ရတနာပုံအသင်း အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေ

ရတနာပုံအသင်း အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေ

၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၆)ပွဲစဉ်များကို ပြီးခဲ့သည့် မတ်လ ရ၊ ၈၊ ၉ ရက် များတွင်
ကျင်းပပြုလုပ်ခဲ့ရာ ရတနာပုံအသင်း က မကွေးအသင်းကို အိမ်ကွင်း ဗထူး၌ တစ်ဂိုးဪ ဂိုးမရှိ
ဖြင့်အနိုင်ယူပြီး အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

ရတနာပုံအသင်းသည် ယခုနှစ်ရာသီတွင် တိုက်စစ်မှူးဖွန်ဆီကာ၏ ခြေစွမ်းပြဂိုးသွင်းမှုများ နှင့်အတူ
ရလဒ်ကောင်းများရရှိကာ ဆက်တိုက် ရရှိကာအမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။

မတ်လ ၈ ရက်နေ့က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသော နေပြည်တော်အသင်း နှင့်
ဧရာဝတီယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် နေပြည်တော်အသင်းက တစ်ဂိုးဪဂိုးမရှိဖြင့်
အနိုင်ရရှိကာ အမှတ်ပေးဇယား၏ ဒုတိယနေရာ တွင်ဆက် လက်ရပ်တည်နိုင်ခဲ့သည်။

ဇေယျာ ရွှေမြေအသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်း တို့၏ ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီဖြင့်
သရေကျ ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်၏ အသင်းကြီး တစ်သင်းဖြစ်သော ရန်ကုန်ယူနိုက်
တက်အသင်း နှင့် ဇယားအောက်ခြေမှ GFA အသင်းတို့၏ ပွဲစဉ်သည် ဂိုးမရှိသရေရလဒ်ဖြင့်
သာ ပြီးဆုံးခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အိမ်ကွင်း YUSC ၌ အသင်း၏ အမာခံကစား သမားများဖြစ်
သော ကျော်ကိုကို၊ ဆီဇာ၊အီမာဆင် တို့နှင့် GFA အသင်းကို အနိုင်ရရန် ကြိုးပမ်း ခဲ့သော်လည်း
ဂိုးသွင်းယူနိုင်ခြင်းမရှိပဲ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တန်းတက် ချင်းယူနိုက်တက်
အသင်းသည် ဆောက်သမ်း မြန်မာအသင်းကို သုဝဏ္ဏကွင်းတွင် လေးဂိုးဪ ဂိုးမရှိဖြင့် ဂိုးပြတ်
အနိုင်ရရှိခဲ့သည်။

ကမ္ဘောဇ နှင့် မနောမြေတို့၏ ပွဲစဉ်တွင် ကမ္ဘောဇက တစ်ဂိုးဪဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၆) အပြီးတွင် ရတနာပုံအသင်းသည် ရှုံးပွဲမရှိစံချိန် ဖြင့်
ရမှတ် ၁၆ မှတ်ရယူကာ အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ ဒုတိယနေရာမှ နေပြည်တော်
အသင်းသည် ရမှတ် ၁၅ မှတ်ရရှိထားပြီး တတိယနေရာမှ ဇေယျာရွှေမြေအသင်းသည် ရမှတ် ၁၃
မှတ်ရရှိထားသည်။

လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ရမှတ် ၁၁ မှတ်ဖြင့် စတုတ္ထနေရာတွင် ရပ်တည်
နေသည်။ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား အောက်ခြေတွင် ဧရာဝတီယူနိုက်တက်အသင်း
နှင့် GFA အသင်းတို့က ရပ်တည်နေပြီး ဧရာဝတီ ယူနိုက်တက်အသင်းက ရမှတ် လေးမှတ်ရရှိထား
ကာ GFA အသင်းသည် ရမှတ် တစ်မှတ်သာရရှိထားသည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၄ ပြိုင်ပွဲ၏ပွဲစဉ် (၇)ကို လာမည့် မတ်လ ၁၅၊ ၁၆ ရက်များတွင် ဆက်
လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးကမ္ဘောဇအသင်းနှင့် ဇွဲကပင်အသင်း၊ ရတနာပုံ အသင်းနှင့်
ဆောက်သမ်းမြန်မာအသင်း၊ နေပြည်တော်အသင်းနှင့် ဇေယျာရွှေမြေအသင်း၊ မကွေးအသင်းနှင့်
ရန်ကုန်ယူနိုက်တက်အသင်း၊ ဧရာဝတီအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ မနောမြေအသင်းနှင့်
GFA အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး