လာမည့် ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၂၈)ကြိမ်
မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာဘိုးလင်း
အသင်းသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
အဆိုပါ (၂၈)ကြိမ်မြောက် ဆီးဂိမ်းအတွက် ပဏာမလက်ရွေးစင်ရွေးချယ်ပွဲကို ပြီးခဲ့သည့်ဖေဖော်
၀ါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ အေးရှားပွိုင့်ဘိုးလင်း စင်တာတွင်
ကျင်းပပြုလုပ်ခဲ့ပြီး အလွတ်တန်း ပြိုင်ပွဲနှင့် အပျော်တန်းပြိုင်ပွဲအမျိုးအစားများ ကို ထည့်သွင်း
ကျင်းပပြုလုပ်ခဲ့သည်။
အလွတ်တန်းပြိုင်ပွဲမှ အမျိုးသား ၁၂ ဦးနှင့် အရန်တစ်ဦး၊ အမျိုးသမီး ၁၂ ဦးနှင့် အရန်တစ်ဦး
ရွေးချယ်ကာ နေပြည်တော်(ရွှေ) အားကစားလေ့ကျင့်ရေး စခန်းတွင် မတ်လမှစတင်၍ စခန်း
သွင်းလေ့ကျင့် သွားမည်ဖြစ်ကြောင်းသိရသည်။
အပျော်တန်း ပြိုင်ပွဲမှ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ရှစ်ဦးကို ရွေးချယ်၍ ရန်ကုန်မြို့တွင်
အရန် အားကစားစခန်းအဖြစ် ရန်ကုန်မြို့တွင် လေ့ကျင့် ပေးလျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၃
ခုနှစ်၊ ဒီဇင်ဘာလက မြန်မာ နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဘိုးလင်းအားကစားနည်းကို ထည့်သွင်းကျင်းပပြုလုပ်
ခဲ့ခြင်းမရှိ၍ မြန်မာဘိုးလင်း အသင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရရှိခဲ့ဘဲ လာမည့်စင်ကာပူဆီးဂိမ်းပြိုင်ပွဲ
တွင် ၀င်ရောက် ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိရန်အတွက် အကြိုပြင်ဆင်မှုများ ပြုလုပ်လျက်
ရှိသည်။
ဘိုးလင်းအားကစားနည်းတွင် တစ်ဦးချင်း ပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲ ပြိုင်ပွဲ၊
လေးယောက်နှင့်အထက် အသင်းလိုက် ပြိုင်ပွဲ၊ မာစတာဂိမ်းပြိုင်ပွဲအစရှိသော ပြိုင်ပွဲ အမျိုးအစား
ငါးမျိုးရှိပြီး မြန်မာနိုင်ငံဘိုးလင်း အဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစားအားလုံး တွင် ပါ၀င်နိုင်ရန်ပြင်
ဆင်လျက်ရှိကြောင်း သိရသည်။

"ပြီးခဲ့တဲ့ အိမ်ရှင်ဆီးဂိမ်းမှာ မပါဖြစ်ခဲ့တာ က ကျွန်တော်ဘိုးလင်းအဖွဲ့ချုပ်အနေနဲ့ ရွှေတံဆိပ်
ကျိန်းသေရမယ်လို့ အာမမခံနိုင်ခဲ့ ဘူး။ အားကစားဝန်ကြီးဌာနဘက်ကလည်း ရွှေတံဆိပ်ရဖို့
မကျိန်းသေတဲ့ အားကစားနည်း ဖြစ်တာကြောင့် ထည့်သွင်းမကျင်းပခဲ့တာလို့ ထင်ပါတယ်။
လာမယ့် စင်ကာပူဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ပြည်ပခရီးစဉ်တွေသွားရောက်ဖို့နဲ့
နိုင်ငံခြားသားနည်းပြ ငှားရမ်းတဲ့အပိုင်းမှာ အားကစားဝန်ကြီးဌာနက တစ်ဖက်တစ်လမ်းက
ကူညီပေးသွားမယ်လို့ သိရပါတယ်။
ဆီးဂိမ်းမတိုင်မီ ကိုရီးယား နိုင်ငံသား နည်းပြတစ်ဦးကို ငှားရမ်းဖို့ စီစဉ်ထားပါတယ်။ လက်ရှိစခန်း
သွင်းထားတဲ့ ဘိုးလင်း အားကစားသမားတွေကို အဖွဲ့ချုပ်ကပဲ ထောက်ပံ့ပေးနေပါတယ်။ အရည်
အချင်းရှိတဲ့ ကစားသမားတွေကို ဘိုးလင်းဖိနပ်၊ ဘိုးလင်း ဘောလုံးတွေကို ပေးထားပါတယ်။
အားကစား သမားတိုင်းကို မပေးနိုင်ဘူးဆိုတာက ကျွန်တော် တို့ ဘိုးလင်းအားကစားနည်းက
အားကစား ပစ္စည်းတွေ အရမ်းဈေးကြီးပါတယ်။ ဘောလုံး တစ်လုံးကို ကျပ်နှစ်သိန်းလောက်တန်
ပါတယ်။ ဘိုးလင်းကစားတဲ့ ဖိနပ်ဆိုရင်လည်း အမေရိကန် ဒေါ်လာ ၃၅၀ လောက်ရှိပါတယ်။
ဒါကြောင့် ကစားသမားတိုင်းကို မထောက်ပံ့နိုင်ပါဘူး။ တကယ့်အရည်အချင်းရှိတဲ့ ကစားသမားတွေကိုတော့ မြန်မာနိုင်ငံဘိုးလင်းအဖွဲ့ချုပ်က ထောက်ပံ့ပေးသွားမှာပါ"ဟု မြန်မာနိုင်ငံ
ဘိုလင်း အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
လက်ရှိတွင် ပြည်တွင်းနည်းပြများနှင့်အပျော်တန်းအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဆီးဂိမ်းအတွက်
အရန်အသင်းအနေဖြင့်ရန်ကုန်တွင် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိသလို နေပြည်တော်တွင်လည်း
ပဏာမ လက်ရွေးစင်အသင်းကို စခန်းသွင်းလေ့ကျင့် ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဘိုးလင်း အဖွဲ့ချုပ်အနေဖြင့် ပဏာမလက်ရွေးစင်အားကစားသမားများ နိုင်ငံတကာ
ပြိုင်ပွဲအတွေ့အကြံုရရှိစေရန် ရည်ရွယ်၍ နိုင်ငံတကာ ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်
အတွက်လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် ဘိုးလင်းအသင်းအနေဖြင့် လာမယ့်စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူ၊
မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း နိုင်ငံများကို အဓိကယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းသိရသည်။
"မြန်မာကစားသမားတွေအနေနဲ့ အသင်းလိုက်ပြိုင်ပွဲအမျိုးအစားမှာ ရွှေတံဆိပ်ဆု ရယူ နိုင်မယ်လို့
မျှော်မှန်းထားပါတယ်။ မြန်မာ ကစားသမားတွေရဲ့ စံချိန်တွေတိုးတက်လာအောင် နိုင်ငံခြားသား
နည်းပြ ငှားရမ်းရပါမယ်။ မြန်မာ့ပဏာမလက်ရွေးစင် ဘိုလင်းအသင်းမှာ နိုင်ငံတကာပြိုင်ပွဲအတွေ့
အကြံုရှိတဲ့ ကစားသမားတွေနဲ့ မျိုးဆက်သစ်ကစားသမား တွေကို ပေါင်းစပ်ဖွဲ့စည်းထားသော
အသင်းတစ်သင်းဖြစ်ပါတယ်။ ကစားသမားတွေ နိုင်ငံ တကာပြိုင်ပွဲအတွေ့အကြံုရဖို့ နိုင်ငံတကာ
ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ရပါမယ်။ ပြည်တွင်းမှာလည်း ပြိုင်ပွဲတွေ ကို မကြာခဏကျင်းပပြုလုပ်ပေးသင့်ပါတယ်။နိုင်ငံတကာပြိုင်ပွဲတွေကိုလည်း အိမ်ရှင်အဖြစ် လက်ခံ
ကျင်းပနိုင်ရပါမယ်။ နိုင်ငံတကာပြိုင်ပွဲ တွေကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ်
ဆိုရင်တော့ လက်ရှိဘိုးလင်း အားကစားကွင်းတွေကို ပြန်လည်ပြင်ဆင်ပြီး အဆင်မြှင့်ရပါမယ်။
ဘိုးလင်းအားကစားနည်း က ကုန်ကျစရိတ်အရမ်းများတဲ့ အားကစားနည်း ပါ။ ရုံတွင်းအားကစား
နည်းတစ်ခုဆိုတော့ အချိန်ပြည့်စက်တွေနဲ့ အလုပ်လုပ်ရတဲ့အတွက် အကုန်အကျအရမ်းများပါ
တယ်။ လူတိုင်း တော့ မကစားနိုင်ပါဘူး။ ကစားပြီးတဲ့လူတိုင်း ကလည်း ဒီအားကစားနည်းကို
စိတ်ဝင်စားကြပါတယ်"ဟု ဦးမျိုးအောင်က ပြောသည်။
"ပြီးခဲ့တဲ့(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပ ခွင့်ရခဲ့
ပေမယ့် ဘိုးလင်းအားကစားနည်းကို ထည့်သွင်းမကျင်းပခဲ့ပါဘူး။ မြန်မာဘိုးလင်း အသင်းအနေနဲ့
ဒီလိုနိုင်ငံတကာပြိုင်ပွဲမျိုးမှာ ပါ၀င်ယှဉ်ပြိုင်ခွင့်မရတာကြောင့် ကစားသမား တွေအနေနဲ့ နစ်နာပါ
တယ်။ မြန်မာနိုင်ငံမှာ ဘိုးလင်းအားကစားရုံ အခက်အခဲကြောင့် မထည့်သွင်းခဲ့တာလို့ ထင်ပါတယ်။
လာမယ့် စင်ကာပူဆီးဂိမ်းအတွက် မြန်မာနိုင်ငံ ဘိုးလင်း အဖွဲ့ချုပ်ဥက္ကဋ္ဌက ကစားသမားတွေကို
အကောင်းဆုံးပံ့ပိုးပေးထားပါတယ်။ လာမယ့်စင်ကာပူဆီးဂိမ်းမှာ မြန်မာဘိုးလင်းအသင်းရလဒ်
ကောင်းတစ်ခုရရှိမယ်လို့ မျှော်လင့်ပါ တယ်။ ရလဒ်ကောင်းရအောင်လည်း ကြိုးစား ယှဉ်ပြိုင်သွား
မှာပါ"ဟု မြန်မာ့လက်ရွေးစင် ဘိုးလင်းအားကစားသမား တင့်ဆွေဦးက မြန်မာတိုင်း(မ်)ကို
ပြောသည်။
"ကျွန်တော်တို့ မြန်မာဘိုးလင်းအသင်းအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ စင်ကာပူ၊ မလေးရှား၊
ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေကို အဓိကယှဉ်ပြိုင်ရ ပါတယ်။ သူတို့ရဲ့စံချိန်တွေကို လိုက်မီနိုင်အောင်
ကြိုးစားသွားမှာပါ။ မြန်မာ ကစားသမားတွေနဲ့ နိုင်ငံခြားသားကစားသမားတွေနဲ့ ကွာခြားချက်
ကတော့ သိပ်ကြီးကြီးမားမားမရှိပါဘူး။ မြန်မာ ကစားသမားတွေအတွက် နိုင်ငံခြားသားနည်းပြ
မရှိတာနဲ့ ခေတ်မီအားကစား အထောက်အကူပစ္စည်း အလုံအလောက်မရှိတဲ့အချက်တွေက
နိုင်ငံခြားကစားသမားတွေနဲ့ ယှဉ်ပြိုင်ရာမှာ ခက်ခဲစေပါတယ်။ နောက်ပြီး ဘိုးလင်းအားကစား
သမားတစ်ယောက်မှာ ကိုယ်ပိုင်ဘောလုံး ရှိရ မယ်။
ကျွန်တော်တို့ဆီမှာ အလုံအလောက်မရှိပါဘူး။ နိုင်ငံခြားသားကစားသမားတွေမှာဆိုရင် ကိုယ်ပိုင်
ဘောလုံးနှစ်လုံး၊ သုံးလုံးရှိတယ်။ မြန်မာနိုင်ငံမှာဆိုရင် ကျွန်တော်တို့လိုလက်ရွေးစင်ကစားသမား
ဟောင်းတွေမှာပဲကိုယ်ပိုင်ဘောလုံးရှိတယ်။ ကိုယ်ပိုင်ဘောလုံး ရှိမှ ဘိုးလင်းအားကစားက ပို
အဆင်ပြေနိုင်ပါ တယ်။ နည်းပြပိုင်းမှာဆိုလည်း တကယ့် နိုင်ငံ တကာ အတွေ့အကြံုရှိတဲ့ နည်းပြ
တွေက သင်ကြားပေးနိုင်မှ ကစားသမားတွေရဲ့ အရည်အချင်း တိုးတက်ကောင်းမွန်လာမှာပါ။ အား
ကစားနည်းတိုင်းကို နိုင်ငံတကာက သေချာအားထည့်ပြင်ဆင်နေတာကြောင့် နိုင်ငံတကာနဲ့
ယှဉ်နိုင်အောင် ကိုယ့်ဘက်က လည်း အတတ်နိုင်ဆုံးကြိုးစားပြင်ဆင်သင့် တယ်လို့ ထင်ပါတယ်။
ဒီအချက်တွေ ပြင်ဆင် သွားနိုင်မယ်ဆိုရင် မြန်မာဘိုးလင်းအားကစား သမားတွေလည်း နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရရှိလာမှာပါ။ နောက်ပြီး နွေရာသီမှာ
ဘိုးလင်းအခြေခံသင်တန်းလေးတွေ များများပို့ချပြီးတော့ လေ့ကျင့်ပေးနိုင်မယ် ဆိုရင် မျိုးဆက်သစ်
ကစားသမားတွေကိုလည်း မွေးထုတ်နိုင်ပါလိမ့်မယ်"ဟု ဘိုးလင်း အား ကစားသမား တင့်ဆွေဦးက
ဘိုးလင်းအားကစား နည်းနဲ့ပတ်သက်၍ သူ့အမြင်ကို ပြောကြား ခဲ့သည်။















