လိဂ်တစ်ခု ဘယ်အသင်းတွေ ချန်ပီယံဖြစ်နိုင်မလဲ ဆိုတဲ့မေးခွန်းက ထပ်ကာတလဲလဲ အမေးခံရ
တဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အသင်းတွေ တန်းဆင်းရမလဲဆိုတဲ့ မေးခွန်းကိုတော့ မေး
တဲ့သူ အတော့်ကို နည်းပါးနေခဲ့ပါတယ်။တကယ်တော့ ဘယ်အသင်းတန်းဆင်းရမလဲ ဆိုတာက
လည်း စိတ်ဝင်စားစရာတစ်ခုပဲ ဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ်လိဂ်တစ်ခုမှာ အသင်း တိုင်းဟာ စီးပွားရေးအကျိုးအမြတ်အတွက်အရေးပါနေ
ခဲ့တာပါ။ အထူးသဖြင့် အသင်းငယ် တွေဟာ တန်းမဆင်းရဖို့အတွက်၊ တင်ကျန် နေရစ်ဖို့အတွက်
အရမ်းကိုအရေးကြီးပါတယ်။ တန်းမဆင်းရရင် အသင်းဟာအကျိုးအမြတ် တစ်စုံတစ်ရာရသွားနိုင်
သလို တန်းဆင်းသွား ရရင် အသင်းဟာ အကြွေးနွံထဲမှာ နစ်မြော သွားမှာဖြစ်လို့ တန်းမဆင်းရ
ရေးဟာလည်း ချန်ပီယံဖြစ်မယ့်အသင်းတွေထက်တောင် ပိုပြီးအရေးကြီးနေခဲ့ပါတယ်။
နမူနာအနေနဲ့ မနှစ်က ပရီမီယာလိဂ်ကနေ တန်းဆင်းသွားရတဲ့ အဲအေးရှားပိုင်ရှင် မလေးရှားစီးပွား
ရေး လုပ်ငန်းရှင် တိုနီဖာနန်ဒက်ရဲ့ ကျူပီအာရ် အသင်းဟာ ဒီနှစ်မှာ ပေါင်သန်းပေါင်းများစွာ အရှုံး
ပေါ်သွားတာက ပရီမီယာလိဂ်မှာ တင်ကျန်ခြင်း၊ မတင်ကျန်ဘဲ တန်းဆင်း ရခြင်းတို့ရဲ့ ကွားပြားခြား
နားမှုတစ်ခုပဲဖြစ်ပါ တယ်။
တန်းဆင်းသွားရရင် အရှုံးပေါ် အခက်တွေ့နိုင်တယ်ဆိုတာကို တိုနီဖာနန်ဒက်ဇ်ဟာကြိုတင်
သိထားပြီးသားပါ။ ဒါကြောင့်လည်း မနှစ်က ဒုတိယရာသီဝက်မှာ ကျူပီအာရ် တန်းမဆင်းရဖို့
အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘဲ နောက်ဆုံးမှာ ကျူပီအာရ်ဟာ
တန်းဆင်းသွားရပြီး အခုတော့ ပေါင်းသန်းပေါင်းများစွာ အရှုံးပေါ်ခြင်းနဲ့ ကြံုတွေ့သွားတာပဲ
ဖြစ်ပါတယ်။
အခုလည်း ပရီမီယာလိဂ်မှာ ချန်ပီယံဖြစ်ချင်တဲ့အသင်း တွေလိုပဲတန်းမဆင်းရဖို့အတွက် ကြိုးပမ်း
ရုန်းကန်နေရတဲ့အသင်းတွေက အနည်းဆုံး ငါးသင်းအထိ ရှိနေပြီဖြစ်ပါတယ်။ တန်းဆင်းရရင်
များစွာသော ငွေကြေးဆုံးရှုံး မှု ပေါ်လာနိုင်တဲ့အတွက် အသင်းပိုင်ရှင်တွေ ဟာလည်း ရင်ခုန်စွာနဲ့
နည်းပြတွေပြောင်းလဲ၊ ကစားသမားတွေဖြည့်တင်း စတဲ့စီမံမှုတွေ လုပ်ရင်း ပရီမီယာလိဂ်
၂၀၁၃-၁၄ ရာသီကိုဖြတ်သန်းလျက်ရှိနေခဲ့ကြပါတယ်။ လောလောဆယ် ပွဲစဉ်(၂၉)ကစားအပြီး
မှာတော့ ဖူလ်ဟမ်၊ ဆန်းဒါးလန်း၊ ကာဒစ်ဖ်တို့ဟာ တန်း ဆင်းဇုန်ထဲကို ရောက်နေကြပြီး ရုန်းထွက်
ဖို့ ကြိုးစားနေခဲ့ ကြပါတယ်။
ဒီသုံးသင်းဟာ တင်ကျန်ရစ်နိုင်ပါ့မလား၊ ဖူလ်ဟမ်က ရမှတ် ၂၁ မှတ်၊ ဆန်းဒါးလန်း က ၂၄ မှတ်၊
ကာဒစ်ဖ်က ၂၅ မှတ်နဲ့ တန်းဆင်း ဇုန်ထဲမှာ ရှိနေကြတာဖြစ်ပါတယ်။ ကာဒစ်ဖ်ရဲ့ အထက်မှာ
တန်းဆင်းဇုန်က လွတ်နေတဲ့ ၀က်စ်ဘရွန်းဟာ ကာဒစ်ဖ်နဲ့ ရမှတ်တူ ဂိုးကွာ ခြားချက်နဲ့ ရပ်တည်
နေခဲ့ပါတယ် ၀က်စ်ဘရွန်း ရဲ့အထက်မှာ ခရစ္စတယ်ပဲလေ့စ်က ရမှတ် ၂၇ မှတ်နဲ့ ရှိနေပါတယ်။
ပွဲစဉ် (၂၉)အပြီးမှာ ဒီငါးသင်းဟာ ပရီမီယာလိဂ်မှာ တင်ကျန်ဖို့ အသေအလဲ ရုန်းကန်ကြရတော့
မှာပဲ ဖြစ်ပါ တယ်။ တန်းဆင်းသွားရရင် ငွေကြေး ကမောက် ကမနဲ့ ရုန်းကန်ရမှာဖြစ်လို့ ဒီအသင်း
ငါးသင်းရဲ့ ပိုင်ရှင်တွေ၊ စီမံခန့်ခွဲသူတွေဟာ နည်းပြတွေ ပြောင်းလဲပြီး ပြင်ဆင်ထားခဲ့ကြပါတယ်။
အရင်ဆုံး ဖူလ်ဟမ်ကို ကြည့်လိုက်ရင် ဖူလ်ဟမ်ဟာ သူဌေးကြီး မိုဟာမက် အယ်လ်ဖာ ရက်ဟာ
ဖူလ်ဟမ်ကို ပါကစ္စတန်လူမျိုး အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ရှာဟစ်ခန်ကိုရောင်းပြီး လန်ဒန်ကို
ကျောခိုင်းသွားခဲ့လို့ ဖူလ်ဟမ်ဟာ ပိုင်ရှင်အသစ်နဲ့ ပရီမီယာလိဂ်ကို ဖြတ်သန်းလာတာပါ။
ရှာဟစ်ခန်လက်ထက်မှာ မန်နေဂျာက မာတင်ဂျိုးပါ။ မာတင်ဂျိုး စွမ်းဆောင် ရည်တွေမကောင်းလို့
လက်ထောက်နည်းပြ မူလန်စတင်ကို နည်းပြခန့်ပြီး ဖြတ်သန်းလာပြန် ပါတယ်။ သူလည်း မစွမ်း
ဆောင်နိုင်လို့ ဂျာမန် နည်းပြဖလစ်မာဂတ်ကို ထပ်ခန့်ပြီး တန်းဆင်း ဇုန်ကလွတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ ဖူလ်ဟမ်ဟာ နည်းပြသုံးယောက်သာ ပြောင်း သွားတယ် အသင်းက ထူးခြားမလာခဲ့ပါဘူး။
ဖလစ်မာဂတ်ဟာ အခုဆိုရင် သုံးပွဲကိုင်ထားပြီး တစ်ပွဲသာ သရေကစားထားနိုင်ကာ နှစ်ပွဲရှုံး ထား
ခဲ့ပါတယ်။ ဒီသုံးပွဲမှာ ပေးဂိုးက ခုနစ်ဂိုး၊ သွင်းဂိုးက သုံးဂိုးရှိခဲ့ပါတယ်။ မာဂတ်ဟာ ဖူလ်ဟမ်ကို
ရောက်ရောက်ချင်းပဲ ငါးပွဲအနိုင် ကစားပြီး ဖူလ်ဟမ်ကို တင်ကျန်အောင် ကြိုးပမ်း မယ်လို့ ဆိုထား
ပါတယ်။ အခုအထိတော့ သူဟာ နိုင်ပွဲရအောင် မစွမ်းဆောင်နိုင်သေးပါဘူး။ လက်ကျန်ကိုးပွဲမှာ
မာဂတ်ငါးပွဲနိုင်အောင်ကစားနိုင်ပါ့မလား၊ မနှစ်က ဒီလိုပွဲစဉ်(၂၉)ကစားအပြီးမှာ အဆင့်(၂၀)
ရောက်နေတဲ့ အသင်းက ကျူပီအာရ်အသင်းဖြစ်ပြီး ရမှတ် ၂၃ မှတ်နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။
လက်ရှိဖူလ်ဟမ်က ၂၁ မှတ်ပဲရှိပါတယ်။ ဒီနှိုင်းယှဉ်မှုနဲ့ကြည့်လိုက်ရင်တော့ ဖူလ်ဟမ် ဟာ
ပရီမီယာလိဂ်မှာ တင်ကျန်ဖို့ မဖြစ်နိုင်တော့ ပါဘူး။ မိုဟာမက် အယ်လ်ဖာရက် လက်ထဲ ကနေ
၀ယ်ယူခဲ့တဲ့ ရှာဟစ်ခန်အနေနဲ့တော့ တိုနီဖာနန်ဒက်ဇ်လိုလိဂ်ချန်ပီယံရှစ်တန်းမှာ ရုန်းကန်ရင်း
အကြွေးတင်မှုတွေ လျှော့ချနိုင်ဖို့ပဲ စီမံရတော့မှာ ဖြစ်ပါတယ်။
၂၀၁၁-၁၂ ရာသီ တုန်းကလည်း ဒီလိုပွဲစဉ်(၂၉)အပြီးမှာ အဆင့် (၂၀)နေရာ ရောက်နေတဲ့အသင်း
က ၀ုဖ်ဗာ ဟမ်တန်အသင်းဖြစ်ပါတယ်။ ရမှတ် ၂၂ မှတ်နဲ့ ရပ်တည်နေတာပါ။ နောက်ဆုံးမှာ ၀ုဗ်
ဟာ တန်းဆင်းသွားခဲ့ရပါတယ်။ ဖလစ်မာဂတ် ဘယ်လောက်စွမ်းမလဲဆိုတာ စောင့်ကြည့်ရ
အောင်လား။ ဖူလ်ဟမ် တန်းတင်ကျန်ခဲ့မယ် ဆိုရင်တော့ မာဂတ်ကို ချီးကျူးရတော့မှာပဲ ဖြစ်ပါ
တယ်။ အဆင့်(၁၉)နေရာမှာရှိနေတဲ့ ဆန်းဒါးလန်းရော ဘယ်လိုဖြစ်မလဲ၊ အသင်းပိုင်ရှင်အမေရိ
ကန်စီးပွားရေးလုပ်ငန်းရှင် အဲလစ်ရှော့လည်း ရင်ခုန်နေပါရော့မယ်။ ဒီကာနီယို ဖျက်ဆီးခဲ့တဲ့
အသင်းကို နည်းပြသစ်ပိုယက်စ်ဟာတည်ငြိမ် အောင် မနည်းထိန်းနေရတာ တွေ့ရပါတယ်။
အလားအလာကောင်းတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဆက်ဆင်နွန်၊ မက်ကလင်း၊ မိုဟာ
မက်ဒီ၊ မေယာတို့ကို ရောင်းထုတ်လိုက်ခြင်းဟာ ဆန်းဒါးလန်း အခက်တွေ့ဖို့ ဖြစ်လာတာပဲ
ဖြစ်ပါတယ်။ ဒီကာနီယိုလက်ထက်မှာ လုပ်ခဲ့ တာပါ။ နည်းပြသစ်ပိုယက်စ်က ကက်ပီ တယ်ဝမ်း
ဖလားမှာတော့ ဆန်းဒါးလန်းကို ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ ပါတယ်။
ဒီအချက်ကိုကြည့်ပြီး ဆန်းဒါးလန်း တန်းမဆင်းရနိုင်ဘူးလို့ ပြောလို့မရပါဘူး။ မနှစ်က အက်ဖ်အေ
ဖလားချန်ပီယံ ၀ီဂန်ဟာ တန်းဆင်းသွားခဲ့ရပါတယ်။ ဒါဟာသာဓကပဲ ဖြစ်ပါတယ်။ ဆန်းဒါးလန်း
ဟာ အဆင့်(၁၉) မှာ ရမှတ် ၂၄ မှတ်နဲ့ရပ်တည်နေပါတယ်။ ပွဲစဉ်(၂၉)အပြီးမှာ ဆန်းဒါးလန်းဟာ
၂၆ ပွဲသာ ကစားထားရသေးတဲ့အတွက် ပိုင်ရှင် အဲလစ် ရှော့အတွက် မျှော့်လင့်နိုင်စရာပဲဖြစ်ပါ
တယ်။ ပွဲကျန်က ၁၂ ပွဲတောင်ရှိနေသေးလို့ ဆန်းဒါးလန်းအတွက် အားတက်စရာဖြစ်ပါ တယ်။
ဖူလ်ဟမ်နည်းပြ ဖလစ်မာဂတ်ရဲ့ စကားနဲ့ ပြောရရင်တော့ ဆန်းဒါးလန်း နည်းပြပိုယက်စ်ဟာ ၁၂
ပွဲမှာ ငါးပွဲနိုင်အောင် ကစားနိုင်ရင် ဆန်းဒါးလန်းဟာ တန်းတင် ကျန်ရစ်မှာပဲဖြစ်ပါတယ်။ တင်ကျန်
နိုင်တဲ့ စွမ်းအားတွေ ဆန်းဒါးလန်းမှာ ရှိနေနိုင်ပါတယ်။ တခြားအသင်းတွေထက်စာရင် ပွဲကျန်ပိုများ
နေတာက ဆန်းဒါးလန်းရဲ့ မဟာအခွင့်အရေးပဲ ဖြစ်ပါတယ်။ အက်ဖ်အေဖလားကနေ ထွက် လိုက်
ရတာဟာ ဆန်းဒါးလန်းအတွက် ပရီ မီယာလိဂ်ကိုပိုပြီးအာရုံစိုက်လို့ ကောင်းသွားပြီ ဖြစ်ပါတယ်။
တစ်ခုရှိတာက ဆန်းဒါးလန်းရဲ့ လက်ကျန်ပွဲတွေထဲမှာ ချယ်လ်ဆီး၊ လီဗာပူး၊ မန်စီးတီး၊ စပါး၊ မန်ယူ
တို့နဲ့ အဝေးကွင်းပွဲတွေ ကစားရဖို့ရှိနေသေးတာက ဆန်းဒါးလန်း အတွက် အခက်အခဲပဲဖြစ်ပါတယ်။
အိမ်ကွင်း လက်ကျန်ခြောက်ပွဲမှာ ငါးပွဲအနိုင်ကစားနိုင်ဖို့ ပဲ အရေးကြီးနေပါတယ်။ဆန်းဒါးလန်း
တင်ကျန် သွားနိုင်ပါတယ်။ နောက်တစ်သင်းက တန်းတက်ကာဒစ်ဖ်အသင်းပါ။
အဆင့်(၁၈)မှာ ရမှတ် ၂၅ မှတ်နဲ့ ရပ်တည်နေတာပါ။ နောက်ဆုံးပွဲစဉ်မှာ ဖူလ်ဟမ် ကို ဂိုးပြတ်နဲ့
အနိုင်ရလိုက်ခြင်းဟာ ကာဒစ်ဖ်အတွက် အားသစ်ဖြစ်သွားခဲ့ပါတယ်။ ရာသီအစ ဘွတ်ကီဒိုင်တွေ
ရဲ့ တန်းဆင်းရဖို့ အဆင့် သတ်မှတ်ချက်မှာ ကာဒစ်ဖ်ဟာ မပါခဲ့ပါဘူး။ ဒါပေမဲ့ ပိုင်ရှင်ဖြစ်တဲ့ မလေး
ရှားသူဌေးဗင်းဆင့် တန်ရဲ့ စီမံမှုတွေ အမှားအယွင်းလုပ်ခဲ့လို့ မန်နေဂျာမက်ကေးနဲ့ အဆင်မပြေဖြစ်
ခဲ့ခြင်းက ကာဒစ်ဖ် အခုလိုတန်းဆင်းဇုန်ထဲကို ရောက် လာတာပဲ ဖြစ်ပါတယ်။
နည်းပြသစ်ဆိုးလ်ရှားစ် အတော်လေးရုန်းကန်နေရပါတယ်။ ဆိုးလ်ရှားစ် အနေနဲ့ လက်ကျန်ပွဲတွေ
ထဲမှာ ချယ်လ်ဆီး၊ လီဗာပူးတို့နဲ့ အိမ်ကွင်းပွဲတွေ ကစားရမှာက ဆန်းဒါးလန်းနဲ့ယှဉ်ရင်တော့ တော်
သေးတယ် လို့ ဆိုရမှာဖြစ်ပါတယ်။ အဝေးကွင်း ငါးပွဲမှာ သုံးပွဲလောက် အနိုင်ရခဲ့မယ်ဆိုရင်တော့
ကာဒဖ်စ် ဟာ တန်းတင်ကျန်ခဲ့နိုင်ပါတယ်။ မနှစ်က ပွဲစဉ်(၂၉)မှာ အဆင့်(၁၈)နေရာ ရနေတဲ့ ၀ီဂန်
အသင်းဟာ နောက်ဆုံးမှာ တန်းဆင်းသွား ခဲ့ရပါတယ်။ ဒီလိုမျိုး ရှောင်ရှားနိုင်ဖို့တော့ လာမယ့်
အဲဗာတန်ပွဲမှာ အဆုံးအဖြတ်ပေးလာပါတော့မယ်။ ကာဒစ်ဖ်နဲ့ အမှတ်တူနေတဲ့ ၀က်စ်ဘရွန်း ဟာ
ပွဲကြီးဆိုလို့ အာဆင်နယ်နဲ့ မန်စီးတီး နှစ်သင်းသာ ရှိပါတော့တယ်။ ရုန်းထွက်မယ် ဆိုရင်
ရုန်းထွက်နိုင်စွမ်းရှိနေပါတယ်။
၀က်စ် ဘရွန်းဟာ အခုလိုတန်းဆင်းဇုန်နား ရောက်လာ စေတာဟာ ဘုတ်အဖွဲ့ရဲ့ စီမံပုံအမှား
ကြောင့်ပဲ ဖြစ်ပါတယ်။ စတိဗ်ကလပ်ကိုသာ မထုတ်ပယ် ဘဲ ဒီအတိုင်းထားခဲ့မယ်ဆိုရင် အခုလို
၀က်စ် ဘရွန်းရုန်းကန်ရမှာမဟုတ်ပါဘူး။ အခုနည်းပြ ပီပီမဲလ်ဟာလည်း ၀က်စ်ဘရွန်းကို အကောင်း
ဆုံးစွမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ လာမယ့် အပတ် ဆွမ်ဆီးနဲ့ အဝေးကွင်းပွဲဟာ အဆုံး အဖြတ်
ဖြစ်လာပါတော့မယ်။
၂၀၁၁-၁၂ ဘောလုံးရာသီက အခုလိုမျိုး အဆင့်(၁၇)မှာ ရပ်တည်နေတဲ့ ဘော်လ်တန်ဟာ
နောက်ဆုံးမှာ တန်းဆင်းသွားရခြင်းနဲ့ ကြံုတွေ့သွားခဲ့ပါတယ်။ လာမယ့်ပွဲစဉ်(၃၀)ဟာ ချန်ပီယံဖြစ်
ဖို့အတွက် ထိပ်ဆုံးအသင်းတွေ ကြိုးပမ်းရတော့မှာဖြစ် သလို တန်းဆင်းဇုန်ထဲကအသင်းတွေဟာ
လည်း တန်းမဆင်းရဖို့အတွက် အသေအလဲ ကစားရတော့မယ့်အချိန်ကို ရောက်လာလို့ ဘယ်
အသင်း တန်းဆင်းရမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါရဲ့ ...။















