အေအက်ဖ်စီဖလားအုပ်စု အဖွင့်ပွဲတွင် ကီလန်တန်ကို ရန်ကုန်ယူနိုက်တက်က ဂိုးပြတ်အနိုင်ရ

အေအက်ဖ်စီဖလားအုပ်စု အဖွင့်ပွဲတွင် ကီလန်တန်ကို ရန်ကုန်ယူနိုက်တက်က ဂိုးပြတ်အနိုင်ရ

အာရှဘောလုံးအဖွဲ့ချုပ် (AFC)က ကြီးမှူးကျင်းပသော ၂၀၁၄ ခုနှစ်  AFC Cup ဘောလုံးပြိုင်ပွဲ၏
အုပ်စု (G) ပွဲစဉ်တစ်ပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းနှင့်
မလေးရှား FA cup ချန်ပီယံ ကီလန်တန်အသင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က
ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၅ဂိုး ၃ဂိုး
ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် အိမ်ရှင် ရန်ကုန်ယူနိုက်တက် အသင်းသည် အီမာဆင်၊ ဆီဇာ၊ ကျော်ကိုကို၊
ဒေးဗစ်ဒန်း အစ ရှိသောအသင်း၏ အမာခံကစားသမားများဖြင့် ဧည့်သည် ကီလန်တန်အသင်းကို
ရင်ဆိုင်ခဲ့သည်။

ရန်ကုန်ယူ နိုက်တက်အသင်းသည် ဘရာဇီးတိုက်စစ်အတွဲဖြစ်သော အီမာဆင်နှင့် ဆီဇာတို့သည်
အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားခဲ့သကဲ့သို့ တိုက်စစ်မှူးကျော်ကိုကို ကလည်း သုံးဂိုး
သွင်းယူပေး နိုင်ခဲ့သည်။

ကျော်ကိုကိုသည် အေအက်ဖ်စီဖလား ပြိုင်ပွဲသက်တမ်းတစ်လျောက် တစ်ပွဲတည်း၌ သုံးဂိုးသွင်းယူ
နိုင်ခဲ့သော မြန်မာနိုင်ငံသား ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ကီလန်တန်အသင်းကို အကောင်းဆုံးဖိအားပေး
ကစား နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ကစားသမားအချင်းချင်း နားလည်မှု လွဲနေခဲ့ခြင်းကြောင့်
ရသင့်သော ဂိုးအချို့ လွဲချော်ခဲ့ရသည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို အီမာဆင်က ပွဲချိန် (၇)မိနစ်တွင် သွင်းယူပေး
ခဲ့ပြီး ဒုတိယ ဦးဆောင်ဂိုးကို တိုက်စစ်မှူး ကျော်ကိုကိုက ပွဲချိန် ၂၇ မိနစ်တွင် သွင်းယူပေးခဲ့ပြီး
ပထမပိုင်းပြီးခါနီး အချိန်တွင် အီမာဆင်က အသင်းအတွက် တတိယ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့
သည်။

ဒုတိယပိုင်းတွင် ကီလန်တန်အသင်း၏ ကစားပုံပြန်လည် ကောင်းမွန်လာပြီး ချေပဂိုးများ သွင်းယူနိုင်
ခဲ့သည်။

ပွဲချိန် ၄၆မိနစ်တွင် ဘင်ဇာကာရီက သွင်းယူပေးခဲ့ပြီး ကျန်ချေပဂိုး ၂ ဂိုးကို ကီလန်တန်အသင်း
ခေါင်းဆောင် ရက်ဒ်ဇီက ပွဲချိန် ၃၆မိနစ်နှင့် ၉၂မိနစ်တွင် သွင်းယူပေးခဲ့သည်။

"ဒီရလဒ်အတွက် ကျေနပ်အားရပေမယ့် အားနည်းချက်တွေ ရှိခဲ့တာကြောင့် အပြည့်အဝတော့
မပျော်နိုင်ပါဘူး။ နောက်ပွဲတွေမှာ ဒီအားနည်းချက်တွေကို ပြင်ဆင်သွားပါမယ်။ ပွဲဦးထွက် ပွဲစဉ်မှာ
အနိုင်ရခဲ့တဲ့အတွက် ကျေနပ်ပါတယ်"ဟု ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြချုပ် အဲရစ်ဝီလျှံက
ပြောသည်။

"ဒီပွဲကို ဂိုးပြတ်ရှုံးနှိမ့်ခဲ့မယ်လို့ မထင်ခဲ့ပါဘူး။ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးတွေက
ဒီပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းမှာ နိုင်ငံခြားသားကစားသမား
(၄)ဦးအထိ ပါ၀င်ခဲ့ပေမယ့် ကျွန်တော်တို့အသင်းမှာတော့ နိုင်ငံခြားသားကစားသမား (၁)ဦးသာ
ပါ၀င်ခဲ့ပါတယ်။ ဒီနေ့ ပွဲမှာနှစ်သင်းစလုံးရဲ့ ကစားသမားအရည်အသွေးတွေဟာ တကယ်ကိုကွာခြား
နေပါတယ်။ ရန်ကုန်ယူ နိုက်တက်အသင်းရဲ့ ကစားပုံကို ချီးကျူးပါတယ်"ဟု ကီလန်တန် နည်းပြ
ဒါဘီစတီဖင်ဒေးဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။



ဖတ်ရှုမှုအများဆုံး