မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်
မည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ လတွင်
ကျင်းပပြုလုပ်မည့် (၁၇)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် စခန်းသွင်းပဏာမလူရွေးပြိုင်
ပွဲကို လာမည့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ အောင်ဆန်း အားကစား
ပြိုင်ဝင်း၊ အလေးမ လေ့ကျင့်ရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါလူရွေးချယ်ပွဲတွင် ၀င်ရောက် ယှဉ် ပြိုင်လိုသူ အလေးမအားကစားသမားများအနေ ဖြင့်
အမည်၊ မွေးသက္ကရာဇ်၊ ကိုယ်အလေးချိန် အတန်း၊ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတို့ကို ဖော်ပြကာ
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် နောက်ဆုံးထား၍ မြန်မာနိုင်ငံအလေးမ အဖွဲ့ချုပ်သို့ အမည်စာရင်း
ပေးသွင်းနိုင် ကြောင်းသိရသည်။
"ဒီလူရွေးပွဲမှာ လာအရွေးခံတဲ့ ကစားသမား တွေထဲကအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ စံချိန်
စံညွှန်းနဲ့ညီတဲ့ ကစားသမားတွေကို စိစစ်ရွေးချယ်သွားမှာပါ။ စခန်းသွင်းလေ့ကျင့်ဖို့ အတွက်
လူဦးရေကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး။ အရည်အချင်းရှိတဲ့သူအားလုံးကို ရွေးချယ်
သွားမှာပါ။ ဒီလူရွေးပွဲမှာ မနှစ်က လက်ရွေးစင်ဟောင်းတွေကိုလည်း ပြန်လည်စိစစ် ရွေးချယ်
သွားမှာပါ။ အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ မျိုးဆက်သစ်လူငယ်ကစားသမားတွေကို
ပေါင်းစပ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားပါတယ်"ဟု
မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ဆွေက မြန်မာတိုင်း(မ်)ကို
ပြောသည်။
စခန်းသွင်း ရွေးချယ်ရာတွင် အပြည်ပြည် ဆိုင်ရာအဆင့်၊ ပထမတန်းအဆင့်၊ ဒုတိယတန်းအဆင့်
ဟူ၍ ခွဲခြားရွေးချယ် စခန်းသွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။














