီဖာ ရွေးကောက်ပွဲမှာ ဘလတ္တာကို ရွေးနိုင်ဖို့
အတွက် လက်တွန့်စေမယ့် အကြောင်းအရာတွေပဲဖြစ် ပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလားအိမ်ရှင်ရွေးတုန်း ကလည်း အငြင်းပွားစရာတွေ ပေါ်ပေါက်ခဲ့ခြင်း ဟာလည်း
ပြန်ပြီးသတိရစရာ ဖြစ်လာစေခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ရွေးချယ်မှုမှာ လာဘ်ထိုးမှုတွေ
ပေါ်ပေါက်ခြင်းဟာလည်း သူ့ကိုစိတ်ဝင်စားမှု လျော့ကျလာစေနိုင်တဲ့ အဖြစ်အပျက်တွေပဲဖြစ်ပါ
တယ်။
ဘလတ္တာ ဦးဆောင်နေတဲ့ ဖီဖာကို ပြောင်းလဲချင်တယ် ဆိုရင်တော့ ၂၀၉ နိုင်ငံက မဲပေးမယ့်
ဥက္ကဋ္ဌ တွေဟာ အူကြောင်ကြောင်မနိုင်ဖို့ပဲ လိုအပ် နေပါတယ်။ အဲဒီဥက္ကဋ္ဌတွေဟာလည်း
ဘလတ္တာလောင်းရိပ်မိထားကြသူတွေဖြစ် နေပါတယ်။ ၂၀၉ နိုင်ငံက ဘောလုံးအဖွဲ့ ချုပ်တွေကို
ဘလတ္တာ ဘယ်လိုမြှူဆွယ် စည်းရုံး မလဲဆိုတာကိုပဲ စောင့်ကြည့်ရမယ့် ကာလကို ရောက်ရှိ
လာနေ ပါတယ်။
Rebalance the game for the 21st Century ကို သွားဖို့ အချိန်တန် ပြီဆိုရင်တော့ ရှန်ပိန်
ကို မဲပေး ရုံကလွဲပြီး တခြား မရှိတော့ပါလို့ပဲ ဆိုလိုက်ချင်ပါရဲ့...။















